Unicode
🍃
ကျွန်တော်တို့ရဲ့မြို့လေးမှာပေါ့ ကော်ဖီဆိုင်သေးသေးလှလှလေး တစ်ဆိုင်ရှိတယ်တဲ့။မြို့ထဲလို့သာဆိုပါတယ် ပြောရရင်နည်းနည်းဝေးတယ်။
မြို့အစွန်ဂျောင်ကလောင်ထဲလို့ပြောလို့ရတာပေါ့။လူတွေကတော့ လမ်းကြားထဲကကော်ဖီဆိုင်လေးလို့ပြောကြတယ်။လူပြောများနေတဲ့ကော်ဖီဆိုင်လေးက Facebookစာမျက်နှာပေါ်ကို ပုံလေးတစ်ပုံတောင် ရောက်မလာခဲ့ပါ။
'ပုံရိုက်ခွင့်လည်းမရှိဘူး'။
Waiter လည်းမရှိဘူးတဲ့။
ကော်ဖီဆိုင်လေးက ဘယ်လောက်များ ဆန်းကျယ်နေသလဲလို့?
မအားပင်မယ့်တစ်ရက်တော့ ကျွန်တော်သွားမယ်ပေါ့...🍃
ဒီနေ့အလုပ်မှာ အဆူခံရတယ်။အထက်က လူက ဖိတော့ အထက်ရဲ့အောက်ကလူက ပြန်ဖိခံရတာကထုံးစံပါပဲ။စိတ်တွေနောက်ကျိနေလို့ ကော်ဖီခါးခါးလေးသောက်ဖို့တွေးမိတဲ့အချိန်မှာ ကျွန်တော်ပထမဆုံးတွေးမိတာကတော့ လမ်းကြားထဲကကော်ဖီဆိုင်လေးကိုပေါ့
ဆိုင်တည်ရှိရာ နေရာက လမ်းကြားထဲကိုဖြတ်ရတာမို့ ဆိုင်ကယ်ဝင်လို့ရပင်မဲ့ တမင် ဆိုင်ကယ်ကိုအပြင်မှာ ရပ်ပြီး လမ်းလျှောက်ဝင်လိုက်တယ်။ပထမဆုံးသတိထားမိတာကတော့ လမ်းကြားထဲကဘေးနံရံတွေမှာ တွဲကျနေတဲ့ လိမ္မော်ရင့်ရောင်ပန်းတွေ။
တွဲလီတွဲလောင်းဖြစ်နေတဲ့ သော်ကပန်းလေးတွေက လိမ္မော်မကြိုက်တဲ့ကျွန်တော့်ကိုတောင် မျက်စိပဒေသဖြစ်စေတယ်။လမ်းကြားလေးကိုကျော်ပြီးတာနဲ့ တိမ်တွေပေါ်ရောက်သွားသလိုပင်။ ဘေးပတ်လည် အကာအရံတစ်ခုမှမရှိပဲ တောင်ကမူပေါ် တွင် ကော်ဖီဆိုင် လို့ပြောကြတဲ့ အဝါနုရောင် အိမ်အသေးစားလေးက တံခါးပေါက်နီနီလေးနဲ့ ရှုမညီး။ပိတ်ထားတဲ့တံခါးပေါ်မှာ ခပ်ရှုပ်ရှုပ်လက်ရေးနဲ့ {OPEN} ဆိုတဲ့ စာလုံးကို ချိတ်ဆွဲထားတယ်။ တံခါးဝင်ပေါက်ဘေးမှာ ချိတ်ဆွွဲထားတဲ့ Cactus သေးသေးလေးတွေက တွဲလောင်းလေး။ဆိုင်ပိုင်ရှင်က တွဲလောင်းကြိုက်ပုံရတယ်လို့ စိတ်ထဲမှတ်ချက်ချမိသည်အထိပါပဲ။
တံခါးဖွင့်ဖွင့်ချင်းကြားလိုက်ရတာကတော့ ခေါင်းလောင်းသံလေးပါ။ တွဲလောင်းချိတ်ထားတဲ့ ခေါင်းလောင်းလေးက တံခါးဘောင်နဲ့ရိုက်ခတ်မိပြီး မြည်တဲ့အသံပင်။တဆက်တည်းမှာ ကြားလိုက်ရတာကတော့ ဆိုင်ထဲကတစ်စုံတစ်ယောက်ရဲ့အသံပေါ့။