မဆုံစည်းနိုင်ခြင်းတွေအကြောင်းပြောရတာသိပ်ကိုမောကျပ်စရာကောင်းပါတယ်။
အဆင်ပြေရဲ့လားလို့မေးတဲ့အခါခေါင်းညှိမ့်ပြရုံကလွဲပြီးဘာမှမတတ်နိုင်ခဲ့ကြဘူးမလား....
နားထောင်ကြည့်ရင်ဒီအကြောင်းတွေပဲပြောပြနေတာဆိုပေမယ့်
ဒဏ်ရာတွေကလည်းအကြောင်းတွေကြောင့်ပဲအပ်ကြောင်းထပ်နေခဲ့တာမဟုတ်လား....
ငိုခဲ့ရပါတယ်၊ယိုခဲ့ရပါတယ်
ပြိုခဲ့ရပါတယ်၊လဲခဲ့ရပါတယ်
ဒီဘဝမှာမနီးနိုင်ကြဘူးဆိုတော့
အရင်ဘဝကတည်းကရေစက်မပါခဲ့လို့မလား
နောင်ဘဝဆိုတာကိုတော့မဖြစ်နိုင်ခြင်းအခြေအနေမှာပဲထားကြတာပေါ့
ပြန်စဥ်းစားကြည့်ရင်
ဘယ်ဒါရိုက်တာကများကျနော်တို့လိုဒုတိယလူတွေကိုမျက်နှာသာပေးဖူးလို့လဲ
ဘယ်နတ်ဘုရားကများကျနော်တို့ဆုတောင်းတွေကိုနားထောင်ပေးကြလို့လဲ
အရာအားလုံးဖြစ်လာနိုင်တဲ့ဒီခေတ်ကြီးထဲမှာ
ကျနော်တို့ကတော့ခြွင်းချက်တွေဖြစ်သွားကြတယ်
Probability နဲ့တွက်ရင်တောင် zero ထွက်ကျလာမယ့်ကျနော်တို့ရဲ့မျှော်လင့်ခြင်းတွေပေါ့
ထားပါတော့
ဒါဟာအကျယ်တဝင့်ရှင်းပြနေစရာတောင်မလိုတော့ပါဘူး
ဘာပဲဖြစ်ဖြစ်ကျနော်တို့ကတော့ရှုံးနိမ့်ခဲ့ကြတာပဲမဟုတ်လား။