-နှင်းတောင်ပေါ်က ချစ်ရုံလွှာ-
အံ့ဩစရာပါပဲ...
ဝမ်းနည်းခြင်းနဲ့ ပျော်ရွှင်ခြင်းကို တစ်ပြိုင်နက်ခံစားနေရတဲ့ ကျွန်တော်...
ကိုယ်ပိုင်ဆိုင်ချင်တဲ့အရာကို ကိုယ့်ထက်သာလွန်တဲ့လူဆီ ထည့်ပေးလိုက်ရတဲ့အခါ...
မပိုင်ဆိုင်ရလို့ ဝမ်းနည်းပေမဲ့...
သာလွန်ကောင်းမွန်တဲ့လူဆီမှာ ရှိနေမှာပဲဆိုတဲ့အသိနဲ့ ပျော်ရပါတယ်။
ပူတာအိုမြို့၏ ကက်သလစ် Church...ဘဝမှာ ပထမဆုံး ခရစ်ယာန်မင်္ဂလာဆောင်ကို ရောက်ဖူးတာပင်။ ပြောသာပြောရတာ ဒါက ပထမဆုံးတက်ဖူးတဲ့ မင်္ဂလာပွဲပါပဲ။ တီးလုံးသံငြိမ့်ငြိမ့်လေးက နားထဲကို ကြမ်းကြမ်းတမ်းတမ်းစီး ဆင်းနေတာပေါ့။ နားစည်ကနေ နှလုံးထိအောင် တုန်ခါစေနိုင်တဲ့အစွမ်းက သီချင်းသံကြောင့်ပဲလား၊ ဒါမှမဟုတ် လက်တစ်ကမ်းအကွာမှာ ရပ်နေတဲ့သူကြောင့်ပေလား။
အနောက်မှာရပ်နေတဲ့ ကျွန်တော့်ကို တစ်ချက်လေးတောင် လှည့်မကြည့်တဲ့သူ...
လူနာတွေကို ကုသပေးတဲ့ လက်ချောင်းသွယ်သွယ်လေးတွေကို ရှေ့မှာ ယှက်သန်းထားပုံက တည်ငြိမ်လှတယ်။ သတို့သမီးဝင်လာမဲ့ Church အဝင်ဝကို မျှော်မကြည့်နေတဲ့သူက ကျောင်းခန်းမှာ အနောက်ပေါက်ကနေ အမြဲဝင်လာတတ်တဲ့ ကျွန်တော့်ကိုတော့ လည်ပြန်ကြည့်တတ်ပါတယ်။
ဒါပေမဲ့ ဘာထူးလို့လဲ... ဘယ်လိုပဲ အကြည့်ချင်း ဆုံခဲ့ပါစေ... ဘယ်လိုပဲ လက်တွဲတွေ မြဲခဲ့ပါစေ... အချိန်တန်ရင် လွဲရ... လွှတ်ရစမြဲမလား။ ဆုံခဲ့ရတဲ့အခိုက်အတန့်လေးကတော့ ဘုရားသခင် ကောင်းချီးပေးတဲ့ ကာလတွေပေါ့။ ဘုရားသခင်က သေချာပေါက် သူနဲ့ကျွန်တော် ဆုံဖို့ရာ ဖန်ဆင်းပေးခဲ့ပုံပါပဲ... လမ်းခွဲဖို့အတွက်လည်း ဘုရားသခင် ဖန်ဆင်းပေးခဲ့တာလား။
သေချာပေါက်ကို ဖြစ်စဉ်တစ်ခုလုံးမှာ တရားခံက ဘုရားသခင် မဟုတ်ပါ။ ကျွန်တော်ကိုယ်တိုင်ပင် ဖြစ်ပါလိမ့်မယ်...
ဂါဝန်အဖြူကို ဆင်မြန်းလာတဲ့ မိန်းမငယ်လေးက အထဲကို ဝင်ဝင်ချင်းမှာပဲ ကျွန်တော့်ကို တိတ်တဆိတ် လှမ်းကြည့်တယ်။အတိတ်ကို လည်ပြန်ငေးလိုက်ရင် ဘဝထဲကို ဝင်လာတဲ့လူတွေက မင်းတို့လား...
ကျွန်တော်ကိုယ်တိုင်လား... မသဲကွဲပေမဲ့ ဘဝတစ်လျှောက်လုံး မင်တို့နှစ်ယောက်လုံးကို အောက်မေ့နေမှာပါ...
**********
ကျွန်တော် ကိုးတန်းနှစ်မှာ ကားတစ်စီးပေါ်ထိုင်ပြီး စိတ်တွေကို လွင့်လာခဲ့တယ်။ မျောနေတဲ့ တိမ်တွေက ကျွန်တော့်ဘေးနားမှာ ကခုန်ပြီး လိုက်ပါနေသလိုပဲ။ လက်တကမ်းအလိုမှာရှိနေသည့်ဟန်။
တိမ်တွေဟာ ဘာလို့များ ပေါ့ပါးနေပါလိမ့်။ ကျွန်တော် ငယ်ငယ်က စားဖူးတဲ့ အာတာပူစီမုန့်လေးလိုပဲ။ ဒါပေမဲ့ ကျွန်တော် အခုသွားနေမဲ့နေရာမှာ တိမ်နဲ့တူတဲ့ အာတာပူစီတောင် ရှိမယ်မထင်။
ကျွန်တော်က တိမ်တွေလို လွင့်မျောချင်တာ မဟုတ်ဘူးလေ။ တောင်တွေလို တည်နေချင်တာ။
အခြေကျနေပြီးသားနေရာ၊ ကျွန်တော့်သူငယ်ချင်းတွေရှိတဲ့နေရာ၊ ပါပါးနဲ့ အပြင်ထွက်လည်လို့ သိပ်ကောင်းတဲ့မြို့ကို ဘာအကြောင်းနဲ့ ကျွန်တော်စွန့်ခွာချင်မှာလဲ။ အပူပိုင်းဇုန်မှာ နေပျော်နေတဲ့ ကျွန်တော်က ဆန့်ကျင်ဘက် အအေးပိုင်းဇုန်မှာ နေရတော့မယ်။ ပျော်ရာမှာမနေနဲ့ တော်ရာမှာနေဆိုတာ ဒါမျိုးကို ပြောတာဖြစ်မယ်။
ဒီနေရာက နိုင်ငံခြားသားတွေ အရမ်းကြိုက်တဲ့နေရာတဲ့။ ဘာကြည့်ကြိုက်လဲ မသိဘူး။ ဒီကိုမလာခင်တော့ ကျွန်တော် ပုံတွေရှာကြည့်သေးပါတယ်။ နှင်းလွှမ်းနေတဲ့ပုံတွေက ဥရောပဆန်ပေမဲ့
ကျွန်တော့် စိတ်ထဲမှာတော့ မခွဲခွာနိုင်ခြင်းဟာ လွန်ဆွဲပြီး အဆိုးမြင်စိတ်ကို ကြီးစိုးစေခဲ့တယ်။
နိုင်ငံခြားသားတွေ ဘယ်လောက်ကြိုက်ကြိုက်လေ အမှန်တရားတစ်ခုက ဒီမှာ စူပါမားကတ်တွေ မရှိဘူး၊ ကျွန်တော်စားနေကျ မုန့်ဆိုင်တွေလည်း မရှိသလို၊ ကျွန်တော့်အကြောင်းသိ သူငယ်ချင်းတွေလည်း မရှိပါ။
'ကြိုဆိုပါ၏ပူတာအို' ဟူသော ဆိုင်းဘုတ်ကိုမြင်လိုက်ချိန်တွင် ဘေးနားမှာ လိုက်ပါလာတဲ့ မာမီ့ကို ဖြတ်ခနဲ လှမ်းကြည့်လိုက်မိတယ်။ အေးစက်စက်မျက်နှာနဲ့မာမီက ကိုယ့်သားကို ရပ်ဝေးဒေသမှာ ထားပစ်ခဲ့ဖို့ ဝန်မလေးသလို၊ နောင်တမရဟန်လည်း ဖော်ကျူးနေပါသေးတယ်။ ပူတာအို ရောက်ရောက်ချင်းမှာပဲ ကျောင်းအရင်သွားအပ်ရတယ်။ ကျောင်းအုပ်ကြီးကလည်း တိုင်းရင်းသူ ဖြစ်ပုံပေါ်တယ်။ အသံခပ်ဝဲဝဲနဲ့။ မနက်ဖြန်ကျောင်းစတက်ရမယ်လို့ ပြောတော့ ကျွန်တော် အင်းမလုပ်၊ အဲမလုပ်မိပါ။