Unicode font
ကျွန်မနဲ့သရဲမ (The Ghost And Me)
အပိုင်း (၂)“ဟယ်လို ဦးမြတ်ထင်လား”
“ဟုတ်ကဲ့ မြတ်ထင်ပါ”
“ဦးမြတ်ထင် အမွန် ဆက်တာပါ အဖြူသူငယ်ချင်းလေ ဦးမြတ်ထင်နဲ့အဖြူကြိုက်နေတာကို အဖြူအမေသိသွားပြီ အိမ်ပြန်ရောက်တော့ အဖြူအရိုက်ခံရတယ်ထင်တယ် သူ့ဆီဖုန်းခေါ်တာ မရလို့ သူ့အိမ်သွားလိုက်တာ အဖြူက အခန်းထဲကနေ မထွက်လာဘူး ငိုနေတယ်ထင်တယ် အန်တီက အိမ်ပြင်လဲမထွက်ခိုင်းဘူး သင်တန်းလဲ မတက်ခိုင်းတော့ဘူးတဲ့ မမသိန်းက အမွန်နား တိုးတိုးလေးကပ်ပြောခဲ့တာတာ”
“ဟာ ဒုက္ခပါပဲ အဖြူဆီဖုန်းဆက်ကြည့်ဦးမှ”
မြတ်ထင် အဖြူကိုစိတ်ပူသွားမိသည်။ အခုအချိန်ဆို တစ်ယောက်တည်း ဘယ်လောက်အထိငိုနေမလဲမသိ။ ညမှဖုန်းပြောနေကျဖြစ်သောကြောင့် နေ့လယ်ပိုင်းတွေ့ပြီးပြန်လာကတည်းက ဖုန်းတစ်ခါမှ မဆက်ရသေးပေ။
“ဟာ ဖုန်းလဲအန်တီသိမ်းသွားပြီလေ ဆက်လို့မရတော့ဘူး အမွန် ဦးမြတ်ထင်ကို တစ်ခုမေးချင်တယ်”
“မေးပါ ဘာမေးမလို့လဲ”
“အဖြူကို အဖြူကို ဦးမြတ်ထင်တကယ်ချစ်တာလားဟင်”
“ချစ်တာပေါ့”
“တကယ်ရောလက်ထပ်မှာလား”
“လက်ထပ်မှာပေါ့ ဒါပေမယ့်အခုတော့မဟုတ်သေးဘူး သူအသက်နှစ်ဆယ်ပြည့်ပြီးလောက်မှ”
“ဦးမြတ်ထင် အဖြူကိုတကယ်လက်ထပ်ပါ့မယ် စိတ်ချမ်းသာအောင်ထားပါ့မယ်လို့ကတိပေးမလား”
“ဒါတွေကထွေထွေထူးထူးပြောနေစရာကိုမလိုတာ ကိုယ်လူကြီးတစ်ယောက်အနေနဲ့လေးလေးနက်နက် ကတိပေးတယ် ဒါနဲ့ဘာဖြစ်လို့လဲ အမွန်”
“အမွန်နဲ့ဝေေ၀ အဖြူကို ကူညီပေးမလို့ပါ ဒါပေမယ့် ဦးမြတ်ထင်အကြောင်းကိုလဲ သေသေချာချာမသိတော့ အဖြူကို သနားပေမယ့် မကူညီရဲဘူးဖြစ်နေလို့”
ချင့်ချိန်စဉ်းစားပြီး ပြောနေတဲ့အမွန်ရဲ့လေသံကြောင့် မြတ်ထင်အားတက်သွားရသည်။ ဒီကလေးမလေးတွေဟာ အသက်ငယ်ပေမယ့် မိုက်ရူးရဲမဆန်ပဲ ဆင်ခြင်တွေးတောတတ်ကြတယ်လို့ စိတ်ထဲကနေကြိတ်ပြီး ချီးကျူးမိလိုက်သည်။
“ကိုယ် မဟုတ်တာဘာမှမလုပ်ဘူးအမွန် ကတိပေးတယ် ဒါပေမယ့် အခုတော့ အဖြူကို အရမ်းစိတ်ပူနေတယ် သူနဲ့ အဆက်အသွယ်ရချင်တယ်”
“ဟုတ်ကဲ့ အမွန်တို့တတ်နိုင်သလောက်ကူညီပေးပါ့မယ် ဒါပေမယ့် ဦးမြတ်ထင်လဲကတိတည်ပါစေနော်”
“စိတ်ချပါ”
အမွန်ဖုန်းချလိုက်ပြီး ဝေေ၀ကို မျက်စပစ်လိုက်သည်။ သူတို့နှစ်ယောက်အဖြူအိမ်သို့တက်ညီလက်ညီ ချီတက်လာခဲ့ကြသည်။
“မမသိန်း အဖြူရှိလား”
“ဟယ် နင်တို့နှစ်ယောက်ဘာလာလုပ်တာလဲ အခြေအနေမကောင်းပါဘူးလို့အမွန်ကိုပြောလိုက်ရဲ့သားနဲ့”
မမသိန်းက အမွန်တို့နှစ်ယောက်ကို တံခါးဖွင့်ပေးရင်း အသံတိုးတိုးနဲ့ပြောသည်။ ဧည့်ခန်းထဲတွင်ထိုင်နေသော အဖြူရဲ့မေမေက သူတို့နှစ်ယောက်ကို အကဲခတ်သလိုကြည့်နေသည်။
“ဟိုနေ့သင်တန်းကအပြန်ဝေေ၀ရဲ့စာအုပ် အဖြူငှားသွားလို့အန်တီ အခုစာကြည့်စရာစာအုပ်မရှိလို့ပြန်လာတောင်းတာ”
“အဖြူကအခန်းထဲမှာ အန်တီဆူထားလို့ငိုနေတယ် သမီးတို့လဲသိတယ်မလား အဖြူရည်းစားရှိတာကို”
“သမီးတို့လဲ ဒီနေ့မှသိတာအန်တီ သူရည်းစားထားတာဝေေ၀တို့ကိုမပြောပြဘူး ဒီနေ့အပြင်သွားမှသိတာ အဲ့ဒီလူကြီးက ဒရိုက်ဘာတဲ့အန်တီ ဝေနဲ့အမွန်တားပါသေးတယ် သူ့ကိုဖြတ်လိုက်ဖို့လဲပြောတယ် ပြီးတော့အန်တီကိုပြောချင်ပေမယ့် အဖြူက အန်တီနဲ့တိုင်ပြောရင် သူငယ်ချင်းမလုပ်တော့ဘူး နင်တို့နဲ့အဆက်အသွယ်ဖြတ်မယ်လို့ပြောခဲ့တာ ဒါပေမယ့် အန်တီကို ပြောမှဖြစ်မယ်ဆိုတာ သမီးတို့နားလည်ပါတယ် အခုညနေတောင်ပြောမလို့လုပ်နေတာ အန်တီ အရင်သိသွားလို့”
ဝေေ၀က ခပ်တည်တည်နဲ့ဒေါ်ကေသွယ်ကို ဖြီးဖြန်းလိုက်သည်။ သူမတို့နှစ်ယောက်ပါ အလိုတူအလိုပါတွေဖြစ်ကြောင်း အန်တီသိရင် အိမ်ထဲတောင်ပေးဝင်မည်မဟုတ်ပေ။
“အေးကွယ် အန်တီအသိတစ်ယောက်က ဖုန်းဆက်ပြီးလှမ်းပြောတယ်လေ ပြီးတော့ Viber ကနေလဲ သူတို့ နှစ်ယောက်ပုံကို ပို့ပေးတယ် တော်သေးတာပေါ့ အချိန်မှီသိလို့သာပေါ့ အန်တီကသူ့ကိုယုံကြည်ပြီးလွှတ်ထားမိတာ သူကတော့ အမေယုံကြည်တာကို အလွဲသုံးစားလုပ်ပြီး ရည်းစားတွေထားနေတယ် ပြီးတော့ ထားတဲ့သူကလဲ ကောင်းကောင်းကန်းကန်းဆိုထားပါတော့ ဟင်း တကယ်ပဲ စိတ်ပျက်ဖို့ကောင်းလိုက်တာ”
အဖြူမိခင်က စိတ်ပျက်လက်ပျက်ပြောနေသောကြောင့် ဝေေ၀နဲ့အမွန်တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိလိုက်သည်။ လူကိုယ်တိုင်လာစရာမလိုပဲ ဖုန်းလေးတစ်လုံးနဲ့ အင်တာနက်ဖွင့်ပြီး ဓါတ်ပုံလေးအလွယ်တကူ ရိုက်ပို့ကာ အချွန်နဲ့မ,လို့ရနေတဲ့ခေတ်မှာ အခုအချိန်မှ အဖြူအမေက သမီးရည်းစားထားတာကို သိတာ နောက်ကျတယ်လို့တောင် ပြောရပါဦးမည်။ လူကြီးတွေပါ အင်တာနက်သုံးကျွမ်းနေတဲ့ခေတ်မှာ သူမတို့လဲ ရည်းစားနဲ့ချိန်းတွေ့တဲ့အခါသတိထားမှလို့ ဆင်ခြင်မိသည်။ ပြီးတော့ သူတို့ကူညီရင်ကောင်းပါ့မလားလို့ အသံတိတ်မျက်လုံးအကြည့်တွေနဲ့ တိုင်ပင်လိုက်ကြသည်။ ဦးမြတ်ထင်ကတော့ ကတိပေးထားတာပင်။ ပြီးတော့ အဲ့ဒီလူကြီးကြည့်ရတာလဲ လူကြီးလူကောင်းဆန်ပါလိမ့်မယ်လို့ ထင်ပါသည်။ ဒါထက်ကို သူမတို့သူငယ်ချင်းအဖြူက အဲ့ဒီလူကြီးကိုမှ ဦးထင် ဦးထင်နဲ့ တထင်ထဲထင်ကာ တန်းတန်းစွဲ ကြိုက်နေတာမလား။
“ကဲ ကဲ သမီးတို့လဲစာအုပ်ဝင်ယူပြီးပြန်တော့ နောက်ရက်အဖြူသင်တန်းလိုက်မတက်တော့ဘူးနော်”
ဒေါ်ကေသွယ်က နောက်ရက် အမွန်တို့ကိုမလာစေချင်သောကြောင့် ကြိုပြီးပိတ်ပြောထားလိုက်သည်။
“ဟုတ် အန်တီ အဲ့ဒါဆို သမီး စာအုပ်သွားတောင်းလိုက်ဦးမယ်နော်”
အဖြူတို့သားအမိတိုက်ခန်းလေးက အဖြူငယ်ကတည်းကဝယ်ထားတဲ့အခန်းလေးမို့ အခုခေတ်မီနီကွန်ဒိုလောက်နီးပါးကို ကျယ်ပါသည်။ တိုက်ခန်းထဲ အိမ်ခန်းနှစ်ခန်းပါသည်။ အမေနဲ့မမသိန်းက ကျယ်တဲ့နောက်ခန်းမှာနေကာ အဖြူကတော့ ဧည့်ခန်းနဲ့ကပ်ရက်သိပ်မကျယ်တဲ့ အခန်းမှာ တစ်ယောက်ထဲနေပါသည်။
“အဖြူ တံခါးဖွင့်ဦး ငါတို့စာအုပ်လာယူတာ”
အဖြူ ဧည့်ခန်းထဲပြောနေတာတွေ အားလုံးကြားသားပဲ။ တကယ်ပဲ ဒီနှစ်ကောင်ဘာတွေလာချွန်နေမှန်းကိုမသိပေ။ သူတို့စာအုပ်လဲ မငှားထားပဲ ဖြီးဖြန်းကာ လျှောက်ပြောနေကြသည်။ ပြီးတော့ အဖြူနဲ့ဦးထင်ကို မကောင်းပြောတာမို့ ဒီနှစ်ယောက်ကို အဖြူမတွေ့ချင်ပေမယ့် တခုခုအကြံအစည်ရှိမယ်ထင်လို့ အိပ်ရာပေါ်ကနေထပြီး ဆူဆူအောင့်အောင့်နဲ့ တံခါးထဖွင့်ပေးလိုက်သည်။
“ဘာလာလုပ်တာလဲ နင်တို့နှစ်ယောက်”
ငိုထားလို့ မို့ဖောင်းအစ်ကာ နီရဲနေတဲ့အဖြူမျက်နှာကိုကြည့်ရင်း အမွန်က အသံကျယ်ကျယ်နဲ့ပြောသည်။
“ပြောသားပဲ အဲ့ဒီလူကြီးကိုဖြတ်လိုက်ပါဆိုတာ အခုတော့ဆူခံရပြီမလား”
“ငါ့စာအုပ်ပြန်လာတောင်းတာလေ နင်ငှားထားတာပြန်လဲမပေးပဲ”
ဝေေ၀က အဖြူကုတင်ပေါ်ထိုင်ချလိုက်ပြီး ကုတင်ဘေးက စာကြည့်စားပွဲပေါ်ကစာအုပ်တွေကြားထဲ သူမဆီကမငှားထားတဲ့ စာအုပ်ကို မွှေနှောက်ရှာဖွေနေသည်။ အဖြူက ဒီနှစ်ယောက် တစ်ခုခုကြောင့်ဆိုတာ သေချာရိပ်မိသွားပြီး ဘာမှထပ်မပြောတော့ပဲ အသံတိတ်ဂြိုလ်ပေးနေလိုက်သည်။
အခန်းပေါက်ဝမှာ အဖြူအမေနဲ့မမသိန်းတို့ နှစ်ယောက်စလုံးလာရပ်ကြည့်နေတာမို့ ဝေေ၀က တွေ့ရာစာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်ပြီး။
“သွားတော့မယ် အဖြူ ဒီမှာစာအုပ်ယူသွားပြီ နင်ဟိုလူကြီးဆီ ဖုန်းတစ်ချက်တောင်ဆက်ဖို့စိတ်မကူးနဲ့”
“ဟုတ်တယ် နင်ပြတ်လက်စနဲ့တခါထဲအဆက်အသွယ်ဖြတ်လိုက်တော့ လုံးဝဖုန်းမဆက်နဲ့တော့ ကြားလား”
အမေက ဖုန်းသိမ်းသွားတာကို ဘယ်ကဖုန်းနဲ့ဆက်ရမှာလဲ။ ဖုန်းမဆက်နဲ့လို့နှစ်ယောက်စလုံးက သေချာပြောနေတာကို အဖြူ သတိထားမိသည်။ အဖြူရင်ထဲ ထိတ်ခနဲဝမ်းသားသွားသည်။ ဒါဆို အခန်းထဲမှာ သူတို့ဖုန်းတစ်လုံးထားခဲ့ပြီပေါ့။ ဒါဟာ အဖြူတို့သူငယ်ချင်းသုံးယောက်သာ နားလည်နိုင်မယ့် အချင်းချင်းကြားက ဆက်သွယ်ချက် အထာလေးတွေပင် ဖြစ်သည်။ အဖြူက ခပ်တည်တည်မျက်နှာပေးနဲ့ သူတို့နှစ်ယောက်လုံးကို မျက်စောင်းထိုးရင်း။
“ဖြတ်မှာ သူနဲ့တင်မကဘူး နင်တို့နှစ်ယောက်နဲ့ပါ အဆက်သွယ်ဖြတ်မှာ အကျင့်ပုတ်တွေ နောက်ခါငါ့ဆီမလာကြနဲ့”
ဝေေ၀ရဲ့ကျောကိုတွန်းထုတ်လိုက်ရင်း တံခါးကို ဒုန်းခနဲမြည်အောင် ဆောင့်ပိတ်ကာ တခါထဲလော့ခ်ချလိုက်သည်။ ပြီးတော့ ကုတင်ပေါ်ကို ခုန်တက်လိုက်ပြီး ဖုန်းထားခဲ့သလားလို့ ရှာဖွေလိုက်သည်။ အင်မတန်မြန်သော ဝေေ၀ဟာ အဖြူရဲ့ခေါင်းအုံးအောက်ထဲမှာ ဖုန်းသေးသေးလေးကို ထိုးထည့်ပေးသွားခဲ့သည်။ အဖြူမှတ်မိပါသည်။ ဒီဟန်းဆက် အသေးလေးဟာ အမွန်ရဲ့အရင်ကဖုန်းဟောင်းလေးဆိုတာကို။ ချစ်ဖို့ကောင်းသော သူငယ်ချင်းနှစ်ယောက်ပင်။ ဗီရိုကို အမြန်ဆွဲဖွင့်ကာ အကျီၤတွေအောက်ထဲ ဖုန်းလေးကို သေသေချာချာထိုးထည့်ကာ ဖွက်ထားလိုက်သည်။
“အဖြူ တံခါးဖွင့်စမ်း ခုနက ဝေေ၀နဲ့အမွန် နင့်အခန်းထဲဘာထားသွားလဲ”
အဖြူက စူပုတ်ပုတ်မျက်နှာပေးနဲ့ တံခါးဖွင့်ပေးလိုက်သည်။
“ဘာထားသွားရမှာလဲ သူတို့စာအုပ်လာယူတာအမေလဲမြင်သားပဲကို”
ဒေါ်ကေသွယ်က အဖြူအခန်းထဲကို မသင်္ကာသလိုတစ်ပါတ်ဝေ့ကြည့်လိုက်သေးသည်။
“မဟုတ်တာ တစ်ခုခုလုပ်လို့ကတော့ နင်မလွယ်ဘူးမှတ်”
“ဘာမဟုတ်တာလုပ်လို့လဲ သမီးရည်းစားထားတာအပြစ်လား”
“ဘာ နင့်ကိုအရင်ကတည်းကရည်းစားမထားရဘူးလို့ပြောခဲ့သလား မပြောခဲ့ဘူးလား”
“ပြောခဲ့တယ်လေ ဒါပေမယ့်ဘယ်လိုလုပ်မလဲ အဖြူကချစ်မိသွားတာကို”
“အောင်မာ ဘာချစ်မိတာလဲ ကြီးကြီကျယ်ကျယ်နဲ့နင်ကများ လူကလေးလက်တောက်လောက်နဲ့”
ဒေါ်ကေသွယ်က အဖြူရဲ့ခေါင်းကို ဒေါက်ခနဲမြည်အောင် ခေါက်ပစ်လိုက်သည်။ မနေ့တနေ့ကမှပေါ်လာတဲ့ ချစ်သူအားကိုးနဲ့တစ်ခွန်းမကျန် ပြန်ပြောနေတဲ့သမီးဖြစ်သူကို အတော်ကိုစိတ်ဆိုးနေမိသည်။ သူမရဲ့တစ်ဦးတည်းသော ဒီသမီလေးရဲ့ဘ၀ တစ်ခုခုမှားယွင်းသွားမှာ အလွန်ကိုစိုးရိမ်မိခဲ့ပါသည်။ သူမမရှိတော့ရင် တစ်ယောက်ထဲကျန်ခဲ့မယ့် သမီးလေးကို ချမ်းသာတာ၊ဆင်းရဲတာထက် စိတ်ချရတဲ့သူနဲ့သာ ပေးစားချင်သည်။ အချိန်တန်အရွယ်ရောက်ရင်တော့ အကြောင်းသိတဲ့ လူတစ်ယောက်ယောက်နဲ့လက်ထပ်ပေးဖို့ စိတ်ကူးထားခဲ့သည်။ ဒါပေမယ့်လဲ အခုအချိန်မှာတော့ ချစ်လို့မဝနိုင်သေးတဲ့ သမီးလေးကို ဘယ်သူ့လက်ထဲမှ မထည့်နိုင်သေးပါ။
ခေါင်းကိုပွတ်ရင်း ငိုမဲ့မဲ့ဖြစ်နေတဲ့အဖြူကိုကြည့်ပြီး မမသိန်းက ဒေါ်ကေသွယ်ကို ဝင်ဆွဲလိုက်သည်။ ခုနတုန်းကလဲ ကြိမ်လုံးနဲ့အရိုက်ခံထားရလို့ မမသိန်းမှာ အဖြူကို သနားမဆုံးနိုင်ဖြစ်နေသည်။
“အဖြူကို မရိုက်ပါနဲ့တော့ ကလေးသနားပါတယ်မမသွယ် လာပါ ကလေးသူ့ဘာသာနေပါစေ”
အဖြူခေါင်းပွတ်ရင်း တံခါးပြန်ပိတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဖုန်းလေးတစ်လုံးလက်ထဲမှာ ရှိနေပြီမလား။
ည ၁၁ နာရီကျော်တော့ အကျီၤတွေကြားထဲက ဖုန်းလေးကိုထုတ်ပြီး စောင်ခေါင်းမြီးခြုံကာပါဝါဖွင့်လိုက်သည်။ အခုအချိန်ဆို အဖြူဆီက ဖုန်းမလာလို့ဦးထင် စောင့်မျှော်နေလောက်ပြီ။ ချစ်ဖို့ကောင်းတဲ့အမွန်ဟာ အဖြူဦးထင်ရဲ့ဖုန်းနံပါတ်ကို အလွတ်မရမှာစိုးလို့ ဖုန်း Contacts ထဲတောင် ထည့်ပေးခဲ့သေးသည်။
“ဟယ်လို ဦးထင်”
လက်ထဲဖုန်းကိုင်ပြီးစောင့်နေတဲ့ မြတ်ထင်ဟာ ဖုန်းမြည်လာတဲ့တန်းကိုင်လိုက်သည်။
“အဖြူ ဘယ်လိုနေလဲ အရိုက်ခံရတယ်ဆို ကိုယ်စိတ်ပူလို့အဖြူဖုန်းကိုစောင့်နေတာ”
“အဟီး အရိုက်ခံရတယ် ခြေသလုံးမှာ ကြိမ်လုံးအရာတွေနဲ့ ခေါင်းမှာက ဘုတွေနဲ့”
အရိုက်ခံရလို့နာနေတာတောင် လေသံတိုးတိုးနဲ့ပြောင်စပ်စပ်လုပ်နိုင်သေးတဲ့အဖြူအသံကြောင့် မြတ်ထင် နည်းနည်းတော့ စိတ်အေးသွားရသည်။
“ဝေေ၀နဲ့အမွန်က ဒီဖုန်းကို ခိုးပြီးလာပေးသွားတာ အကြာကြီးပြောလို့မရဘူး အမေသိသွားရင်ပြန်သိမ်းသွားလိမ့်မယ်”
“အေးပါ ကိုယ်အရမ်းစိတ်ပူနေတာ အဖြူတအားငိုနေမှာစိုးလို့”
“စစချင်းတုန်းက အသေငိုတာပေ့ါ နာကလဲနာ ဦးထင်နဲ့အဆက်အသွယ်လုပ်လို့မှမရတော့တာ အခုတော့ချစ်ဖို့ကောင်းတဲ့ နှစ်ကောင်ကြောင့် ဦးထင်နဲ့အဆက်အသွယ်မပြတ်တော့ဘူး ညတိုင်းဆက်မယ်နော် အဖြူနဲ့မတွေ့တာကြာလို့ တခြားလူနဲ့ပျော်မနေနဲ့ဦး”
“ဟောဗျာ ဘယ်သူနဲ့မှမတွဲဘူး စိတ်ချ အဖြူကိုသာကိုယ်စိတ်မချတာ တော်ကြာ ဇာတ်ကားတွေထဲကလို လူကြီးချင်းသဘောတူတာ ဘာညာတွေနဲ့ပေးစားမယ်ဆို ဘယ်လိုလုပ်မလဲ”
“အာ ဦးထင်ကလဲ အမေ့ဆီက အဲ့လိုပြောသံတစ်ခါမှမကြားဖူးဘူး အခုတောင် အဖြူရည်းစားထားလို့စိတ်ဆိုးပြီး ရိုက်တာကို မဖြစ်နိုင်ပါဘူး အဲ့လိုပေးစားလဲ အဖြူကမယူပါဘူးနော် ကိုယ်ချစ်တဲ့သူနဲ့ပဲယူမှာပေါ့”
“Promise ???”
“အင်း တကယ် ကတိပေးတယ် အဖြူကဦးထင်ကို အရမ်းချစ်တာသိရဲ့သားနဲ့ အယ် အသံကြားတယ် အမေနိုးလာတာလားမသိဘူး နောက်ညမှ ပြန်ဆက်မယ်နော် ဒီဖုန်းနံပါတ်မှတ်ထားနော် ဖုန်းသံကြားတာနဲ့ ချက်ချင်းကိုင်နော် ဘိုင်ဘိုင်”
ပြောပြောဆိုဆိုနဲ့အဖြူဖုန်းချသွားလေသည်။ မြတ်ထင်ကတော့ သူနဲ့တွေ့ရင် မကြည်သလို ခပ်တည်တည်နေတတ်တဲ့ ဝေေ၀နဲ့အမွန်ကို ကျေးဇူးအထပ်ထပ်တင်နေမိသည်။ ဒီခေတ်ကလေးတွေဟာ သူထင်ထားတာထက်တောင် ပါးနပ်လည်ဝယ်ပြီး စဉ်းစားတွေးခေါ်တတ်ကြလေသည်။ အခုလဲ အဖြူအမေကို ဘယ်လိုဘတ်ပြီး ဖုန်းကိုထားခဲ့လဲမသိပေ။
================================================================
အုန်းနို့ခေါက်ဆွဲကို အေးအေးဆေးဆေးထိုင်စားနေတဲ့အဖြူရဲ့မျက်နှာကို အကဲခတ်ရင်း ဒေါ်ကေသွယ်စိတ်ထဲ ဇဝေဇဝါဖြစ်နေမိသည်။ တကယ်ဆို အမေဖြစ်သူကို ကလန်ကဆန်လုပ်ရင်း အနည်းဆုံးတော့ မစားမသောက်လုပ်ပြပြီး ဆန္ဒပြမယ်ထင်ထားခဲ့သည်။ ဒါပေမယ့် ဖုန်းသိမ်းပြီး အပြင်ကိုလုံးဝထွက်ခွင့်မပြုတာ တစ်ပါတ်လောက်ရှိနေပြီကို အမေဖြစ်သူအား စကားမပြောပဲ အသံတိတ်ဆန္ဒပြနေတာကလွဲလို့ အရင်ကလို အစားအသောက်မပျက်၊ TV ကြည့်မပျက်နဲ့ ဘာမှမဖြစ်သလိုပင်။ သူ့ရည်းစားဆိုတဲ့လူကို မတွေ့ရလို့ လွမ်းလွမ်းဆွေးဆွေးငေးငိုင်ပြနေတဲ့ပုံစံမျိုးလဲ မရှိ၊ စစချင်းအရိုက်ခံရတဲ့တစ်ရက်သာ ငိုယိုခဲ့ပြီး နောက်ရက်တွေကျတော့ပုံမှန်ပင်။ ခဏလေးတွေ့ခဲ့ရတဲ့ချစ်သူအပေါ် အလေးအနက်မရှိတော့ပဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားပုံရသည်။ ပြီးတော့ သူတို့အဆက်အသွယ်မရတာလဲ တစ်ပါတ်လောက်ရှိပြီမို့ မေ့လောက်ပြီလို့ ထင်သွားကာ ကိုယ့်အတွေးနဲ့ကိုယ် ကြိတ်ပြီး ဝမ်းသာသွားမိသည်။ အခုအရွယ်က စိတ်ကစားတတ်တဲ့အရွယ်ဆိုတော့ မေ့လွယ်ပျောက်လွယ်ဖြစ်ပေလိမ့်မည်။
“သမီး ဟိုလူကို မေ့သွားပြီမလား အမေပြောသားပဲ သမီးစိတ်ကစားတာပါလို့”
သူမမျက်နှာကို အကဲခတ်သလိုကြည့်ရင် မေးနေသော အမေကို ခပ်အေးအေးပဲပြန်ဖြေလိုက်သည်။
“မမေ့ပါဘူး ဘယ်လိုမေ့လို့ရမလဲ သမီးရင်ထဲအပြည့်ရှိပြီးသားကို”
ဒေါ်ကေသွယ် စိတ်ဆိုးမာန်ဆိုး အဖြူခေါင်းကို လှမ်းခေါက်လိုက်သော်လဲ ဘယ်ကတည်းကစောင့်ကြည့်နေလဲမသိတဲ့ သိန်းသိန်းက ကြားဝင်ကာလိုက်လို့ မခေါက်မိပဲ သိန်းသိန်းရဲ့ကိုယ်ကိုသာ ထိမိသွားသည်။
“အဖြူ ဟင်းရည်ယူဦးမလား”
“သိန်းသိန်း ဖယ်စမ်း နင်အဲ့ဒီလို ကာဆီးကာဆီးဝင်လုပ်နေလို့နင့်တူမပျက်စီးလိမ့်မယ်”
“မဖယ်ပါဘူး မမက ကလေးကိုတအားရိုက်တာပဲ သူ့ခြေသလုံးတွေကိုကြည့်ဦး ညိုပုတ်နေပြီ မမ မသနားဘူးလား”
“မသနားပါဘူး သူဘာလို့ရည်းစားထားလဲ ဒီလောက်အတန်တန်ဆုံးမနေတဲ့ကြားထဲက နင့်တူမ အချိုးမပြေတာလေ အချိန်တန်ရင် အမေပေးစားတာနဲ့ယူရမှာပဲကို ငြိမ်ငြိမ်မနေတာလေ”
“မယူပါဘူး အမေပေးစားတဲ့လူနဲ့အဖြူကဘာလို့ယူရမှာလဲ သမီးချစ်သူကိုပဲယူမှာပေါ့”
“ဟဲ့ ငါပေးစားမယ့်လူက နင့်လူထက်တော့သာသေးတယ်ဟဲ့”
“ဘယ်နေရာမှာမှသာမှာမဟုတ်ဘူး အမေအဲ့ဒီလိုပေးစားလို့ကတော့ သမီးဦးထင်နောက်လိုက်ပြေးသွားလိုက်မှာ”
“ဘာ ဘာ”
သမီးဖြစ်သူရဲ့စကားသံကြောင့် ဒေါ်ကေသွယ် ဆွေ့ဆွေ့ခုန်ကာ ဒေါသထွက်နေသည်။ သူမနဲ့သမီးကြားမှာ ဒီလောက်အထိအခြေအနေတင်းမာဖူးတာမျိုး တစ်ခါမှမရှိခဲ့ပါ။ အဖြူက အရမ်းကို လိမ္မာလှပါတယ်လို့မဆိုနိုင်ပေမယ့် မိခင်အပေါ်သိတတ်တဲ့သူတစ်ယောက်ဖြစ်သည်။ တစ်ခါတစ်လေ ဂျီတိုက်ပြီး ပြန်ပြောတတ်တာကလွဲလို့ အမေစိတ်ဆင်းရဲအောင်လဲ မလုပ်ခဲ့ဖူးပေ။ အခုတော့ ဘာမဟုတ်တဲ့ကောင်ကြောင့် မိခင်ကိုဆန့်ကျင်တတ်နေပြီဖြစ်သည်။
“အေး နင်လိုက်သွားလိုက်လေ လိုက်သွားလို့ကတော့ နင်နဲ့ငါသေခန်းပြတ်ပဲ”
အမေဖြစ်သူက ဒေါသအမျက်ချောင်းချောင်းထွက်နေပေမယ့် အဖြူကတော့ အေးအေးဆေးဆေးပင်။
“မလိုက်ပါဘူး အမေသာ တခြားလူနဲ့လာမပေးစားနဲ့ အဲ့ဒါဆို အဖြူငြိမ်ငြိမ်လေး ဒီအတိုင်းပဲနေမယ်”
အဖြူစကားကြောင့် ဒေါ်ကေသွယ် စဉ်းစားသွားမိသည်။ တခုခုကို မကျေနပ်ရင် ဂျစ်တူးလေးဖြစ်သွားတတ်သောအဖြူဟာ အခုတော့ ထူးထူးခြားခြားတည်ငြိမ်နေသည်မလား။
“သေချာလား နင်ငြိမ်ငြိမ်လေးနေမှာ”
“လုံးဝသေချာတယ်အမေ ဦးထင်က အဖြူ အသက် ၂၀ ပြည့်ပြီး ဘွဲ့ရပြီးမှလက်ထပ်မယ်လို့ပြောထားတာ”
ဒေါ်ကေသွယ် ထပ်ပြီး ရင်နာရပြန်သည်။ အမေကို စိတ်ဆင်းရဲမှာစိုးလို့မလိုက်ဘူး ဘာညာမကြားရပဲ သူ့ဦးထင်ဆိုသောသူရဲ့ စကားကြောင့်သာ မလိုက်ပြေးဘူးပြောနေတာကိုး။ ဒေါ်ကေသွယ် စိတ်ဆိုးပြီး လက်မြှောက်လိုက်စဉ်မှာပဲ သိန်းသိန်းက သူ့ကိုယ်ကြီးနဲ့ဝင်ကွယ်လာပြန်သည်။
“နင်ကလဲ တမှောင့် ဖယ်စမ်း ငါမရိုက်ဘူး”
“မမသိန်း အဖြူကော်ဖီသောက်မယ်”
“အေး အေး အခုဖျော်ပေးမယ် မမ အဖြူကိုထပ်မရိုက်နဲ့တော့နော်”
ကော်ဖီဖျော်ဖို့လှည့်ထွက်သွားတဲ့သိန်းသိန်းရဲ့နောက်ကျောကို ဒေါ်ကေသွယ် မျက်စောင်းထိုးလိုက်သည်။ သုံးယောက်သာ ရှိသော ဒီအိမ်မှာ သူတို့နှစ်ယောက်ကတစ်ဖက် သူမကတစ်ဖက်နဲ့ ဂိုဏ်းကွဲနေလို့မဖြစ်ပေ။ သိန်းသိန်းဆိုတာက အဖြူစိတ်ချမ်းသာဖို့ ဘာမဆိုလုပ်ပေးမယ့်သူတစ်ယောက်။ အဖြူက ငိုယိုကာ တစ်ချက်ချွဲပြလိုက်တာနဲ့တင် အသနားကြီးသနားကာ ချစ်တဲ့သူနောက်လိုက်ပေတော့ဆိုပြီး လွှတ်ပေးလိုက်မည့်လူစားမျိုးဖြစ်သည်။ သူမ အပြင်သွားတာနဲ့ အိမ်မှာ ကျန်နေခဲ့မယ့် ဒီနှစ်ယောက်ထဲ စိတ်ချလက်ချထားလို့ မဖြစ်ပေ။ ဒီတော့ သမီးဖြစ်သူကိုလဲ အကြမ်းကိုင်လို့မဖြစ်တော့ပဲ အပျော့ဆွဲဆွဲဖို့စဉ်းစားလိုက်မိသည်။ ငယ်ငယ်ရွယ်ရွယ်ရူးရူးမိုက်မိုက်အရွယ်မို့ အဲ့ဒီလူအပေါ် စိတ်ကစားတာလဲ ဖြစ်နိုင်ပေမယ့် အခုအချိန်ကတော့ သွေးပူနေတုန်းမို့ လုပ်ချင်ရာတွေ တဇွတ်ထိုးလုပ်သွားနိုင်သည်။
“ပြောပါဦး ညီးရဲ့ဦးထင်အကြောင်း”
“ဦးထင်ကအသက်က ၃၀ ပြည့်ပြီးပြီ မောင်နှမနှစ်ယောက်ရှိတယ် မိဘတွေလဲရှိသေးတယ် ရန်ကုန်မှာနေတယ်”
“ပြီးတော့ရော”
“ပြီးတော့ ဒရိုက်ဘာလေ”
“အဲ့ဒါထက်ပိုပြီး ဘာမှမသိတော့ဘူးမလား ဟမ် အဲ့ဒီလူက အိမ်ထောင်ရှိနေရင်ရော နင်ဘယ်လိုလုပ်မလဲ”
“အာ အမေကလဲ အိမ်ထောင်မရှိပါဘူး အဖြူသေချာမေးပြီးပြီ”
“အိမ်ထောင်မရှိဘူးဆိုတာ သူပြောတာမလား ညီးကဘယ်လိုလုပ်သူ့အကြောင်းကို ခရေစေ့တွင်းကျသိနိုင်မလဲ သူပြောသမျှပဲ ယုံနေတာမလား နင့်မှာဦးနှောက်မရှိဘူးလား ကိုယ့်ဘာသာစဉ်းစားကြည့်ပါလား”
“အဲ့ဒါဆို အမေတွေ့ပြီးအကဲခတ်ပေးလေ”
အဖြူက အမေ့ကို အရဲစွန့်ပြီးစောဒကတက်လိုက်မိသည်။
“မတွေ့ချင်ပါဘူး ငါကဘာလို့တွေ့ရမှာလဲ”
“အဖြူ ဦးထင်နောက်လိုက်ပြေးသွားရင်ဘယ်လိုလုပ်မလဲ အမေတစ်ခါမှ မတွေ့ဖူးတဲ့လူနောက်ကို သမီးက ကောက်ကောက်ပါအောင် လိုက်သွားလေခြင်းဆိုပြီး ရင်ကျိုးရမှာ”
ဒေါ်ကေသွယ် လက်နဲ့ရင်ဘတ်ကိုဖိပြီးမျက်လုံးပြူးကာ အမူအရာနဲ့တကွလုပ်ပြနေသော အဖြူရဲ့ပုခုံးကို ဒီတစ်ခါမှာတော့ မိမိရရရိုက်ပစ်လိုက်တော့သည်။
“မမကလဲ မရိုက်ပါနဲ့ဆိုတာ အဖြူပြောတာလဲမှန်သားပဲ တစ်ခါလောက်တွေ့ကြည့်လိုက်ပါလား အဲ့ဒီလူက အမ ထင်သလောက်လဲမဆိုးပါဘူး”
“ဘာ သိန်းသိန်း ညီးကသူ့ကိုဘယ်တုန်းကတွေ့ဖူးလို့လဲ”
“အဖြူနဲ့အတူတူအိမ်ရှေ့မှာတွေ့ဖူးတာလေ ချောပါတယ်မမရဲ့ လူကောင်းသူကောင်းပုံလေးပါ”
“အောင်မယ် ညီးက အစကတည်းကသိတာကို ငါ့ကိုမပြောပဲအလိုတူအလိုပါ ဖုံးထားတယ်ပေါ့”
အမေရဲ့ဒေါသက အဖြူဆီကနေ မမသိန်းဆီကို ပြောင်းသွားသည်။
“အဖြူနဲ့ကြိုက်နေမှန်းတော့ သိန်းသိန်းတကယ်ကိုမသိရိုးအမှန်ပါမမရယ် ဒါပေမယ့် တစ်ခါတွေ့ဖူးသလောက်ပြောရရင် လူကောင်းတစ်ယောက်လို့ထင်ရပါတယ်”
“နင်ကဘယ်လောက်အထိ လူတွေအကြောင်းသိလို့ လူကောင်းတစ်ယောက်ဆိုပြီးသူ့ဘက်ကနေ လိုက်ပြောနေရတာလဲ လူကောင်းလူဆိုးကို ဘာနဲ့ခွဲထားသလဲ လူဆိုးတွေက လူဆိုးမို့ဆိုပြီး ဂျိုပေါက်နေသလား ဟမ်”
“အဲ့ဒါကြောင့်မို့ အမေတွေ့ပြီးအကဲခတ်ကြည့်ပါလို့အဖြူပြောတာလေ တော်ကြာ … ”
“တော်စမ်း အဖြူ ငယ်ငယ်ရွယ်ရွယ်နဲ့မအေကိုဆန့်ကျင်ပြီး လင်နောက်လိုက်လို့ကတော့ တသက်လုံး ဒူးနဲ့ မျက်ရည်သုတ်နေရမှာ မြင်ယောင်သေးတယ် အေး ညီးတို့ပြောတဲ့အတိုင်းငါသူနဲ့တွေ့ကြည့်မယ် ငါ့စိတ်ထဲ မကြိုက်တာ တခုခုတွေ့လို့ကတော့ ချက်ချင်းဖြတ်ပဲ ကြားသလားအဖြူ”
ဒီစကားမျိုးကို ဝေေ၀နဲ့အမွန်လဲ ပြောခဲ့တာပင်။ ဦးထင်ကို အမေတွေ့ရင်သဘောကျမှာ သေချာပါသည်။ အဲ အလုပ်အကိုင်တစ်ခုက လွဲရင်ပေါ့။ ခပ်တည်တည်ထိုင်နေတဲ့အမေရဲ့ရှေ့နားရပ်ပြီး အဖြူကလက်ဖဝါးဖြန့်ကာ တောင်းလိုက်သည်။
“ဘာလဲ”
“သမီးဖုန်းပြန်ပေးတော့လေ ဖုန်းမရှိပဲ ဦးထင်ကို ဘယ်လိုဆက်သွယ်လို့ရမလဲ”
“အောင်မယ် သူနဲ့တွေ့ကြည့်မယ်ပြောတာက နင်နဲ့သဘောတူတယ်လို့ပြောတာမဟုတ်ဘူး ဘယ်လိုလူလဲဆိုတာ အကဲခတ်ဖို့ ခေါ်ခိုင်းတာ ဘာဖုန်းလာတောင်းနေတာလဲ”
“အခုတစ်ခါပဲဆက်မှာပါအမေရဲ့ အမေဘယ်အချိန်တွေ့ချင်လဲခေါ်ပေးရမှာလေ နော် တစ်ခါပဲ သမီး သူ့အသံကို မကြားရတာကြာတော့လွမ်းလှပြီ”
ချွဲနွဲ့ကာပြောနေတဲ့အဖြူကို ကြည့်ပြီး ဒေါ်ကေသွယ် စိတ်ညစ်သွားမိသည်။ ဒီကလေးဟာ စိတ်ကစားရုံသက်သက် မဟုတ်ပဲ တကယ်ကိုကြိုက်နေပြီလားမသိတတ်တော့ပေ။
“အဖြူ သမီးက ကလေးပဲရှိသေးတာနော် လူတွေအကြောင်းဘာမှလဲနားလည်သေးတာမဟုတ်ပဲ အဲ့ဒီလူအပေါ် ဇွတ်မှိတ်ယုံနေလို့မဖြစ်ဘူး”
“သမီးသိပါတယ် အမေ သမီးသူ့နောက်ကိုလိုက်မပြေးချင်ပါဘူး အမေစိတ်ဆင်းရဲမှာစိုးတယ် ဒါပေမယ့် သူနဲ့လဲ မခွဲချင်ဘူး ဒါကြောင့် အမေ့ဘက်ကနည်းနည်းလျော့ပေးပြီး စဉ်းစားပေးပါနော် နော်”
ကိုယ်က သူ့ကို အပျော့ဆွဲဆွဲဖို့ကြံစည်လေသလား။ သူကပဲကိုယ့်ကို စည်းရုံးသိမ်းသွင်းဖို့ ကြံစည်လေသလားတောင် မခွဲခြားတတ်တော့။ ဒေါ်ကေသွယ် သမီးဖြစ်သူကို ကြည့်ရင်း သက်ပြင်းရှိုက်မိသည်။ အသက်သုံးဆယ်ကျော်မှ အိမ်ထောင်ပြုပြီးရထားတဲ့ ဒီသမီးလေးတစ်ယောက်ကို ငုံထားမတတ်ချစ်ရပါသည်။ သမီးကလဲ ဘယ်ဘဝက ဆုတောင်းကောင်းခဲ့သလဲမသိ။ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုနဲ့ပြည့်ဝသူဖြစ်သည်။ အမေတစ်ယောက်ရဲ့အတ္တလို့ပဲ ပြောရမလား၊ ဒီလိုချစ်ဖို့ကောင်းတဲ့သမီးလေးကို ဘာမဟုတ်တဲ့လူနဲ့ပေးစားဖို့စိတ်ကူးကို မရှိခဲ့တာအမှန်ပင်။ အခုအချိန်မှာတော့ တားဆီးပိတ်ပင်နေလဲ အာညောင်းတာပဲအဖတ်တင်မှာဖြစ်သောကြောင့် အဖြူကို နည်းနည်းလောက် အလျော့ပေးရင်း ထိန်းဖို့စဉ်းစားလိုက်ပါသည်။
“ကောင်းပြီလေ အမေစဉ်းစားပေးမယ် သမီးလဲကတိတစ်ခုပြန်ပေးရမယ်”
အဖြူက အမေဖြစ်သူကို မျက်လုံးပေကလပ် ပေကလပ်နဲ့ကြည့်နေသည်။
“ဘယ်တော့မှ ယောကျာ်းနောက်လိုက်မပြေးပါဘူးဆိုတာ ကတိပေးရမယ်”
“အမေတကယ်စဉ်းစားပေးမယ်ဆို သမီးကတိပေးတယ် လိုက်မပြေးဘူး”
“အိုကေ အဲ့ဒီလူကိုအမေတွေ့ကြည့်မယ် သမီးဖုန်းဆက်လိုက်တော့”
တွေ့ကြည့်မယ်ဆိုတဲ့စကားကြောင့် အဖြူရဲ့မျက်လုံးတွေတောက်ပလာကာ ပျော်သွားတာကို ဖုံးဖိမရနိုင်စွာ ပြုံးစိစိလေး ဖြစ်သွားလေသည်။ ဒေါ်ကေသွယ် သွားလေသူခင်ပွန်းကိုသာ တပြီးငိုလိုက်ချင်ပါတော့သည်။ ဒီသမီးလေးဟာ အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ သူမရင်ခွင်ကနေ ထွက်ခွာဖို့ကြံစည်နေလေပြီ။
ဖုန်းထဲကြားရတဲ့ အဖြူရဲ့စကားအဆုံးမှာ မြတ်ထင်ဝမ်းသာသွားရသော်လည်း သူညာထားတဲ့ကိစ္စကိုအခုအချိန်ထိ မပြောရသေးတာ သတိရပြီး စိတ်ညစ်သွားရပြန်သည်။ အဖြူအမေရှေ့ရောက်မှ ပြောပြန်လဲမဟုတ်ပြန်၊ သူ့ကို အဖြူပိုစိတ်ဆိုးသွားလိမ့်မည်ထင်ပါသည်။ အခုအချိန်ဖုန်းထဲက ပြောလိုက်ရင်လဲ အဖြူကဘယ်လိုတုံ့ပြန်လာမလဲဆိုတာ သူမခန့်မှန်းတတ်ပေ။
“အဖြူ ကိုယ် မနက်ဖြန်အဖြူအိမ်ကိုမလာခင် အဖြူနဲ့အပြင်မှာအရင်တွေ့ချင်တယ်”
“ဘာဖြစ်လို့လဲဟင် အိမ်ကနေထွက်ဖို့မလွယ်လောက်ဘူးထင်တယ်”
“ဟိုတခါ ကိုယ်တစ်ခုညာထားတယ်လို့ပြောထားတာမှတ်မိလား”
အဖြူရင်ထဲ ဒိန်းခနဲဖြစ်သွားသည်။ ဟုတ်သားပဲ။ ဘာကြီးမို့လို့ဖုန်းထဲကနေမပြောပဲ အပြင်မှာတွေ့ဖို့ချိန်းသလဲမသိ။
“မှတ်မိတယ် အခုပြောပြလိုက်လို့မဖြစ်ဘူးလားဦးထင်”
“မဖြစ်ဘူး အပြင်မှာတွေ့ပြီးမှပဲပြောချင်တယ်”
“ဟင် ရင်တွေတောင်တုန်လာပြီ တခုခုမကောင်းတာလား အမေလက်ခံလို့မရတဲ့အကြောင်းတွေလား”
“အာ အဲ့ဒီလိုစိတ်ပူစရာတွေတစ်ခုမှမဟုတ်ဘူး”
“တော်ပါသေးရဲ့ ရည်းစားထားရတာလဲ မလွယ်လိုက်တာနော် အမေနဲ့လဲစကာများရ အရိုက်လဲခံရနဲ့ ဒီကြားထဲ ဦးထင်ကပါ ညာထားတာကရှိသေးတယ် အဖြူလုပ်နေတာတွေကို နောင်တရအောင်မလုပ်ပါနဲ့နော်”
“နောက်တစ်ခါတော့ မညာတော့ပါဘူးဗျာ စိတ်ချပါ”
================================================================
YOU ARE READING
2️⃣ ကျွန်မနဲ့သရဲမ [ The ghost and me ]
Romanceခေတ်မတူတဲ့ ဆယ်ကျော်သက် မိန်းကလေးနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ အဖြူရဲ့ဦးထင် နဲ့ ခင်လေးရဲ့ဆရာလေး တို့အကြောင်းကို ဖတ်ပေးကြပါဦးရှင်