Unicode font
ကျွန်မနဲ့သရဲမ (The Ghost And Me)
အပိုင်း (၁)အဖြူရဲ့ဦးထင်
မမသိန်း မုတ်ထုတ်လိုက်တဲ့ ဆပ်ပြာပူဖောင်းလေးတွေကို သဘောကျပြီး လက်နဲ့အပြေးအလွှား လိုက်ဖောက်နေတဲ့အဖြူဟာ ကလေးမဟုတ်တော့တာတော့ အသေအချာပင်။ သိပ်မကြာခင်ကပဲ အင်္ဂလိပ်မေဂျာနဲ့အဝေးသင် ဒုတိယနှစ် စာမေးပွဲဖြေပြီးတဲ့ သူမက အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးပါပြီ။ အခုဆို သင်တန်းတွေတက်ပြီး အလှတွေပြင်ကာ အပျိုကလဲ အင်မတန်လုပ်နေပေမယ့် ကလေးစိတ်က မပျောက်ချင်သေးပေ။
ငယ်ကတည်းက အဖြူကို ထိန်းခဲ့တဲ့မမသိန်းကလဲ သူမရဲ့ချစ်လှစွာသောအဖြူကို မျက်နှာတစ်ချက်အညိုးမခံနိုင်သူ ဖြစ်သည်။ မမသိန်းဟာ အဖြူရဲ့အဒေါ်လို အစ်မလိုချစ်ရသူဖြစ်တဲ့အပြင် အဖြူ ကလေးကတည်းက ကစားချင်တာမှန်သမျှလိုက်ကစားပေးရတဲ့ ဆော့ဖော်ဆော့ဖော်လဲဖြစ်ပါသည်။ အခုလဲ အိမ်ထဲနေရတာပျင်းလို့ ဆပ်ပြာပူဖောင်းဖောက်ချင်တဲ့ အဖြူအတွက် ပူဖောင်းမုတ်တဲ့ တုတ်တံလေးကိုင်ပြီး အပေါ်ကိုမော့ကာ အဆက်မပြတ် မုတ်ပေးနေသည်။
ဒီလိုလုပ်နေတာ မေမေသိရင်ဆူခံရမှာမို့ မေမေအိမ်မှာမရှိချိန်မှ အိမ်ပြင်ထွက်ကာ လမ်းပေါ်မှာဆော့ကြတာဖြစ်သည်။ မြေညီထပ်တိုက်ခန်းမှာနေသောကြောင့် ဆော့စရာဆိုလို့ လမ်းပေါ်ပဲရှိသည်။ အဖြူတို့နေတဲ့လမ်းက လမ်းမကြီးမဟုတ်ပေမယ့်လဲ ကျယ်ပြီးတော့ ကားအသွားအလာလဲ တအားမရှိသောကြောင့် ငယ်ကတည်းက ဒီလိုဆော့နေကျဖြစ်သည်။ အမေက ငယ်တုန်းကဆော့တာကို မတားမြစ်ပေမယ့် အခုလိုအပျိုပေါက်လေးဖြစ်လာချိန်မှာတော့ မသင့်တော်တော့ဘူးဆိုပြီး မဆော့ခိုင်းတော့ပါ။ ဒါပေမယ့် အဖြူနဲ့မမသိန်းကတော့ မေမေမရှိတဲ့အချိန် ဆော့ချင်တဲ့အခါဆော့မြဲပင်။
"မမသိန်း အဆက်မပြတ်မုတ်လေ အများကြီးပဲ အဟေးဟေး"
ဂျင်းဘောင်းဘီတိုနဲ့ တီရှပ်အဖြူပွပွလေး ဝတ်ထားသော ဖြူဖြူသွယ်သွယ်နဲ့ အဖြူပုံစံက အရပ်လဲသိပ်မမြင့်တာမို့ အမှတ်တမဲ့ကြည့်ရင် ကလေးတစ်ယောက်နဲ့တူနေသည်။ ဘယ်ယိမ်းလိုက်၊ ညာယိမ်းလိုက်နဲ့ ပူဖောင်းတွေကို လိုက်ကိုင်ဖောက်ရင်း ပျော်နေတဲ့သူမဟာ နောက်မှာလူတစ်ယာက် ရောက်နေတာကို သတိမထားမိပါ။
YOU ARE READING
2️⃣ ကျွန်မနဲ့သရဲမ [ The ghost and me ]
Romanceခေတ်မတူတဲ့ ဆယ်ကျော်သက် မိန်းကလေးနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ အဖြူရဲ့ဦးထင် နဲ့ ခင်လေးရဲ့ဆရာလေး တို့အကြောင်းကို ဖတ်ပေးကြပါဦးရှင်