အပိုင်း ( ၅ )/ ဇာတ်သိမ်းပိုင်း

469 33 8
                                    

Unicode font

ကျွန်မနဲ့သရဲမ  (The Ghost And Me)
အပိုင်း (၅)/ ဇာတ်သိမ်းပိုင်း

အဖြူရဲ့ ခင်လေးသရဲဘဝမှ ကျွတ်လွှတ်ရေး Mission ကို ဒီနေ့ကစပြီး အကောင်အထည်ပါတော့မည်။ ဒီ Mission Complete ဖြစ်ဖို့ ဆယ်ရက်လောက်သာ အချိန်ရတော့သည်။ ရန်ကုန်မပြန်ခင် ရက်ပိုင်းအတွင်း အတတ်နိုင်ဆုံးကြိုးစားပြီး ခင်လေးကို ကောင်းရာဘုံဘဝရောက်အောင် ကုသိုလ်များပြုလုပ်ပေးချင်သည်။ လုပ်ပေးတဲ့သူက လုပ်ပေးမယ်ဆိုပေမယ့် ဆရာလေးကို စောင့်ချင်သူကြီးကို ဘယ်လိုမှစည်းရုံးလို့မရနိုင်သေးပါ။
အဖြူ Luggage ကိုဖွင့်ပြီး ပါလာခဲ့တဲ့အလှဆုံးအကျီၤများကို ရွေးထုတ်လိုက်သည်။ ဒါက အဖြူနည်းတူ အလှအပအလွန်ကြိုက်သော ခင်လေးကိုဆွဲဆောင်ဖို့နည်းလမ်းတစ်မျိုးပင်။ ညရောက်တော့ ဂါဝန်ပန်းနုရောင် အတိုလေးကို ဝတ်ပြီးခင်လေးကို စောင့်နေလိုက်သည်။ အဖြူရဲ့ဖြူနုသောအသားအရည်နဲ့ ပန်းနုရောင်လေးမှာ အလွန် လိုက်ဖက်နေပါသည်။ ခင်လေးရောက်လာချိန်မှာတော့ အဖြူကို အံ့သြတကြီးကြည့်ရင်း။
“လှလိုက်တာ မမနဲ့အရမ်းလိုက်တယ်”
“ခင်လေးနဲ့ဆိုပိုလှမှာ ဒီလိုလေးဝတ်ပြီး အလှပြင်လိုက်ကြည့် ခင်လေးအရမ်းလှသွားမှာ”
အဖြူက မှန်တင်ခုံပေါ်က ရေမွှေးဗူးကိုယူက ခင်လေးရှေ့နားနည်းနည်းဖြန်းလိုက်သည်။
“မွှေးရနံ့လေး ခံစားကြည့်ပါဦး”
“အား မွှေးလိုက်တာ”
“ဒီရေမွှေးလေးကိုဆွတ်ထားရင် တနေကုန်မွှေးနေရော အနံ့ကသင်းသင်းလေးနဲ့ဆိုတော့ စိတ်ကြည်တယ် ကဲ အခုအချိန်ကစပြီး အလှပြင်ခြင်း စတင်ပါပြီ”
အဖြူက မှန်တင်ခုံပေါ် ခင်းကျင်းပြသထားတဲ့ အလှပြင်ပစ္စည်းတွေကို တစ်ခုပြီးတစ်ခုဆွဲယူကာ လိမ်းနေရင်း ပါးစပ်ကလဲ ဆက်တိုက်ရှင်းပြနေသေးသည်။ အဖြူလုပ်သမျှ၊ ပြောသမျှတွေကို ခင်လေးက အံ့သြတကြီးမျက်တောင်မခတ်တမ်း လိုက်ကြည့်နေခဲ့သည်။ မျက်လုံးဆိုးတဲ့အချိန်မှာလဲ အဲ့ဒီအချောင်းလေး မမမျက်လုံးကို မတော်တဆထိုးမိမှာစိုးလို့ အသဲတယားယားနဲ့ အသက်မရှုနိုင်ပဲ ကြည့်နေခဲ့ရသည်။ မမကတော့ အလှပြင်ကျွမ်းကျင်သူမို့ဖြစ်မည်။ ဘာမှမဖြစ်သလို အေးအေးဆေးဆေး ပြင်ပြနေသည်။
“ဒါက Mascara လို့ခေါ်တယ် မျက်တောင်ဆိုးတဲ့ဆေးပေါ့ ဒီလို ဒီလိုလေးလုပ်လိုက်ရင် ကြည့် မျက်တောင်ပိုရှည်သွားပြီး ပိုကော့သွားတယ် ထူထူလေးလဲဖြစ်သွားတယ်နော်”
ခင်လေးအတွက်တော့ အလှပြင်ပစ္စည်းအားလုံးက အထူးအဆန်းတွေချည်းပင်။ ရှည်ရှည်တိုတိုပြားပြားစတဲ့ ဗူးပေါင်းစုံတွေ တစ်ခုပြီးတစ်ခုသုံးပြီးချိန်မှာ မမရဲ့မျက်နှာလေးဟာ ပိုပိုပြီးလှလာခဲ့ပါသည်။
“ဒီလို ပါးနီလေးနည်းနည်းတင်လိုက်ရင် ပိုလှသွားလိမ့်မယ်”
“အလှပြင်တာ အဲ့ဒီလို တံမြက်စည်းအသေးလေးတွေအများကြီးသုံးရတယ်နော်မမ”
လက်ထဲကိုင်ထားတဲ့ ပါးနီခြယ်နေတဲ့ Brush နဲ့မှန်တင်ခုန်ပေါ်မှာ ဖြန့်ချထားတဲ့ Make-up Brush တွေကို ကြည့်ပြီး အဖြူ ရယ်လိုက်မိတော့သည်။ သူပြောမှပဲ ဒါတွေက တံမြက်စည်းအသေးလေးဖြစ်သွားရသေး။ ဟုတ်သား တူတော့တူသလိုပင်။
“ဟားဟား ဒါတံမြက်စည်းမဟုတ်ဘူး မိတ်ကပ်ဘရှပ်လို့ခေါ်တယ် သူ့ကျမှတံမြက်စည်းနဲ့လာတွေ့နေတယ် ဟုတ်ပ ဟုတ်ပ မျက်နှာပေါ်လဲှတဲ့ တံမြက်စည်းပေါ့”
“အော် အဟီးဟီး ခင်လေးမှမသိတာ နောက်ဆိုဘရှပ်ပဲခေါ်မယ်နော်”
အမယ်။ ဒါမျိုးနေရာမှာ မှတ်ဉာဏ်ကောင်းတာကလဲ အဖြူနဲ့တပုံစံထဲပင်။ တစ်ခါပြောရုံနဲ့အတော်ကိုမှတ်မိလေသည်။
“ကဲ နောက်ဆုံးအနေနဲ့နုတ်ခမ်းနီဆိုးမယ် မျက်လုံးအရောင်ခြယ်တာနဲ့နုတ်ခမ်းနီဆိုးတာကို ဝတ်မယ့်အကျီၤအရောင်နဲ့ တူတာလေးသုံးရင် ပိုလှတယ်”
အဖြူက Revlon ပန်းနုရောင်လေးဆိုးပြီး အလှပြင်ခြင်းကို အဆုံးသတ်လိုက်သည်။
“ဟုတ်တယ်နော် အရမ်းလှသွားပြီ ခင်လေးလဲပြင်ချင်လိုက်တာမမရယ်”
အဖြူရချင်တာ ဒီစကားပဲဖြစ်သည်။ အခုတော့ အကွက်ဝင်လာပြီဆိုတာ့ အဖြူရဲ့ပြင်ဆင်ထားတဲ့စကားတွေ ဆက်တိုက် ပြောရပေတော့မည်။ အဖြူစကားပြောဖို့ပါးစပ်ဟလိုက်စဉ်မှာပဲ အမေနဲ့မမသိန်းအခန်းထဲဝင်လာခဲ့သည်။
“အဖြူ တစ်ယောက်ထဲစကားတွေပြောနေတာ ရူးသွားပြီလား ညကြီးမင်းကြီး အလှတွေထိုင်ပြင်နေတာ ကြည့်စမ်း ဒီအချိန်ကြီးမှ ပြင်ဆင်ပြီးဘယ်သွားမလို့လဲ”
“ဟုတ်ပ ငါနဲ့မမ ညီးကို စောင့်ကြည့်နေတာကြာပြီ ခုနကတည်းက တစ်ယောက်ယောက်နဲ့ စကားပြောသလိုပြောပြီး အလှပြင်ပြနေတာ နင်ဘာဖြစ်နေတာလဲ”
အမေရဲ့စကားကိုမမသိန်းကထောက်ခံရင်း အဖြူကို မသင်္ကာသလို နှစ်ယောက်သားဝိုင်းကြည့်နေကြသည်။ သွားပြီ။ ခင်လေးကိုဆွဲဆောင်ချင်ဇောနဲ့ အဖြူလဲ ဒီနေ့မှမေ့ပြီး အခန်းတံခါးမပိတ်မိတာ သတိရသွားသည်။
“ဘာမဖြစ်ပါဘူး ဘာဖြစ်လို့လဲ”
အမေက အဖြူနဖူးနဲ့ပါးကို စမ်းရင်း။
“သိန်းသိန်း ညီးညီမစိတ်ဖောက်သွားတာတော့မဟုတ်ပါဘူးနော်”
“အာ အမေကလဲ သမီးညကြီးအလှပြင်တာဘာဖြစ်လို့လဲ”
“ဘာဖြစ်ရမလဲ နင်ပုံမှန်မဟုတ်ဘူး ငါသတိထားကြည့်နေတာကြာပြီ”
“အမ် ဘာပုံမှန်မဟုတ်တာလဲ”
“ညတိုင်းနီးပါး တစ်ယောက်ထဲ စကားတွေပြောနေတာလေ ဖုန်းပြောနေတာလဲမဟုတ်ဘူးမလား ငါကြားနေရတယ်နော်”
အဖြူနဲ့အခန်းကပ်ရက်နေတဲ့အမေက ခင်လေးကိုပြောနေတဲ့အဖြူရဲ့စကားသံတွေကို သတိထားမိပုံပေါ်သည်။
“ဟိဟိ အမေကလဲ ဖုန်းမပြောပါဘူး အဖြူအလှပြင်ကျင့်နေတာလေ ဗီဒီယိုရိုက်ပြီး Facebook ပေါ်တင်မလို့ နာမည်ကြီး Beauty Blogger တွေလိုလေ အဲ့ဒါကြောင့် အလှပြင်ရင်း စကားပြောပါ တခါထဲကျင့်နေတာ”
အဲ့ဒီလိုဖြေလိုက်မှ အမေနဲ့မမသိန်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အဖြူစကားကို ယုံကြည်သွားဟန်တူသည်။
“အံ့သြပအေ အဲ့ဒီလိုလုပ်ချင်လဲ နေ့လယ်လုပ်ပါလား ဘာလို့ညညမှ စိတ်ဖောက်သလိုလုပ်နေရလဲ”
“အမေကလဲ သမီးစိတ်ကူးပေါက်သလို ထထလုပ်တတ်တာသိရဲ့သားနဲ့ ဒီမှာနေရတာအဖော်လဲမရှိ အပြင်လဲမထွက်နဲ့ ဒီလောက်ပျင်းဖို့ကောင်းနေတာကို အမေနဲ့မမသိန်းက အဖြူကိုရူးသွားပြီထင်နေတာလား အမေရယ် ထင်ရက်တယ် ဒီလောက်လှတဲ့ ချစ်သမီးလေးကို ဒီမျက်နှာက ဂေါက်နေတဲ့ရုပ်ပေါက်နေလို့လား ပြော”
ဒေါ်ကေသွယ်က အဖြူကိုမျက်စောင်းနဲ့ကြည့်ရင်း။
“ပေါက်နေတယ် တော်တော်ကိုတူနေတယ် ဂေါက်သီးမနဲ့”
ပြောပြောဆိုဆိုနဲ့ ထွက်သွားတဲ့ဒေါ်ကေသွယ်နောက်မှာ မမသိန်းလဲ ပြုံးစိစိနဲ့လိုက်သွားသည်။ အပြောခံလိုက်ရလို့ အီးမှန်ထားသလို မျက်နှာရှုံမဲ့နေရင်း အဖြူက တံခါးထပိတ်လိုက်သည်။
“မမ ဂေါက်သီးမဆိုတာ အရူးမကိုပြောတာလား”
“အေး ဟုတ်တယ်ဟေ့ ဒါမျိုးကျအတော်ပေါက်လွယ်တာနင်က နင့်ကိုပြောနေလို့ငါအဲ့လိုအထင်ခံရတာ ကြားလားခင်လေးမ”
“အဟိ ဟုတ်တယ်နော် မမသနားပါတယ် ဂေါက်သီးမလို့အထင်ခံရတာ”
“တိတ်စမ်း လူကိုစိတ်တိုအောင် လာလာဆွနေတယ် ခုနကဘာပြောမလို့လဲတောင်မသိတော့ဘူး”
“ခင်လေးသိတယ် မမအလှတွေပြင်ပြပြီးခင်လေးကို ဆရာလေးကို မစောင့်ဖို့ပြောမလို့မလား”
“အမ်”
အိမ်တွင်းပုန်းဘဝနဲ့နေခဲ့လိုသာ တော်သေးသည်။ ဒီလိုကျတော့ အတော်လည်တဲ့ခင်လေးပါ။
“သိရင်ပြီးရော ဟွန့် သူပဲအတော်သိနေတယ် ပြောချင်ဘူး”
အဖြူရဲ့အကြံအစည်တွေကို သူက ကြိုပြီးတောင် သိနေလိုက်သေးသည်။ အဖြူက မကျေမနပ်နဲ့ခင်လေးကို မျက်စောင်းထိုးပြီး စူပွပွဖြစ်လာခဲ့သည်။ တကယ်ပါပဲ။ သူ့အတွက်နဲ့ ကိုယ်ပဲ ငဂေါက်မလို့ အထင်ခံလိုက်ရသေးသည်။
“မမကလဲ စိတ်မဆိုးပါနဲ့ ခင်လေးစိတ်အထင်ပြောရရင် ဆရာလေးရောက်လာတော့မယ်ထင်တယ်”
“ဟမ် နင်ဘယ်လိုသိတာလဲ”
အဖြူက အံ့သြတကြီးအသံနည်းနည်းကျယ်သွားမိလို့ဇက်ကလးပုရင်း အသံလျော့ပြီးပြန်မေးလိုက်သည်။
“ဆရာလေးက နင့်လိုပဲ သရဲဘဝနဲ့ရှိနေတာလား”
“အင်း ဆရာလေးဘယ်ဘဝရောက်နေလဲဆိုတာ ခင်လေးလဲသေချာမသိဘူး ဒါပေမယ့် ရောက်လာတော့မယ်ဆိုတာကို သိနေတယ် ဘယ်လိုသိနေတယ်ဆိုတာလဲ ခင်လေးမသိဘူး”
“ကောင်းပါတယ် ဘားမသိပဲ ဘာကိုသိနေလဲမသိသော ခင်လေးကို ကိုင်ပေါက်ပစ်ချင်နေတာနော် ငြိမ်ငြိမ်နေ”
“ဘာလို့ကိုင်ပေါက်ပစ်ချင်တာလဲမမရဲ့ ခင်လေးငြိမ်ငြိမ်လေးထိုင်နေပါတယ်”
“ဟဲ့ နင့်ကိုစိတ်ကုန်လို့လေ ငါ့မှာတော့ငါပြန်သွားရင်နင်ဒီလိုဘဝကြီးနဲ့ပဲဆက်ရှိနေမှာစိုးလို့ မပြန်ခင်ကျွတ်လွှတ်သွားအောင် ကုသိုလ်ကောင်းမှုလေးလုပ်ပေးသွားချင်တာ နင်ကတော့ တော်ပြီ စကားသံကျယ်ကျယ်ထပ်ထွက်သွားရင် ဂေါက်သီးမလို့ ထပ်အထင်ခံနေရဦးမယ်”
မမရဲ့စူထော်နေတဲ့ ပန်းရောင်နုတ်ခမ်းလေးကိုကြည့်ရင်း ခင်လေးလဲလှချင်တာတော့ အမှန်ပင်။ ဒါပေမယ့် ဆရာလေးကို စောင့်ရပေဦးမည်။ သီတင်းကျွတ်ဖို့ရက်ပိုင်းပဲ လိုတော့တာကို။ ဒီနှစ်သီတင်းကျွတ်ရင်တော့ ဆရာလေးသေချာပေါက် လာမယ်ဆိုတာ ဘယ်သူမှမပြောပေမယ့် ခင်လေးအလိုလိုသိနေခဲ့သည်။
“မမ သီတင်းကျွတ်ပြီးမှ ပြန်မှာမလားဟင်”
“ရက်အတိအကျတော့ မသိသေးဘူး ဦးထင်လာခေါ်တဲ့အချိန်ပြန်ရမှာ”
“မမက ဦးထင်လာခေါ်ရင်ပြန်မှာ ခင်လေးလဲ ဆရာလေးကိုစောင့်ရမယ် သူလာလို့ခင်လေးမရှိရင် ဘယ်လောက် ဝမ်းနည်းသွားမလဲ မမစဉ်းစားကြည့်”
“စဉ်းစားဘူး လာမှာမဟုတ်ဘူးဆိုတာသိနေလို့ စဉ်းစားစရာကိုမလိုတာ”
“ဘာလို့မလာမှာလဲမမရဲ့”
“ဟဲ့ နင့်ဆရာလေးက သေပြီလေ နှစ်ပေါင်းတစ်ရာကျော်နေပြီ မသေပဲနေမလား လူပါဆို”
အဖြူစကားကြောင့် ဝမ်းနည်းသွားတဲ့ခင်လေးဟာ မျက်ရည်များဝိုင်းလာတော့သည်။
“မငိုနဲ့ခင်လေး နင့်ကိုငါသနားလို့မပြောရက်လို့ဒီတိုင်းကြည့်နေတာ အမှန်ကိုလက်ခံရမယ်လေ နင်သိသိကြီးနဲ့ ခေါင်းမာမနေနဲ့”
“ဆရာလေး သေသွားပြီဆိုရင်လဲ ခင်လေးလိုသရဲဘဝနဲ့ရှိချင်ရှိနေမှာလေ”
“နင်ပြောတော့ဆရာလေးက စိတ်ကောင်းရှိတဲ့လူဆို သူတော်ကောင်းဆို သရဲဘဝနဲ့ဘယ်လိုမှမရှိနိုင်ဘူး အခုချိန်ဆို လူပြန်မဖြစ်ရင်တောင် နတ်ပြည်မှာနတ်သမီးတစ်ဖက်လေးငါးရာနဲ့ပျော်ပါးပြီး ခင်လေးဆိုတဲ့နင့်ကိုမေ့နေလောက်ပြီ သိလား”
“မသိဘူး မဟုတ်တာတွေလျှောက်ပြောနေတာ မမက”
“ဘာ ဘာမဟုတ်ရမှာလဲ နင်စိတ်ပုတ်ချက် နင်သရဲဘဝနဲ့ရှိနေတိုင်း ဆရာလေးကိုလဲဘာလို့သရဲဖြစ်စေချင်နေရတာလဲ သူ့ဘာသာလူဖြစ်ချင်ဖြစ် နတ်ဖြစ်ချင်ဖြစ်နေမှာပေါ့ နင်ကသာ အစွဲအလန်းတွေကြီးပြီး ဒီဘဝကြီးကနေမပြောင်းလဲပဲ နေနေ သိလား ကိုယ့်ဘာသာလွတ်ရာကျွတ်ရာသွားတာမဟုတ်ဘူး”
ခင်လေးက အဖြူကို မျက်လုံးထောင့်ကပ်ကြည့်ကာ ဂြိုလ်ပေးနေရင်း မျက်ရည်တွေကျလာတော့သည်။ ဒီလိုကျပြန်တော့လဲ အဖြူမနေသာတော့ပဲ ခင်လေးကို သနားမိပြန်သည်။
“ငါက စေတနာနဲ့ပြောတာပါ မငိုနဲ့တော့ ခင်လေးနော် ဆရာလေးကခင်လေးကိုတကယ်ချစ်ခဲ့မှာပါ”
“ဟုတ်တယ် ဆရာလေးက ခင်လေးကိုချစ်တယ် အီးဟီး ခင်လေးဆီပြန်လာမှာ”
အဖြူမှာ ခင်လေးကို စိတ်ပျက်လက်ပျက်ကြည့်ရင်း။
“အေးအေး ထပ်မပြောတော့ဘူး ပြန်လာမှာပဲထားလိုက်တော့ ကျွန်မပဲမှားပါတယ် ကျေနပ်ပြီလား မငိုနဲ့တော့ မငိုနဲ့တော့ ဇာတ်ကားကြည့်မယ်”
Ipad ကိုဖွင့်ပြီး ခင်လေးကိုဇာတ်ကားပြဖို့ရွေးလိုက်သည်။
“နင် မမသိန်းနဲ့ကိုးရီးယားကားတွေသွားမကြည့်နဲ့တော့ အဲ့ဒီဇာတ်လမ်းတွဲတွေက လချီပြီးကြာတာ ငါတို့ပြန်သွားရင် နင်ကြည့်ရတော့မှာ မဟုတ်ဘူး ငါ့ဒီ Ipad ထဲကတစ်ကားထဲအပြီးတွေပဲကြည့်တော့ ဟာသကားကြည့်မလား”
“ဟုတ်ကဲ့မမ”
မငိုနဲ့တော့လို့ပြောတာကို ဆက်ငိုနေတဲ့ခင်လေးဟာ ဇာတ်ကားကြည့်မယ်အသံလဲကြားရော မျက်ရည်တွေသုတ်ပြီး အဖြူနံဘေးကို ရောက်လာပါတော့သည်။ အဖြူမှာ ခင်လေးကိုမျက်စောင်းခဲရင်း၊ အဖြူရဲ့မျက်စောင်းကို ခင်လေးက သဘောပေါက်စွာ ပြုံးစိစိဖြစ်လာရင်း နှစ်ယောက်သားတပြိုင်နက် ရယ်မိသွားလေသည်။ ခင်ကြတာ ရက်ပိုင်းလောက်သာ ရှိသေးပေမယ့် သူမတို့နှစ်ယောက်ဟာ တစ်ယောက်အကြောင်းတစ်ယောက်အတော်ကို သိနေကြလေပြီ။
================================================================
ကုတင်ပေါ်လှဲရင်း အဖြူကဖုန်းနဲ့သီချင်းနားထောင်၊ ခင်လေးက Ipad နဲ့ ဇာတ်ကားကြည့်ရင်း နှစ်ယောက်သား သာယာနေကြသည်။ ခင်လေးကြည့်နေတဲ့ ဇာတ်လမ်းထဲမှာ မင်းသားက သူ့ဖုန်းထဲကမင်းသမီးပုံကို ဖွင့်ကြည့်တာတွေ့ပြီး အဖြူကို မေးသည်။
“မမ မမဖုန်းထဲမှာကော ဦးထင်ပုံမရှိဘူးလား”
“ရှိတာပေါ့ အများကြီးရှိ”
“ခင်လေးကိုတစ်ခါမှလဲ မပြပဲ”
“ဟုတ်သားပဲ ကြည့်ချင်လား ငါကကြွားချင်လွန်းလို့ပါနော် မေ့နေတာ ဒီမှာကြည့် မိုင်ဘဲကြီးဘယ်လောက်သန့်လဲဆိုတာ”
ဖုန်းထဲက နှစ်ယောက်တွဲပုံတွေကို တစ်ပုံပြီးတစ်ပုံဆွဲပြလိုက်သည်။ အဖြူမှာ ခင်လေးကို အားရပါးရကြွားရင်း ဦးထင်ကိုလဲ အရမ်းကိုသတိရမိသွားသည်။ ဦးထင်မျက်နှာကို အနီးကပ် ဆွဲကြည့်ရင်း ပြုံးလိုက်မိသည်။ ရှင်ကြီးကော အဖြူကို သတိရရဲ့လား ဦးထင်ရယ်။
“တွေ့လား င့ါရဲ့ဦးထင်ဘယ်လောက်သန့်လဲ မိုက်လဲဆိုတာ အမ် ခင်လေးမ ဘယ်ရောက်သွားတာလဲ သူပဲပြပေးဆိုလို့လဲ ပြရသေးတယ် အခုတော့ဘယ်သွားလိုက်ပြန်ပြီလဲမသိ မပြောမဆိုနဲ့”
ဦးထင်ပုံကိုကြည့်နေရင်း ခင်လေးဘေးနားမှာမရှိတော့တာကို အဖြူသတိမထားမိလိုက်ပေ။ သူရှိတယ်ထင်လို့အဖြူကတော့ စကားတွေပြောနေလိုက်တာ။ ဒင်းကတော့ ထွက်သွားမှာကိုပြောလဲမသွား။ ကိုယ့်ဘာသာ ဦးထင်နဲ့ရိုက်ထားတဲ့ ပုံတွေကို ဆက်ကြည့်နေရင်း အတိတ်ကို သတိတရပြန်လည်တွေးကာ သိပ်မကြာခင်မှာပဲ အိပ်ပျော်သွားတော့သည်။
သန်းခေါင်ကျော်ချိန်မှာတော့ အိပ်ပျော်နေတဲ့အဖြူဟာ နိုးတဝက်၊ အိပ်တဝက်နဲ့စိတ်ထဲတစ်မျိုး ဖြစ်လာခဲ့သည်။ သူမကို တစ်ယောက်ယောက်က ကြည့်နေသလိုခံစားချက်မျိုးနဲ့ နိုးလာခဲ့ပြီး မျက်လုံးဖွင့်ကြည့်ချိန်မှာတော့။
“ဟင် လန့်လိုက်တာခင်လေးရယ် ဘာလို့ငါ့ကိုလာထိုင်ကြည့်နေတာလဲ”
ခြင်ထောင်ထဲဝင်ထိုင်ပြီး အဖြူမျက်နှာကို ငုံ့ကြည့်နေတဲ့ခင်လေးဟာ မေးတာကိုပြန်မဖြေပဲ ထုံပေပေနဲ့ဆက်ထိုင်နေသည်။
“ဟဲ့ ညသန်းခေါင်ကျော်နေပြီ ငါ့ဘာသာအိပ်နေတာကို ဘာလို့လာကြည့်နေတာလဲ ပြောစရာရှိလို့လား”
“ဟုတ်တယ် မမကိုမေးစရာရှိတယ်”
“ဘာမေးမလို့လဲ နောက်ရက်မှမေးလဲရတာကို”
“အခုမေးမှရမှာ”
အဖြူက အိပ်ချင်မူးတူးနဲ့ ခင်လေးမျက်နှာကိုသေချာမကြည့်မိပဲ အာသန်းလိုက်ရင်း။
“ကဲ မေးမေး ဘာမှန်းလဲမသိဘူး အဲ့ဒါမေးပြီးရင် ထပ်မနိုးနဲ့တော့ အိပ်နေပါတယ်ဆို”
“မမရဲ့ မမရဲ့ဦးထင်က မမကိုအရမ်းချစ်လားဟင်”
“အမ် အဲ့ဒါမေးမလို့လား ခဏခဏပြောဖူးသားပဲ ချစ်ပါတယ်ဆို”
အဖြူက စိတ်ပျက်လက်ပျက်ပြန်ဖြေရင်း တဘက်လှည့်ကာ ပြန်အိပ်ဖို့ပြင်လိုက်သည်။
“အဲ့ဒီလူက”
“အဲ့ဒီလူက ဘာဖြစ်လို့လဲ”
“အဲ့ဒီလူက ခင်လေးရဲ့ဆရာလေး မမရဲ့ဦးထင်မဟုတ်ဘူး”
“ဘာ”
ခင်လေးစကားကြောင့်အဖြူအိပ်နေရာမှ ငေါက်ခနဲထထိုင်လိုက်မိသည်။ အိပ်ချင်စိတ်တွေဘယ်ရောက်ကုန်မှန်းမသိတော့။
“နင်ဘာပြောလိုက်တယ်”
“အဲ့ဒီလူက ဆရာလေးလို့ ခင်လေးရဲ့ဆရာလေးပါမမရဲ့ အီးဟီး”
ပြောပြောဆိုဆိုနဲ့ငိုချလိုက်တဲ့ခင်လေးကို အဖြူအူကြောင်ကြောင်နဲ့ကြည့်နေမိသည်။
“နေဦး မငိုနဲ့ဦး ငါနားလည်အောင်ပြောဦးလေ ဦးထင်ကဘာလို့ဆရာလေးဖြစ်ရမှာလဲ”
“ခင်လေး သေချာမှတ်မိတယ် အဲ့ဒီလူက ဆရာလေးမမရဲ့ ဦးထင်မဟုတ်ဘူး”
ဒါဆို ဦးထင်က ဆရာလေး ဝင်စားတာများလား။ အဖြူမှာ အတွေးတွေချာချာလည်ရင်း ဇာတ်လမ်းတွေရေးနေမိသည်။
“ဆရာလေးဆုံးပြီး ဦးထင်အဖြစ်နဲ့ဝင်စားတာများလား”
“ဟုတ်မယ်ထင်တယ်နော်မမ”
နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေရင်း ပြိုင်တူမျက်နှာလွဲမိသွားသည်။
“ဟုတ်ချင်မှဟုတ်မှာပါ နင်လူမှားတာလဲဖြစ်ချင်ဖြစ်မှာပေါ့”
အဖြူက မဟုတ်စေချင်ပါ။ ဘာကြောင့်မှန်းမသိပေမယ့် ဆရာလေးနဲ့ဦးထင်ကို တစ်ယောက်ထဲမဖြစ်စေချင်ပါ။
“မမှားဘူး အဲ့ဒါဆရာလေးမှဆရာလေးအစစ်”
အဖြူမျက်နှာမသိမသာရှုံ့မဲ့သွားရင်း။
“တခြားပုံတွေထပ်ကြည့်မလား သေချာအောင်”
“ဟုတ်ကဲ့ ကြည့်ချင်တယ်”
ဒီတစ်ကြိမ်ပြဖို့တော့ အဖြူမှာ ပထမတစ်ကြိမ်လောက်မတက်ကြွတော့ပါ။ အဖြူလက်ထဲကဖုန်းကို မျက်တောင်မခတ်တမ်း လိုက်ကြည့်နေတဲ့ခင်လေးမျက်လုံးတွေကြည့်ရင်း ပိုပြီးမပြချင်တော့ပေ။ အဖြူစိတ်ပုတ်တယ်ပဲ ဆိုပါစေတော့။ ခင်လေးမျက်လုံးတွေက အမြတ်တနိုးရှိသောဆရာလေးပုံကို အလွန်အမင်းထပ်တွေ့ချင်နေပုံပင်။ အဖြူလဲ မိန်းမ၊ ခင်လေးလဲ မိန်းမဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ခြေမြင်မိကြပါသည်။ နှစ်ဦးစလုံးရဲ့ရင်ထဲ သဝန်တိုခြင်းတွေနဲ့။ မဟုတ်လောက်ပါဘူး။ အဖြူရဲ့ဦးထင်က ဘာလို့ သူ့ရဲ့ဆရာလေးဖြစ်ရမှာလဲ။
“ဒီမှာ သေချာကြည့်ကြည့် မဟုတ်ဘူးမလား”
“ဟုတ်တယ် အဲ့ဒါဆရာလေးပဲ သေချာကြည့်လေ ဆရာလေးဆိုတာ ပိုသေချာလေပဲ”
အဖြူကို ရွဲ့ဖြေနေသလားမှတ်ရသည်။ မကြားချင်သောစကားကိုသာပြောနေတဲ့ခင်လေးကို အမြင်ကတ်လာသလိုပင်။
“တော်ပြီဟယ် မကြည့်နဲ့တော့”
အဖြူက ဖုန်းကိုပိတ်ချလိုက်တော့ ဦးထင်ပုံတွေကြည့်နေတဲ့ခင်လေးမှာ ဆန့်တငင်ငင်ဖြစ်သွားပုံပေါ်သည်။
“မမကလဲ ကြည့်နေတုန်းရှိသေးတယ်”
“တော်ပြီ မကြည့်နဲ့တော့ နင်က ငါ့ဘဲကို အဲ့ဒီလို ချစ်ခိုးချစ်လျှံတွေဝေပြီးကြည့်နေတာ ငါမနာလိုတယ်”
“မမဘဲမဟုတ်ပါဘူးနော် ခင်လေးရဲ့ချစ်သူပါ”
“အောင်မာ လာသေးတယ် သူများဘဲကို ဘာနင့်ချစ်သူလဲ”
“မမနဲ့ကနောက်မှချစ်တာပါနော် ခင်လေးနဲ့အရင်ချစ်တာ”
အဖြူ မခံချင်ဖြစ်သွားရသည်။ သူကများ တပြန်တစီး လာကြောနေသေးသည်။
“နင့်ဘာသာသူများချစ်သူပုံကိုကြည့်ပြီး နင့်ချစ်သူဖြစ်စေချင်လို့လိမ်ပြောနေလားမသိ နင့်ဆရာလေးကိုငါမှမမြင်ဖူးပဲ သူနဲ့အရင်ချစ်တာ လာပြောနေသေးတယ် ဟွန်း”
“မလိမ်ပါဘူး ဘာလို့လိမ်ရမှာလဲ ခင်လေးကဆရာလေးကိုဘယ်လောက်ချစ်လဲ မမအသိဆုံးပဲကို မမချစ်သူကို ဘာလို့ ခင်လေးချစ်သူဖြစ်စေချင်ရမှာလဲ ခင်လေးရဲ့ဆရာလေးမို့ဆရာလေးလို့ပြောနေတာပေါ့”
သူပြောတော့လဲ ဟုတ်သလိုပင်။ ခင်လေးမညာလောက်ဘူးဆိုတာကို အဖြူသိနေပေမယ့်လဲ။ တစ်ခွန်းမခံ ပြန်ပြောနေတဲ့ ခင်လေးကို ပိုအမြင်ကတ်လာမိသည်။
“မသိပါဘူး ဘာလို့သိရမှာလဲ”
“မမနော် ကလေးလဲမဟုတ်ပဲ ကလေးလိုလုပ်မနေနဲ့ ခင်လေးပြောတာအမှန်တွေဆိုတာ မမသိရဲ့သားနဲ့”
“အရင်တုန်းကတော့သိတယ် အခုတော့မသိတော့ဘူး”
စကားကိုကပ်သပ်ပြောနေရင်း အဖြူ ရယ်ချင်လာမိသည်။ ကဲ ကြည့်စမ်း။ အဖြူရဲ့အဖြစ်အပျက်တွေဟာ ဘယ်လောက်ထိ အူကြောင်ကြောင်နိုင်လိုက်သလဲ။ ရည်စားအများကြီးထားဖူးခဲ့တဲ့ဦးထင်ကို တခြားမိန်းကလေးတွေနဲ့ သဝန်မတိုရပဲ သရဲမနဲ့မှ သဝန်လာတိုနေရတဲ့အဖြစ်။ ကိုယ်ချစ်သူကို ပြိုင်လုမယ့်သူပေါ်လာတာ သရဲမတဲ့လား။ အဖြူ စိတ်မထိန်းနိုင်တော့ပဲ တဟားဟားရယ်ချလိုက်တော့သည်။ အဖြူမတို့များ ဖြစ်လိုက်ရင် သူများနဲ့ကိုမတူပါဘူးဆို။
“ဘာလို့အကျယ်ကြီးရယ်တာလဲ လူကြီးတွေနိုးလာတော့မယ်မမရဲ့”
အဖြူက ပါးစပ်ကိုလက်နဲ့ပိတ်လိုက်ပေမယ့် အရယ်မရပ်နိုင်သေးပေ။
“နေပါဦး ဟား ဟား ဟား ငါရယ်ပါရစေဦး ဟား ဟား”
ဦးထင်ကို သရဲမရဲ့ချစ်သူဟောင်းမဖြစ်စေချင်ပဲ သဝန်တိုနေတဲ့ကိုယ့်ကိုကိုယ်လဲ ရယ်ချင်မဆုံးတော့ပေ။
“ဟဲ့ အဲ့ဒါကြောင့်ခုနကနင်ထွက်သွားတာလား”
“ဟုတ်တယ် ခင်လေးဝမ်းနည်းလို့ထွက်သွားတာ ခင်လေးမှာတော့ချစ်လိုက်ရတာ ဆရာလေးကတော့ တခြားချစ်သူ ထပ်ရနေပြီ ခင်လေးကိုသတိတောင်မရတော့ဘူးနော်”
ခင်လေး တကယ်ကိုဝမ်းနည်းရပါသည်။ မမကိုအရမ်းချစ်တဲ့ဦးထင်အကြောင်းကြားတုန်းက မမအတွက်ဝမ်းသာခဲ့ပေမယ့် ထိုလူဟာ ခင်လေးရဲ့ဆရာလေးဆိုတာသိသိချင်းမှာပဲ သဝန်တိုစိတ်ကလဲ ထိန်းမရခဲ့ပေ။
“အမယ်မယ် ဆရာလေးမဟုတ်ပါဘူး ဦးထင်ပါနော်”
“မသိဘူး ခင်လေးအတွက်တော့ဆရာလေးပဲ”
ပေကပ်ကပ်ပြန်ဖြေနေတဲ့ခင်လေးမျက်နှာကိုကြည့်ရင်း အဖြူအတွက် အခွင့်အရေးရလာပြီဆိုတာ အခုမှသတိရသွားသည်။ ဦးထင်က ဆရာလေးဖြစ်တာ ပိုကောင်းပေးလိမ့်မည်။ ဒါမှသာ ခင်လေးဒီသရဲဘဝက ကျွတ်လွှတ်ပေလိမ့်မည်။
“ဟုတ်တယ် ဖြစ်နိုင်တယ် ဦးထင်ကဆရာလေးဆိုတာ”
ရုတ်တရက်လေသံပြောင်းသွားတဲ့အဖြူကို ခင်လေးက အံ့သြပြီးကြည့်နေမိသည်။ ခုလေးတင် မဟုတ်ဘူးဇွတ်ငြင်းနေပြီး။
“နင်သိနေတယ်ဆို ဆရာလေး ဒီကိုရောက်လာတော့မယ်ဆိုတာ”
“ဟုတ်”
“ဦးထင်ပြန်ရောက်တော့မှာလေ မနက်ဖြန်ဆိုရန်ကုန်ရောက်ပြီ ရန်ကုန်ရောက်ပြီးသုံးလေးရက်နေရင် ငါတို့ကိုလာကြိုမှာ အဲ့ဒါကြောင့် နင့်စိတ်ထဲဆရာလေးရောက်လာတော့မယ်ဆိုပြီး သိနေတာပေါ့ ဟုတ်တယ်မလား”
ကြောင်တောင်တောင်နဲ့ခေါင်းငြိမ့်ပြနေတဲ့ခင်လေးကိုကြည့်ပြီး အဖြူကြိတ်ပြုံးလိုက်မိသည်။
“ဆရာလေးဘဝတုန်းက နင့်ဆီဘာလို့ပြန်မလာခဲ့လဲတော့မသိဘူး အခုဦးထင်ဘဝနဲ့တော့လာတယ် တွေ့တယ်မလား ငါ့ဦးထင်က နင့်ဆရာလေးထက်စိတ်ထားကောင်းတယ်ဆိုတာ”
ခင်လေးမျက်နှာမသိမသာမဲ့သွားရင်း။
“မမရဲ့ဦးထင်လာရင် ဆရာလေးဘာကြောင့်ပြန်မလာလဲသိရမှာပေါ့”
မကျေမနပ်ပြန်ပြောတဲ့ခင်လေးကို အဖြူကပေစောင်းစောင်းပြန်ကြည့်လိုက်သည်။
“ဦးထင်ကဘယ်လိုလုပ်သိမလဲ တကယ်လူဝင်စားဆိုရင်တောင် အရင်ဘဝကအကြောင်းတွေဘယ်မှတ်မိပါ့မလဲ”
အရင်ဘဝကအကြောင်းတွေ မေးဖို့မပြောနဲ့ အခုလိုသရဲမနဲ့စကားပြောနေပါတယ်လို့ပြောရင်တောင် အဖြူစိတ်ကူးယဉ်ပြီး လျှောက်ပြောနေပါတယ်လို့ မထင်ရင်ကံကောင်း။
“သိနေမယ်ထင်တာပဲ ခင်လေးကတော့”
“အမ် နင်ကဘယ်လိုသိ”
“ဘယ်လိုသိလဲဆိုတာတော့မသိဘူး ဒါပေမယ့် ဦးထင်သိနေမယ်ဆိုတာတော့ ခင်လေးသိတယ်”
“အေး အေး ကောင်းပါတယ် အဲ့ဒါပဲ သူ့စကားကိုနားလည်အောင်မနည်းနားထောင်နေရတယ် တကယ်ပဲ”
အဖြူက ခင်လေးကိုမျက်စောင်းထိုးလိုက်ရင်း ခပ်ရွဲ့ရွဲ့ပြောလိုက်သည်။
“တော်ပြီ တော်ပြီ ငါအိပ်တော့မယ် မနက်ဖြန်ညကျမှ ဦးထင်ကိုမေးပေးမယ်”
“ခင်လေးလဲကြားချင်တယ်”
“အိုကေ မနက်ဖြန်ည အတူတူမေးကြမယ်”
ဘယ်သူမှ ဖြန်ဖြေစရာမလိုပဲ နှစ်ယောက်သားပြေလည်မှုတွေရသွားကြပြန်သည်။
================================================================
“ဟယ်လို ဦးထင်”
“ဟယ်လို အဖြူလေး”
Video Call ပြောနေရင်း ဖုန်းထဲကဦးထင်ကို လွမ်းဆွတ်စွာကြည့်ကာ ချွဲနွဲ့ချင်မိသည်။ သို့ပါသော်လည်း ဘေးနားမှာ ရှိနေသော ခင်လေးကြောင့် စကားကိုလွတ်လွတ်လပ်လပ်မပြောရပေ။ အဖြူက ခင်လေးကြားအောင် ဦးထင်နဲ့ Video Call ပြောတာကို နားကြပ်တပ်ထားပေ။ ခင်လေးကတော့ ဖုန်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလေသည်။
“သတိရလိုက်တာအဖြူရယ် ဦးထင်အလုပ်တွေပြီးတာနဲ့လာခဲ့မယ်နော် အော် ပြောဖို့မေ့နေတာ ပစ္စည်းလိမ်သွားတဲ့လူကို ဖမ်းမိထားပြီတဲ့ အန်တီကိုပြောလိုက်ဦးနော် စိတ်အေးရအောင်”
“အမလေး တော်သေးတာပေါ့ဦးထင်ရယ် အခုအမေကိုသွားပြောလိုက်မယ် ခဏစောင့် ဖုန်းကိုဒီတိုင်းထားခဲ့မယ်နော်”
အဖြူက ခင်လေးကိုခေါင်းတစ်ချက်ငြိမ့်ပြပြီး ထွက်သွားသည်။ ဖုန်းထဲကမြတ်ထင်ကိုကြည့်ရင်း ခင်လေးငိုချင်နေမိသည်။ ဒီလူဟာဆရာလေးဆိုတာ သေချာပါသည်။ ရုပ်တူရုံတင်မက အသံပါတူပါသည်။ ရယ်လိုက်ရင်ပေါ်လာတဲ့ သွားတန်း ညီညီလေးတွေနဲ့လဲ တူပါသည်။ ဒါဟာ ခင်လေးရဲ့ဆရာလေးပါ။ ဒါပေမယ့် အရင်ကဆရာလေးမဟုတ်တော့။ အရင်ဘဝက သိပ်ချစ်ခဲ့ဖူးတဲ့ခင်ခင်လေးဆိုတဲ့မိန်းကလေးကို လုံးဝမသိတဲ့ ဦးမြတ်ထင်ဖြစ်နေပါပြီ။
မြတ်ထင်ကတော့ သူ့ကိုကြည့်နေတဲ့ခင်လေးကို မမြင်ပဲ တစ်ယောက်ထဲသီချင်းတိုုးတိုး ဆိုနေသည်။ ခင်လေးမှာ မြတ်ထင်ကို တမ်းတမ်းတတကြည့်ရင်း အရင်အချိန်တွေကို ပြန်သတိရမိသည်။ ဆရာလေးရယ် ခင်လေးကို မေ့ရက်တယ်။ ခင်လေးမှာတော့ ဆရာလေးပြန်လာမှာကို စောင့်နေခဲ့ရတာ။ အခုတော့ ချစ်သူအသစ်နဲ့ပျော်နေပြီပေါ့။
အဖြူက အမေကိုပြောပြီး အခန်းထဲပြန်ဝင်လာချိန်မှာ ခင်လေးတစ်ယောက် ဖုန်းကိုကြည့်ရင်း ငိုမဲ့မဲ့ဖြစ်နေလေသည်။
“ရှုး”
အဖြူက မငိုဖို့ သတိပေးတဲ့ပုံနဲ့ ရှုးဆိုပြီးတစ်ချက်လုပ်လိုက်သည်။
“လာပါပြီ  အမေနဲ့မမသိန်းဝမ်းသာနေကြတယ် ဦးထင်မသိလို့ ဒီရက်ပိုင်းအမေတို့အတော်ကိုစိတ်ဆင်းရဲနေကြတာ အခုလဲ မောင်မြတ်ထင်ရှိလို့သာ တော်သေးတယ်ဆိုပြီး ဦးထင်ကို ကျေးဇူးတင်နေကြတာ”
“တင်စရာမလိုပါဘူး သမက်လောင်းပဲကို နော့”
အဖြူက ဖုန်းထဲကနေ ပြုံးစိစိနဲ့စနေတဲ့ မြတ်ထင်ကို မျက်စောင်းထိုးလိုက်သည်။
သမက်လောင်းဆိုတဲ့စကားကြောင့် ခင်လေးရင်ထဲ နင့်ခနဲ ခံစားလိုက်ရသည်။ ဆရာလေးဟာ ဒီဘဝမှာ မမနဲ့ လက်ထပ်မယ့်သူဆိုတဲ့ အမှန်တရားကို အခုချိန်ထိ လက်မခံနိုင်သေးပေ။ ခင်လေးကို မသိသောဦးမြတ်ထင်ကို ဆရာလေးလို့ပဲ ထင်နေမိပါသေးသည်။
“ဘာသမက်လောင်းလဲ ဦးထင်နော်”
စိတ်ဆိုးသလိုလေသံနဲ့ပြန်ဖြေပေမယ့် ကျေနပ်နေတဲ့မမမျက်နှာပြုံးစိစိကိုကြည့်ရင်း မနာလိုမိပြန်သည်။ ကိုယ့်ကိုစေတနာ အပြည့်ထားပြီးကူညီနေတဲ့မမကို ခင်လေးက စိတ်ပုတ်ပြီးမနာလိုနေတယ်တဲ့လား။ ခင်လေးဟာ အတော်ကိုဆိုးတဲ့လူပါ။ မမ မကြားအောင်သက်ပြင်းကြိတ်ချလိုက်မိသည်။
“မဟုတ်လို့လား ယောက္ခမကိုစောင့်ရှောက်ရမှာ သမက်ကျင့်ဝတ်ငါးပါးထဲပါတယ်”
“အမ် ဘာသမက်ကျင့်ဝတ်လဲ ဦးထင်လျှောက်ပြောနေကွာ တော်ပြီ အဖြူမေးစရာရှိလို့”
“ဟားဟား ဟုတ်ပါပြီဗျာ ဘာမေးမလို့လဲမေးပါ”
“ဒီအိမ်အကြောင်းမေးမလို့”
“အင်း ဘာဖြစ်လို့လဲ အဲ့ဒီအိမ်က”
“ဒီအိမ်ကိုဦးထင်အမွေရထားတာဆို”
“ဟုတ်တယ်လေ ကိုယ့်အဖိုးအမွေပေးထားတာ”
“အဖိုးနာမည်က ဦးမောင်မောင်တင်လားဟင်”
“အာ အဖြူအဲ့ဒီနာမည်ဘယ်လိုသိတာလဲ အဲ့ဒါအဖိုးနာမည်မဟုတ်ဘူး အဖိုးရဲ့အဖိုးလေးနာမည်”
“အဖိုးရဲ့အဖိုးလေးနာမည်တဲ့”
အဖြူက ခင်လေးကိုတစ်ချက်ကြည့်ရင်း ပါးစပ်ကတီးတိုးရွတ်မိသွားသည်။
“ဘယ်သူ့ကိုပြောနေတာလဲအဖြူ”
“ဘယ်သူ့ကိုမှမပြောပါဘူး အဖြူစဉ်းစားနေတာပါ”
“ကိုယ်တောင် အဲ့ဒီဦးမောင်မောင်တင်ဆိုတဲ့နာမည်ကိုမေ့နေပြီ အဖြူကဘယ်ကသိတာလဲ”
“အင်း ဘယ်လိုသိလဲဆိုတော့ ဒီမြို့ကတခြားလူတွေပြောတာကြားဖူးတာပါ”
“ဟုတ်လား ဒီလောက်ကြာနေပြီကို အဖိုးလေးနာမည် သိတဲ့လူတွေရှိသေးလို့လား”
“အမ် ဟုတ်သား အဲ မဟုတ်ဘူးလေ ဦးထင်ပြောမှပဲ အဖြူမေးချင်တာတွေမေ့ကုန်ပြီ”
“ဟားဟား ဒီကလေးမလေးကတော့ ဘာမေးမလို့လဲ ကိုယ်လဲသိပ်မသိဘူး အဲ့ဒီအိမ်ကိုလဲတစ်ခါမှရောက်ဖူးတာမဟုတ်ဘူး ငယ်ငယ်တုန်းကအဖိုးပြောသလောက်တော့သိတယ် ကြာပြီဆိုတော့မေ့သလိုတောင်ဖြစ်နေပြီ”
“အဖိုးက ဘာပြောခဲ့တာလဲဟင်”
“အင်း အဲ့ဒီအိမ်ပိုင်ရှင်အဖိုးလေးကလူပျိုကြီးတဲ့ အဖိုးကသူ့အဖိုးလေးကိုအရမ်းချစ်တာ အဲ့ဒါကြောင့် ကိုယ်ငယ်ငယ်တုန်းက အိပ်ရာဝင်ပုံပြင်လိုပဲ အဖိုးလေးအကြောင်း နားထောင်ခဲ့ရတာ နေဦး ဘာတွေပြောခဲ့လဲပြန်စဉ်းစားကြည့်ဦးမယ်”
“ဟိုဟာလေ”
“အင်း ဘယ်ဟာလဲ”
“ဦးထင်ကလေ အဲ့ဒီအဖိုးလေးဝင်စားတာလားဟင်”
“ဟောဗျာ အဖြူက ဘယ်လိုသိတာလဲ အဖိုးပြောတာတော့ အဖိုးလေးဝင်စားတာတဲ့ ကိုယ်နဲ့အမူအကျင့်တွေရော ရုပ်ရော ချွတ်စွပ်တူတယ်ဆိုလားပဲ ဒါကြောင့် အဲ့ဒီအိမ်ကို ကိုယ့်ကိုအမွေပြန်ပေးခဲ့တာ နေပါဦး အဖြူကအဲ့ဒီအကြောင်းတွေကို ဘယ်လိုသိနေတာလဲ ကိုယ်တစ်ခါမှ မပြောပြဖူးဘူးနော် ပြောဖို့မပြောနဲ့ ကိုယ်တောင်မေ့နေတာကြာပြီ”
“ဦးထင်ရဲ့အဖိုးရှိသေးလားဟင်”
“အဖိုးဆုံးသွားတာကြာပြီ ဆယ်နှစ်လောက်ရှိပြီ ဘာဖြစ်လို့လဲအဖြူ ကိုယ်မေးတာပြန်ဖြေဦးလေ အဖြူတခုခု ဖြစ်နေတယ်ဆိုတာ ကိုယ်သိတယ်”
အဖြူ့အကြောင်းကိုအင်မတန်သိပြီး မသင်္ကာသလိုမေးနေတဲ့ဦးထင်ကို အခုအချိန်မှာ ခင်လေးအကြောင်းပြောပြလိုက်လို့ မဖြစ်ပေ။ အဖြူကို အမေတို့နည်းတူ ဂေါက်သီးမလို့ထင်ပေးလိမ့်မည်။
“ဦးထင်လာမှပြောပြမယ် အခုပြောရင်အဖြူကို စိတ်ကူးယဉ်ပြီးလျှောက်ပြောနေတယ်လို့ပြောမှာသေချာတယ်”
“ဟမ် ဘာမှတောင်မပြောပြရသေးပဲ အဖြူကတော့ တကယ့်ကောင်ပဲကွာ ပြီးရော အမြန်ဆုံးလာနိုင်အောင်ကြိုးစားမယ်”
“အင်း မြန်မြန်လာ အဖြူလွှမ်းလှပြီ”
“ဟုတ်ပါပြီဗျာ ဒါဆိုမနက်ဖြန်မှပြောတော့မယ်နော် ကိုယ်နားလိုက်ဦးမယ် လေယာဉ်အကြာကြီးစီးထားရတာ”
“ဟုတ် ဦးထင် Good Night ပါ အိမ်မက်မက်ရင်လဲ အဖြူကိုထည့်မက်ဦး”
“အဲ့ဒါတော့ ဘယ်အာမခံနိုင်မလဲ”
“ကြည့် ပြန်လာပြီးမှလေသံတွေပြောင်းနေတယ်နော် ဦးထင်”
“ဟားဟား အိမ်မက်ပါဆိုသူ့ဘာသာမက်ချင်တာမက်မှာပေါ့ ကိုယ်မက်ချင်တာမက်လို့မှမရတာ စတာစတာ မစရတာ ကြာလို့ သတိရနေတာ ဟေး နုတ်ခမ်းကြီး ဖုန်းထဲကနေထွက်လာတော့မယ် အဲ့လောက်ထိထော်မနေနဲ့ ဘိုင်ဘိုင် ဂျစ်တူးလေး မနက်ဖြန်မှဆက်စတော့မယ် ဟားဟား”
“ဘိုင်ဘိုင် အာဘွား”
ဦးထင်နဲ့ဖုန်းထဲကနေ အပြန်အလှန်အာဘွားပေးနေချိန်မှာတော့ ခင်လေးကို မေ့သွားခဲ့ပါသည်။ အဖြူ ဖုန်းကိုခေါင်းအုံး နဘေးထားလိုက်ပြီး ခင်လေးကိုကြည့်လိုက်ချိန်မှာ မရွှေချောက မနာလိုအူတိုပြီး စူပုတ်ပွနေလေသည်။
“ဘာဖြစ်နေတာလဲ”
“ဘာမဖြစ်ပါဘူး”
မသိပဲနေမလား။ မြွေမြွေချင်းခြေမြင်တာကို။ မျက်နှာထားကိုက မနာလိုအူတိုနေတာ အသိသာကြီးကိုများ။ ခင်လေးမတို့ ပေါ်တင်ညာနေသေးသည်။ အဖြူလဲ ခင်လေးကို မကျေမနပ်ကြည့်နေရင်း ကိုယ့်အဖြစ်ကို သတိရသွားမိပြန်သည်။ ကဲ အဖြူလဲ လူပဲမို့ မကျေမနပ်သဝန်တိုစိတ်လေးရှိပေမယ့် ဒီသရဲမလေးကိုတော့ အလျော့ပေးရပါမည်။
“မနာလိုမနေနဲ့ သူနဲ့ငါနဲ့ကအခုဘဝမှာချစ်သူတွေ နင်နဲ့ကလွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်လောက်ကချစ်သူတွေ”
“ခင်လေးက ဘာပြောနေလို့လဲ”
“ပြီးရောလေ သူပဲနုတ်ခမ်းထော်လန်နေပြီးတော့ မသိတာကျနေတာပဲ ဟွန်း ခုနကဦးထင်ပြောတာနင်လဲကြားတယ်မလား”
“ဟုတ်”
“တခြားဟာတွေက ဦးထင်ဒီကိုရောက်တာနဲ့မေးပေးမယ် ဆက်မေးနေရင် င့ါကိုဂေါက်သီးမလို့ထင်သွားတော့မှာ”
“ဟုတ်”
မကောင်းတတ်လို့သာတဟုတ်ဟုတ်ပြန်ဖြေနေရသောခင်လေးကိုကြည့်ပြီး အဖြူအသဲယားလာမိသည်။ ကိုယ့်မှာတော့ သူ့အပေါ်စေတနာထားလိုက်ရသည်။ ဒင်းကတော့ အကြံတူရန်သူလို့သဘောထားသလားပင်။
“နင်နော် ငါ့ကိုအဲ့ဒီလို ကလန်ကဆန်လုပ်နေလို့ကတော့ ဦးထင်ကိုမလာခိုင်းပဲနေလိုက်မှာ”
“ဘယ်မှာကလန်ကဆန်လုပ်နေလို့လဲ ကောင်းကောင်းဖြေနေတာကို”
“ဟွန်း မသိတာကျနေတာပဲ ခင်လေးမ ညီးအကြောင်းကို ကျုပ်ကကောင်းကောင်းသိနေပြီ သိလား”
“မမအကြောင်းကိုလဲ ခင်လေးသိပါတယ်နော် ခုနတုန်းက ဆရာလေးနဲ့ အာဘွားအာဘွား လုပ်နေကြတာ ခင်လေး ရှိမှန်းသိလို့ တမင်လုပ်ပြနေတာမလား မမကအကျင့်ပုတ်တာ”
“အောင်မာ သူများဘဲနဲ့သူများ အာဘွားရှလူးတာ အပြစ်လား တမင်လုပ်ပြတယ်ကလာစွပ်စွဲနေသေးတယ် အံ့သြပ နင့်ကို ဘာလို့တမင်လုပ်ပြနေရမှာလဲ အရင်ကတည်းကအဲ့လိုပြောနေကျပဲဟာ”
“ဟင် အမြဲတမ်းအဲ့ဒီလိုလုပ်တယ်ပေါ့”
“အင်းလေ သမီးရည်းစားပါဆို ကျွတ် နင့်ကိုပြောပြရတာလဲခက်လိုက်တာ”
ခင်လေးက အဖြူကို ရှုံ့မဲ့ကာ စိတ်ပျက်လက်ပျက်ပုံစံနဲ့ကြည့်နေလေသည်။
“ကဲ တော်ပါပြီ အဲ့ဒါတွေထားလိုက်တော့ အရေးကြီးတာဆက်ပြောမယ် အခုဆရာလေးလာတော့မှာဆိုတော့ နင်လဲ သရဲဘဝကကျွတ်ချိန်တန်လို့ဖြစ်မယ် ငါတို့မပြန်ခင်နင့်အတွက်အလှူလုပ်ပေးမယ် ဒါမှနင်ဒီဘဝကကျွတ်မှာ”
ဘာမှမကြားသလို မျက်လွှာချကာမထုံတက်သေးလုပ်နေတဲ့ခင်လေးကို အဖြူစိတ်မရှည်ချင်တော့။
“ဟဲ့ ငါပြောနေတာကြားလား”
“ကြားပါတယ်”
“ခင်လေး နင်ဟာလေ အတော်ခေါင်းမာတဲ့ကလေးမ လူကြီးပြောတာနားထောင်မှပေါ့”
“ဆရာလေးက ခင်လေးဆီဘာလို့မပြန်လာတော့တာလဲ ခင်လေးသိချင်သေးတယ်”
“အေးလို့ မေးပေးမယ်လို့ ငါထင်တာတော့နင်ဆုံးပြီဆိုတာ ကြားလို့မလာတော့တာဖြစ်နိုင်တယ်”
“ဟုတ်သားပဲနော် ဒါကြောင့်ပြန်မလာတော့တာများလား”
“အင်းလေ နင်ခုနကကြားတယ်မလား ဆရာလေးကအိမ်ထောင်မပြုဘူး လူပျိုကြီးတဲ့ နင့်ကိုဘယ်လောက်ထိချစ်ခဲ့လဲ စဉ်းစားကြည့်”
ပြောနေရင်းနဲ့အဖြူရင့်ထဲ မနာလိုစိတ်လေးက ခေါင်းပြူခဲ့ပြန်သည်။
ကြည့်စမ်း။ ဆရာလေးက ခင်လေးကိုချစ်လိုက်ပုံများ။ အဖြူသာမရှိရင် ဦးထင်တို့လူပျိုကြီးဘဝနဲ့နေမယ်မထင်ပါ။ ဆရာလေးဘဝတုန်းက တည်ကြည်သလောက် ဦးထင်ဘဝမှာ ရှုပ်ပွေလွန်းလှတဲ့သူပင်။
ကိုယ့်အတွေးနဲ့ကိုယ်ခေါင်းခါယမ်းမိရင်း မနာလိုလာသောအတွေးတွေကို အမြန်ရပ်ပစ်လိုက်သည်။
“ဘာလို့ခေါင်းခါတာလဲမမ”
“ဘာမှမဟုတ်ဘူး လျှောက်တွေးနေမိလို့ မတွေးချင်တော့လို့ယောင်ပြီးခေါင်းခါမိတာ တကယ်ပဲ အကုန်လိုက်မေးနေတာပဲ”
“မသိဘူးလေ ဆရာလေးလူပျိုကြီးဘဝနဲ့ဆုံးတယ်ဆိုတာမဟုတ်ဘူးလားလို့”
“အမယ် နင်က နင့်ချစ်ချစ်ကြီးကိုမယုံဘူးလား”
“ယုံပါတယ် ဆရာလေးကခင်လေးကိုအရမ်းချစ်တာ”
“နင်ကဘယ်လိုသိ”
“သိတာပေါ့ အကြည့်တွေနဲ့ကိုသိသာတယ် ခင်လေးကိုကြည့်ရင်ဆရာလေးမျက်လုံးလေးကနူးညံ့ပြီးအကြင်နာတွေအပြည့်နဲ့”
ဆရာလေးအကြည့်တွေကို ပုံဖော်ပြောဆိုနေတဲ့ခင်လေးဟာ အခုအချိန်မှာတော့ သရဲမနဲ့လုံးဝမတူပဲ ရှက်သွေးဖြာနေတဲ့ အပျိုဖြန်းလေးလို လှပနေပါသည်။ ခင်လေးရဲ့ဒီပုံစံလေးကို အဖြူတောင်အသဲယားပြီး ငေးကြည့်နေမိတာ။ ဦးမြတ်ထင်တို့ ဘယ်လောက်များချစ်ခဲ့မလဲ။ ရင်ထဲက မနာလိုဝန်တိုခြင်းတွေကို မြိုချလိုက်ရင်း။
“ခင်လေးကလဲ ဆရာလေးကိုစတွေ့တွေ့ချင်းမှာပဲ ရင်ထဲကဘယ်လိုဖြစ်မှန်းကိုမသိပါဘူးမမရယ်”
“မသိတာပဲကောင်းပါတယ်”
“အမ် ဘာဖြစ်လို့လဲမမ”
“အော် ဘာမဖြစ်ပါဘူး မသိဘူးဆိုလို့မသိတာပဲကောင်းပါတယ်လို့”
“မဟုတ်ဘူးလေမမကလဲ မသိဘူးဆိုတာ သိတယ်ကိုပြောတာ”
“တော်ပြီခင်လေး မုန့်လုံးစက္ကူကပ်မနေနဲ့ အရင်ကတည်းကကြားဖူးပြီးသားကို ခဏခဏလာပြောပြနေတာ”
အဖြူဟာ ဘဝမကူးပဲ ဝေေ၀နဲ့အမွန်ကို နားဒုက္ခပေးခဲ့တဲ့ဝဋ်တွေ လည်နေသလိုခံစားမိသည်။ သူတို့ကမှ ဘာခံစားချက်မှ မရှိပဲ အေးဆေးနားထောင်လို့ ရသေးသည်။ အဖြူကတော့ မနာလိုအူတိုခြင်းတဝက်နဲ့ နားထောင်ပေးနေရသည်။
“ခင်လေးကိုနားလည်ပေးပါမမရဲ့”
“ဟေ အေးအေး နားလည်ပေးပါတယ် ဆက်ပြောပါ နားထောင်ပေးပါ့မယ်ရှင်”
“အဟီဟီ မမကအရမ်းချစ်ဖို့ကောင်းတာပဲ ဆရာလေးနဲ့ဦးထင်တူတူပဲဆိုတာသိလိုက်တဲ့အချိန်တုန်းက ခင်လေးလေ မမကို မနာလိုမိတယ်သိလား အခုတော့အဲ့ဒီအတွေးတွေမရှိတော့ဘူး”
“အခုတော့ ဘာလို့မရှိတော့တာလဲ”
“မမကလှလဲလှ စိတ်ထားလဲကောင်းတာကို ခင်လေးက ဆရာလေးနဲ့ လက်ထပ်ဖို့ အရမ်းကိုသဘောတူတယ် လုံး၀ သဝန်မတိုတော့ဘူး မနာလဲမလိုတော့ဘူး”
အဖြူ ခင်လေးကို စိတ်ပျက်လက်ပျက်ကြည့်ရင်း တွေးမိသွားသည်။ စစချင်း ဦးထင်မိဘတွေသဘောတူပါ့မလားလို့ စိတ်ပူခဲ့ရသည်။ နောက်တော့ ဦးထင်တူမတော်။ အခုတော့ ဦးထင်ရဲ့ဘဝဟောင်းကချစ်သူ။
အဖြူ့ဘဝမှာ ဦးထင်နဲ့လက်ထပ်ဖို့အရေး သဘောတူညီချက်တွေ အဆင့်ဆင့် တောင်းခံလာခဲ့ရသလိုပင်။
“အင်း အင်း ကျေးဇူးတင်ပါတယ် ဘဝဟောင်းကချစ်သူကပါသဘောတူတယ်ဆိုတာ့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်”
ရင်ဘတ်ကိုလက်နဲ့ဖိပြီး ဦးညွှတ်ကာပြောလိုက်တဲ့ အဖြူရဲ့ရွဲ့တဲ့တဲ့ကျေးဇူးတင်စကားကို ခင်လေးက သဘောကျကာ တဟိဟိရယ်နေလေသည်။
“ခင်လေးလဲအမှန်ကိုလက်ခံနိုင်ရမှာပေါ့ ဆရာလေးနဲ့ဘဝခြားနေပြီ ပေါင်းစပ်ဖို့ကံမပါလာတာကို ဒီအတိုင်းဆက်နေလို့ မဖြစ်တော့ဘူးနော်”
“ဟုတ်တယ် ဒါဖြစ်သင့်တယ် အစကတည်းကအဲ့ဒီလိုအတွေးဝင်သင့်တာ”
ခင်လေးစိတ်မပြောင်းခင် အဖြူက အလျင်အမြန်ထောက်ခံလိုက်သည်။
“ဒါပေမယ့် ခင်လေးသိချင်တာတွေကိုမေးပေးဦးနော်မမ ဆရာလေးရောက်မှခင်လေးအတွက်ကုသိုလ်ပြုအမျှဝေပေးပါနော်”
“မပူနဲ့ ဆရာလေးကိုယ်တိုင် ရေစက်ချအမျှဝေခိုင်းမယ် ခင်လေးက ဆရာလေးဘေးကထိုင်ပြီး သာဓုခေါ်နော်”
လေးလေးပင်ပင်ခေါင်းငြိမ့်ပြတဲ့ခင်လေးကို ကြည့်ရင်း အဖြူပြုံးလိုက်မိသည်။ ဦးထင်က ဆရာလေးဖြစ်နေတာကိုပင် ကျေးဇူးတင်ရမလိုပင်။ နောက်ဆုံးတော့ အဖြူရဲ့ Mission Complete ဖြစ်ဖို့နီးလာပါပြီ။
================================================================
မနက်ဖြန်ဆိုဦးထင်ရောက်လာတော့မယ်ဆိုတော့ အဖြူမှာ အမေနဲ့မမသိန်းကို ဆွမ်းကပ်ချင်တဲ့အကြောင်းတိုင်ပင်ရသည်။
“သဘက်ခါက သီတင်းကျွတ်လပြည့်နေ့သမီးရဲ့ ပြီးတော့ဘာမှကြိုပြီးလုပ်ထားတာလဲမရှိပဲ အခုမှဘာစိတ်ကူးပေါက်လို့ ဆွမ်းကပ်ချင်ရတာလဲ ကပ်ချင်လဲ လပြည့်ကျော်ပြီးမှ ကပ်ကြတာပေါ့”
“အမေကလဲ လပြည့်ကျော်ပြီးရင် အိမ်ပြန်ကြတော့မှာကို မနက်ဖြန်ဦးထင်တောင်ရောက်လာတော့မှာလေ ပြီးတော့ သမီးက လပြည့်နေ့ပဲလုပ်ချင်တာ”
အဖြူက ခင်လေးဆုံးပါးသွားတဲ့လပြည့်နေ့မှာပဲ ဆွမ်းကပ်ပေးချင်မိသည်။
“ဟုတ်သားပဲမမရဲ့ ဒီအိမ်ရောက်တာ သုံးပါတ်လောက်အတောအတွင်း ဘုန်းကြီးဆွမ်းကပ်မယ်ဆိုပြီး မလုပ်ဖြစ်တာ မပြန်ခင်လေးလုပ်သွားရအောင်ပါ အိမ်နီးနားချင်းတွေဆီဘုန်းကြီးပင့်ဖို့မေးကြည့်လိုက်မယ် သူများတွေပြောတာ ဒီအိမ်က သရဲခြောက်တယ်တဲ့ အရင်ကတည်းကသရဲခြောက်တယ်ဆိုပြီးနာမည်ကြီးတာတဲ့ သိန်းသိန်းတို့ဆီကဘာသံမှမထွက်လို့ သူတို့စိတ်ဝင်စားနေကြတာ အစတုန်းကသိပ်မရင်းနှီးသေးတော့အားနာလို့မမေးကြဘူး အခုနောက်ပိုင်း ဈေးသွားရင် သရဲအခြောက်မခံရဘူးလားဆိုပြီး မေးကြတယ်”
“အဲ့ဒီတော့ ညီးကရောက်ရောက်ချင်းညက အခြောက်ခံရပြီး မေ့သွားတဲ့အကြောင်း ပြောမှပြောလိုက်ရဲ့လား”
ဒေါ်ကေသွယ်ရဲ့အမေးကို မမသိန်းက စပ်ဖြီးဖြီးနဲ့ပြန်ဖြေသည်။
“မမကလဲ ပြောလိုက်တာပေါ့”
“သိတယ် ဒါမျိုးဆိုပြောချင်နေတာ ရိုက်စစ်စရာကိုမလိုဘူး အဲ့ဒီညကအခြောက်ခံရတယ်ပဲထားပါတော့ ဒါဆို နောက်ညတွေကျတော့ ဘာလို့ဘာသံမှကိုမကြားရတာလဲ”
“ဟုတ်တယ် ဟုတ်တယ် အဲ့ဒါကို သိန်းသိန်းလဲအံ့သြနေတာ”
“ဟိဟိ ဘယ်ခြောက်မလဲ မမသိန်းနဲ့ TV ကြည့်နေတာကို”
အဖြူက မမသိန်းနဲ့ခင်လေးအတူတူ TV ကြည့်နေတာကိုမြင်ယောင်မိသွားရင်း စိတ်ထဲတွေးမိတာကို အမှတ်တမဲ့ ပြောမိသွားသည်။ အမေနဲ့မမသိန်းနှစ်ယောက်သား အဖြူကို ဝိုင်းကြည့်နေကြသည်။
“ဟမ် အဖြူဘာပြောလိုက်လို့လဲ ဒီတိုင်း ထင်တာလျှောက်ပြောမိတာ အဟိ”
“ရူးတူးပေါတောနဲ့ အသက်က ၂၀ ကျော်လာပြီ အဖြူနော် စိတ်ကူးယဉ်တာတွေရပ်တော့”
“မဟုတ်ဘူးမမ အဖြူတကယ်ပြောနေတာလားမသိဘူး ညညဆိုတစ်ယောက်ထဲစကားပြောနေတတ်တာဆိုတော့ ဘုရား ဘုရား အဖြူဆီသရဲကပ်နေတာလားမသိဘူး”
“အာ မမသိန်းကလဲ အဖြူကဖုန်းပြောနေတာပါ ဘယ်ကသရဲလဲ သရဲသာ အဖြူနားရှိရင် ဒီလိုနေနိုင်မလား ပြော”
မမသိန်းကအဖြူကို မသင်္ကာသလိုကြည့်နေပေမယ့် ဆက်မပြောတော့ပေ။
“ခလိန်းကို မသင်္ကာသလိုလာမကြည့်ပါနဲ့ မမသိန်းနော်”
အမေနဲ့မမသိန်းတို့ အဖြူဆန္ဒအတိုင်း မပြန်ခင်ဘုန်းကြီဆွမ်းကပ်ဖို့ကိစ္စ ဆက်ဆွေးနွေးနေကြသည်။ အဖြူကတော့ ဒီလိုနေရာတွေမှာ ဝင်ရောက်ပြောဆိုဖို့ကို ဘာမှမသိတဲ့လူမို့ အခန်းထဲဝင်လာခဲ့သည်။ အခုအချိန်အထိ ကလေးသာသာ နေလာခဲ့တဲ့ကိုယ့်ကိုကိုယ် လူကြီးဆန်ဆန်နေရတော့မယ်လို့ အတွေးဝင်မိသွားသေးသည်။
အဖြူဝင်လာတာကို ခင်လေးက မျက်နှာမသာမယာနဲ့ လှမ်းကြည့်နေသည်။ ကုတင်ပေါ်မှာ နံရံကိုကျောမှီပြီးခြေဆန့် ထိုင်နေတဲ့ ခင်လေးနံဘေးမှာ အဖြူလဲ ခင်လေးပုံစံအတိုင်း ထိုင်လိုက်သည်။
“မမတို့လဲပြန်ရမယ် ခင်လေးလဲကိုယ့်လမ်းကိုသွားရတော့မယ်ပေါ့နော်”
“ခင်လေးကကောင်းတဲ့ဘုံဘဝရောက်မှာပါ”
“ခင်လေးကျွတ်ချိန်တန်လို့ မမရောက်လာခဲ့တာဖြစ်မယ်”
“ဟုတ်တယ် ငါလဲ အဲ့ဒီလိုတွေးမိတယ် ခင်လေးနဲ့တွေ့ဖို့ကြံဖန်ပြီးဒီကိုရောက်လာတာပဲ ဘာပဲဖြစ်ဖြစ်ဒါကောင်းတာပဲလေ ခင်လေးအကြာကြီးစောင့်စားခဲ့ရတဲ့ ဆရာလေးနဲ့လဲ ပြန်တွေ့ရမယ် ပြီးတော့ ဒီဘဝကြီးကနေလဲကျွတ်လွှတ်တော့မယ်”
“မနက်ဖြန်ဆို ဆရာလေးရောက်လာတော့မှာနော်မမ ခင်လေးရင်တွေခုန်လိုက်တာ”
“အမယ် ရှင်နော် ကျွန်မချစ်သူကို”
အဖြူက ခင်လေးကို မျက်စောင်းထိုးပြီး ချစ်စနိုးစလိုက်သည်။
“မနက်ဖြန်တစ်ရက်လေးပဲ ဆရာလေးကိုချစ်ခွင့်ပြုပါမမရယ် ဒီတစ်ရက်ပြီးတာနဲ့ ဆရာလေးနဲ့အပြီး ခွဲသွားရတော့မှာ”
“အင်းပါ စတာပါ ချစ်ပါ ချစ်ပါ ရှင့်ဆရာလေးကို အော် ဒါနဲ့တခါထဲပြောထားရဦးမယ် နင်ကတခါတလေ အရမ်းရိုးသားလွန်းတယ် တကယ်လို့များသာ လူ့ဘဝပြန်ရောက်ခဲ့မယ်ဆို အခုလိုမျိုး ရိုးအနေလို့မဖြစ်ဘူး ခင်လေးရဲ့”
“ဘာဖြစ်လို့လဲဟင်မမ ခင်လေးကမမကိုအားကျတယ် မမကလှလဲလှတယ် သဘောလဲကောင်းတယ် မိန်းကလေးအဖြစ်နဲ့ လူပြန်ဖြစ်တယ်ဆိုရင် မမလိုပဲနေချင်တာ”
“နေရမှာပေါ့ ခင်လေးကမမထက်တောင်ပိုလှဦးမယ် ဒါပေမယ့် အခုခေတ်ကအရင်ခေတ်နဲ့မတူတော့ဘူး အစစအရာရာ ပြောင်းလဲသွားသလို အချစ်ကိုကိုးကွယ်တဲ့သူတွေလဲမရှိတော့ဘူး ဒီခေတ်ကြီးမှာ ကိုယ့်ကိုမချစ်တော့တဲ့လူအတွက် အချိန်ကုန်ခံပြီး အသဲကွဲပြဲပြီး အကြာကြီးလိုက်ခံစားမနေကြတော့ဘူး ဘဝအတွက်လက်တွဲဖော်ကို နှလုံးသားနဲ့ ခံစားပေမယ့် ဦးနှောက်နဲ့စဉ်းစားရွေးချယ်တဲ့ခေတ်ဖြစ်သွားပြီ မင်းမှမင်းဆိုပြီး တန်းတန်းစွဲအရူးမူးချစ်နေသူတွေ ရှားပါးသွားပြီ အစပိုင်းမှာသာ ချစ်လှပါချည်ရဲ့ကြိုက်လှပါချည်ရဲ့ဆိုပြီး ကွဲသွားတဲ့အတွဲတွေမှအများကြီး ပြီးတော့ သိပ်မကြာပါဘူး နောက်လူကိုယ်စီနဲ့ဖြစ်နေကြပြန်ရော တကယ်ချစ်ကြတဲ့သူတွေလဲရှိပေမယ့် တစ်ဖက်ထဲချစ်နေလို့မှ မရတာ နှစ်ဦးနှစ်ဖက်လုံး ချစ်ကြိုက်နေမှ၊သစ္စာရှိနေမှ ရေရှည်လက်တွဲလို့ရမှာလေ ဆရာလေးနဲ့ခင်လေးလို အချစ်မျိုးက ရုပ်ရှင်ဇာတ်လမ်းထဲမှာပဲရှိတော့တာ အပြင်မှာတော့ ခင်လေးလို ကိုယ့်ကိုကိုယ်သတ်သေမယ့်သူလဲမရှိသလို ဆရာလေးလို ချစ်တဲ့သူနဲ့မယူရလို့ တသက်လုံးလူပျိုကြီးလုပ်ပြီး နေသွားမယ့်သူလဲ မရှိသလောက်ပဲ လုံးဝလုံးဝရှား အဲ့ဒီလောက်ထိ ကိုယ်၊စိတ်၊နှလုံး နှစ်ပြီးချစ်တဲ့သူတွေ မရှိတော့ဘူး”
ခင်လေးရဲ့အစွဲအလန်းတွေ နောင်ဘဝထိမပါသွားအောင် အဖြူအတတ်နိုင်ဆုံးနားချဖို့ကြိုးစားမိသည်။
“မမကရော ဦးထင်ကို ဘယ်လိုမျိုးနဲ့ချစ်တာလဲဟင်”
“အင်း ဘယ်လိုပြောရမလဲ မမလဲသေချာမသိဘူး သူ့ဘာသာချစ်သွားတာ ”
“ဒါများ ခုပဲမမပြောတာ နှလုံးသားနဲ့ခံစားပြီး ဦးနှောက်နဲ့ရွေးချယ်ဆို”
အဖြူရဲ့စကားကို ပြန်ထောက်နေတဲ့ခင်လေးကို ပေစောင်းစောင်းကြည့်ရင်း။
“ဟုတ်တယ်လေး သူ့ဘာသာချစ်သွားတယ်ဆိုတာ နှလုံးသားနဲ့ခံစားမိတာလေ ဦးနှောက်နဲ့ရွေးချယ်တယ်ဆိုတာက ကိုယ့်ကို သူဘယ်လိုဆက်ဆံပြောဆိုသလဲဆိုတာကိုကြည့်ပြီးဆုံးဖြတ်ရမှာ နင်သိလား ဦးထင်က ဘယ်လောက်ထိ လူကြီးလူကောင်းဆန်လဲဆိုတာ ငါ့ကိုညီမလေးတစ်ယောက်လိုဂရုစိုက်တယ် ဆုံးမတယ် ဆူတယ် အလိုလဲလိုက်တယ် လူကြီးအရမ်းဆန်တာ ချစ်သူတစ်ယောက်လိုပဲမကဘူး ငါ့အဖေလို၊ အစ်ကိုတစ်ယောက်လိုခံစားမိတယ် သူ့ကိုစတွေ့တာနဲ့ ချစ်သွားမိပေမယ့် သူနဲ့စကားတွေပြောပြီး ကိုယ့်အပေါ်စေတနာထားတာတွေသိလို့ ပိုချစ်သွားတာ ဒါကြောင့် သူချမ်းသာမှန်း မသိခင်ကတည်းက တသက်လုံးလက်တွဲဖို့ဆုံးဖြတ်ခဲ့တာ”
“အဲ့ဒါက မမကဦးထင်ကိုချစ်နေလို့အပြစ်မမြင်တာနေမှာပါ အချစ်ဆိုတာအပြစ်မမြင်ခြင်းတဲ့မမရဲ့”
“အမယ်မယ် ဇာတ်လမ်းထဲကစာသားတွေနဲ့ငါ့ကိုဆရာပြန်လုပ်နေတယ်”
“အဟိဟိ ဟုတ်တယ်လေမမရဲ့ အချစ်ဆိုတာစစချင်းမှာတော့ကောင်းပါတယ် ကြာရင်တော့ပြောင်းလဲသွားတတ်တယ်တဲ့”
“အယ်လယ့် မမခင်ခင်လေးရဲ့ရင်တွင်းဖြစ်တွေထွက်လာပြီ”
ခင်လေးက ပြုံးစိစိနဲ့ဆက်ပြောသည်။
“ဟုတ်တယ်လေ တစ်ယောက်နဲ့တစ်ယောက်တွေ့ကြုံခံစားရတာချင်းမတူတော့ အချစ်ဆိုတာလဲ အဓိပ္ပါယ်အမျိုးမျိုး ကွဲသွားရတာပေါ့ မမကကံကောင်းတယ်ပြောရမှာ မမပြောသလို အချစ်တွေပေါများနေတဲ့ခေတ်ကြီးမှာ ဦးထင်က ချစ်လဲချစ်တယ် သစ္စာလဲရှိတယ်ဆိုတော့ ဟုတ်မှာပါ သူက အရင်ဘဝထဲက စိတ်ထားကောင်းတဲ့လူကိုး”
အဖြူကခေါင်းအုံးကိုပေါင်ပေါ်ဆွဲတင်ကာ မေးထောက်ပြီး ခင်လေးမျက်နှာကိုကြည့်လိုက်သည်။ ဆံပင်ရှည်ကြီးများကို မထုံးထားပဲ ညာဘက်ရှေ့သို့ဆွဲယူချထားတဲ့ခင်လေးရဲ့ဟာ ကပိုကရိုဆံပင်များနဲ့ ပိုမိုလှနေခဲ့ပါသည်။
“ဟာ မမကလဲ ဘယ်လိုကြီးလာကြည့်နေတာလဲ ခင်လေးရှက်လာပြီ”
“ကြည့် ကြည့် ဖြစ်နေတဲ့ပုံစံကိုက ဒီလောက်လေးကြည့်တာကိုရှက်စရာလား လှလို့ကြည့်တာလေ”
“အဟီး”
“ဒါနဲ့နင်မောင်ဝိုင်းကိုရော နည်းနည်းမှမချစ်ခဲ့ဘူးလား”
“အင်း မချစ်တာတော့မဟုတ်ဘူး သူ့ကိုသူငယ်ချင်းတစ်ယောက်လိုအစ်ကိုတစ်ယောက်လိုချစ်တယ် သမီးရည်းစားလိုတော့ ချစ်လို့မရဘူး သူကရည်းစားစကားလာပြောရင် ခင်လေးစိတ်ထဲနေရခက်တယ် ဘယ်လိုကြီးမှန်းမသိဘူး သူ့မျက်နှာကြီးကို ဆက်မကြည့်ချင်တော့ဘူး အဲ့ဒီလိုကြီး”
“အင်းလေ သူလဲသနားပါတယ်”
“မသနားပါဘူး သူ့ကြောင့်ခင်လေးဒီလိုဖြစ်နေရတာကို မမကဘာလို့မောင်ဝိုင်းကိုသနားနေတာလဲ”
“အမ် အဲ့လိုပြောတာမဟုတ်ဘူးလေ မသနားတော့ဘူး မသနားတော့ဘူး ဟုတ်ပြီလား”
ခင်လေးက အဖြူကိုမကျေနပ်တဲ့သဘောနဲ့နုတ်ခမ်းဆက်ထော်ပြီး ငြိမ်နေသည်။
“ဒါနဲ့ခင်လေးမသေခင် ဘယ်လိုအတွေးမျိုးတွေတွေးမိလို့ သေဖို့ဆုံးဖြတ်ခဲ့တာလဲ”
အဖြူမေးခွန်းကြောင့် ခင်လေးငိုင်သွားပြီး တွေးတွေးငေးငေးပြန်ဖြေသည်။
“အဲ့ဒီအချိန်တုန်းက ခင်လေးကဆရာလေးနဲ့လက်ထပ်ရမယ်ဆိုပြီးအရမ်းပျော်နေခဲ့တာ အခုလိုအဖြစ်မျိုးကြုံရမယ်လို့ ယောင်လို့တောင် စိတ်မကူးမိခဲ့ဘူး ဒါပေမယ့် ဒါပေမယ့် မောင်ဝိုင်းနဲ့အဲ့ဒီလိုတွေဖြစ်သွားတော့ ဆရာလေးနဲ့လက်ထပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး မောင်ဝိုင်းနဲ့လဲ မယူချင်ဘူး ခင်လေးဘဝကြီးက ဘာမှအဓိပ္ပါယ်မရှိတော့သလိုပဲ ရင်ထဲမှာ ဗလာကြီးနဲ့ ခံစားချက်မဲ့သွားသလိုပဲ အသက်ရှင်နေလဲ မထူးဘူးဆိုပြီး အဲ့ဒီအချိန်တုန်းက သေချင်စိတ်ကလွဲပြီး ဘာမှ တွေးလို့မရတော့ဘူး ရှက်လွန်း၊ စိတ်ညစ်လွန်းလို့အဲ့ဒီခန္ဓာကိုယ်ကြီးနဲ့ ဆက်နေချင်စိတ်ကိုမရှိတော့ဘူး ငါသေချင်တယ် သေသွားရင် ကောင်းမယ်ဆိုတဲ့အတွေးတွေပဲဝင်နေခဲ့တာ”
အတိတ်ကိုပြန်တွေးပြီး နာကျင်ခံစားနေရတဲ့ခင်လေးမျက်နှာကို စိတ်ကောင်းစွာကြည့်ရင်း မေးမိတာကို နောင်တရသွားသည်။ ကာယကံရှင်ခင်လေးမပြောနဲ့ အဖြူတောင် မျက်ရည်ဝဲကာ ဝမ်းနည်းလာမိပြန်သည်။ အဲ့ဒီအချိန်တုန်းက သူမတစ်ယောက်တည်း ဘယ်လောက်တောင် ကြောက်ရွံ့ဝမ်းနည်းနေခဲ့မလဲမသိ။
“နောက်လူ့ဘဝထပ်ရရင် အရမ်းဝမ်းနည်းခဲ့ရင်တောင် အဲ့ဒီလိုတွေတွေးပြီး ကိုယ့်အသက်ကိုရန်မရှာပါနဲ့တော့ခင်လေးရယ် ခင်လေးအရမ်းခံစားခဲ့ရတယ်ဆိုတာသိပေမယ့် သမီးလေးတစ်ယောက်ထဲရှိတဲ့ခင်လေးမိဘတွေဘယ်လောက်ထိရင်နာနေခဲ့မလဲ နောက်ဆိုအဲ့ဒီလိုမျိုးဘယ်တော့မှထပ်မလုပ်နဲ့တော့နော် အော် ဒါနဲ့မနက်ဖြန်ဦးထင်ရောက်ရင် ခင်လေးသိချင်တာတွေမေးပေးမယ်လေ ဘာတွေသိချင်လဲကြိုပြောထား”
ငိုမဲ့မဲ့ဖြစ်နေတဲ့ခင်လေးငိုနေမှာစိုးလို့ တမင်စကားလမ်းကြောင်းလွဲလိုက်သည်။
“ဆရာလေးဘာကြောင့်ရွာကိုမပြန်လာတာလဲပဲမေးပေးပါ တခြားတော့သိချင်တာမရှိတော့ပါဘူး ခင်လေးကဆရာလေးကို ဘဝနဲ့ရင်းပြီးချစ်ခဲ့သလို ဆရာလေးကလဲ ခင်လေးတစ်ယောက်ထဲကိုပဲ သေတဲ့အထိချစ်သွားတယ်ဆိုတာ သိတာနဲ့တင် ကျေနပ်ပါပြီမမရယ်”
အဲ့ဒီစကားတွေပြောနေချိန်မှာတော့ခင်လေးရဲ့မျက်နှာဟာ ခုနကနာကျင်မှုတွေမရှိတော့သလို ပြုံးနေပြန်သည်။
“ဟုတ်တယ်နော် မနာလိုလိုက်တာ ဆရာလေးတို့ချစ်တတ်လိုက်ပုံများ”
“ဦးထင်ကလဲ မမကိုချစ်ပါတယ်”
“အင်း ဦးထင်ကဆရာလေးလိုမဟုတ်ဘူးတော်ရေ အဖြူနဲ့မတွေ့ခင်တုန်းက ရည်းစားပေါင်း သောင်းခြောက်ထောင်နဲ့ အခုတော့ချစ်နေပေမယ့် ကျုပ်နဲ့မရရင်တသက်လုံးလူပျိုကြီးလုပ်မယ့်သူတော့မဟုတ်တာသေချာတယ်”
“မသေချာပါဘူး သေချာအောင်လဲစမ်းသပ်စရာမလိုဘူး ဦးထင်နဲ့လက်ထပ်ပြီးပျော်ပျော်ရွှင်ရွှင်နေသွားပါ”
“အိုကေ ခင်လေးလဲ ကောင်းရာမွန်ရာကိုသွားပါ လူ့ဘဝရရင်လဲ အရင်လိုမနေပဲ ကိုယ့်ကိုကိုယ်ချစ်တဲ့ ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်တဲ့ ထက်မြက်တဲ့လူတစ်ယောက် ဖြစ်အောင်နေပါ”
“ဟုတ်တယ်နော် ခင်လေးလူပြန်ဖြစ်ခဲ့ရင် အခုလိုမနေတော့ဘူး စွာစွာပဲနေတော့မယ်”
“ဟုတ်တယ် ခပ်စွာစွာပဲနေ”
အဖြူရဲ့စကားကို ခင်လေးက လက်မထောင်ပြကာအားရပါရခေါင်းငြိမ့် ထောက်ခံလေသည်။ သူ့ပုံစံကိုကြည့်ပြီး အဖြူ ရယ်လိုက်မိသည်။ ဒီသရဲမလေးဟာ မဟုတ်တာတွေရော ဟုတ်တာတွေရော အရာအားလုံး အဖြူဆီက သင်ယူအတုခိုးထားလေသည်။
================================================================
နောက်တနေ့ ဦးထင်ရောက်လာခဲ့ချိန်မှာတော့ အဖြူက ဦးထင်ကို ခင်လေးအကြောင်းပြောပြဖို့ အမေနဲ့မမသိန်း အလစ်ကို ချောင်းနေခဲ့သည်။ ညနေစာစားပြီး သိပ်မကြာခင် အမေဘုရားကန်တော့ပြီး အိပ်ရာဝင်၊ မမသိန်းကလဲ TV မော့နေချိန်မှ ဦးထင်နဲ့အေးအေးဆေးဆေး စကားပြောရလေသည်။
ခြံထဲမှာ ပလပ်စတစ်ခုံပုလေးသုံးလုံးချပြီး နှစ်ခုံမှာအဖြူနဲ့ဦးထင် ထိုင်ကာ ကျန်တစ်ခုံမှာတော့ ခင်လေးထိုင်ပြီး ဦးထင်ကို ငေးနေလေသည်။ နှစ်ပေါင်းရာချီလောက်ကြာမှ ပြန်တွေ့ရသော သူမချစ်သောဆရာလေးကို ရွှန်းရွှန်းစားစားကြည့်ရင်း မျက်ရည်တွေတောင် ဝဲနေသေးသည်။ အဖြူက ခင်လေးကို တစ်ချက်ကြည့်ရင်းပြောသည်။
“မနက်ဖြန်ဆွမ်းကပ်တဲ့အခါလေ ဦးထင်လဲ ရေစက်ချအမျှဝေပေးပါနော်”
“အင်း အင်း”
“ဦးထင်ကို အဖြူပြောစရာရှိတယ်”
“သိပါ့ဗျာ အဲ့ဒါတွေနားထောင်ဖို့ပဲ အမြန်ဆုံးလာခဲ့တာပါ”
“ကြိုပြောထားမယ် အခုအဖြူပြောမှာတွေက အမှန်တွေနော် စိတ်ကူးယဉ်ပြီးလျှောက်ပြောတယ် မထင်နဲ့”
ဘာမှပြန်မဖြေပဲ ပြုံးစိစိနဲ့ခေါင်းငြိမ့်ပြနေတဲ့ဦးထင်ကို ပေစောင်းစောင်းနဲ့မကျေမနပ်ကြည့်ရင်းဆက်ပြောလိုက်သည်။
“တကယ်ပြောနေတာလို့ သေချာနားထောင် အဖြူလေ သရဲမတစ်ယောက်ကိုမြင်ရတယ်”
“ဟမ်”
“ဘာလို့လဲတော့မသိဘူး သူ့ကိုအဖြူမြင်နေရတယ် စကားတွေပြောပြီး အခုဆိုအရမ်းခင်နေပြီ”
“သရဲမက ဘယ်လိုပုံစံလဲ ဆံပင်ဖားလျားဂါဝန်ဖြူကြီးနဲ့လား”
စပ်ဖြီးဖြီးဖြစ်နေတဲ့မြတ်ထင်မျက်နှာကို ကြည့်ရင်း အဖြူစိတ်တိုလာပြီးအော်လိုက်သည်။
“ကြည့် ဦးထင်နော် အဖြူကိုမယုံဘူးမလား”
ခင်လေးက အဖြူကို မျက်လုံးအဝိုင်းသားနဲ့ကြည့်လာသည်။ အမယ် သူ့ဆရာလေးကို ဘာလို့အော်တာလဲပေါ့။
“ဟား ဟား မဟုတ်ပါဘူး ယုံပါတယ် ဆက်ပြော”
အဖြူက မြတ်ထင်နဲ့ခင်လေး နှစ်ယောက်လုံးကို မျက်စောင်းသိမ်းကျုံးထိုးလိုက်ရင်း။
“မယုံလို့မရဘူး အဲ့ဒါဦးထင်ဇယား သိလား”
“အမ် ဘာဇယားလဲ”
“ဦးထင်ရဲ့ဘဝဟောင်းကချစ်သူလို့”
မြတ်ထင်က အံ့သြသွားသလို မျက်ခုံးပင့်ပြီး အဖြူကို ကြည့်နေသည်။
“အဖြူ နေရောကောင်းရဲ့လား”
“ဟာကွာ တကယ်ပြောနေတာပါဆို အဲ့ဒီသရဲမက ဦးထင်ရဲ့အရင်ဘဝဟောင်း ဦးမောင်မောင်တင်ဘဝတုန်းကချစ်သူ”
“ဘယ်လို”
“အဖိုးလေး ဦးမောင်မောင်တင်လေ သရဲမနာမည်က ခင်ခင်လေးတဲ့ အရမ်းလှတဲ့မိန်းကလေးတစ်ယောက်ပဲ ဦးထင်အဖိုးနဲ့ လက်ထပ်ခါနီးမှာပဲ ကိုယ့်ကိုကိုယ်သတ်သေသွားတာ”
“နေပါဦး အဲ့ဒီအကြောင်းတွေ အဖြူကဘယ်လိုသိတာလဲ”
“ခင်လေးပြောပြတာလေ”
“ခင်လေးဆိုတာက သရဲမကိုပြောနေတာလား”
ဦးထင်က အဖြူစကားကို သိပ်ယုံကြည်ပုံမရပေ။
“ဟုတ်တယ်လေ ဦးမောင်မောင်တင်ကို အခုချိန်သိတဲ့သူဘယ်သူရှိမှာလဲ အရမ်းကြာနေပြီကို အဖြူစကားကို ဆုံးအောင် နားထောင်ကြည့် ဦးမောင်မောင်တင်က အရင်တုန်းက ဒီမြို့ အဲ့လေ အဲ့ဒီအချိန်တုန်းက ဒီနေရာက ရွာလေးပဲရှိသေးတာ နောက်ပိုင်းမှ မြို့နဲ့ဆက်သွာပြီးမြို့ထဲပါသွားတာတဲ့ အဖိုးလေးက ဒီရွာကိုရောက်လာပြီး ဒီရွာသူခင်ခင်လေးနဲ့ကြိုက်တာ ကြိုက်ပြီးလက်ထပ်ဖို့ မိဘတွေကို မြို့တက်ခေါ်နေတုန်း ခင်လေးကို မကောင်းကြံတဲ့လူတွေကြောင့် ခင်လေးက ကိုယ့်ကိုကိုယ် ကြိုးဆွဲချသေသွားတာ”
“ဘယ်လိုမကောင်းကြံကြတာလဲ”
“အမ် ဟို ခင်လေးကိုတဖက်သတ်ကြိုက်နေတဲ့မောင်ဝိုင်းက ခင်လေးကို ခိုးပြေးတာ အဲ့လို”
“အော်”
“ဦးထင်ကော တခြားသိတာမရှိဘူးလားဟင်”
“မရှိပါဘူး အခုဒီအကြောင်းတွေတောင်အဖြူပြောပြလို့သိတာ”
“ဟိုလေ အဖိုးလေးက ခင်လေးဆီဘာလို့ပြန်မလာတော့တာလဲရော သိလားဟင်”
ဦးထင်က စဉ်းစားသလိုမျက်မောင်ကျုံ့နေရင်း။
“အင်း သြော် မှတ်မိပြီ ဟုတ်သားပဲ ဒီအိမ်အကြောင်းကိုအဖိုးပြောပြဖူးတယ် အဖိုးလေးချစ်သူဆုံးသွားတာ ကြားကြားချင်း ပြန်သွားဖို့လုပ်သေးတယ်တဲ့ အဖိုးလေးမိဘတွေကလုံးဝမသွားခိုင်းဘူးတဲ့ ဒါနဲ့ပဲအပေးအယူလုပ်ခဲ့တာတဲ့ အဲ့ဒီအိမ်ကို ဝယ်ပေးရင် အခုမသွားတော့ဘူးဆိုပြီး အဖိုးလေးက သူ့ချစ်သူဆုံးသွားတဲ့အိမ်မှာပဲ ခေါင်းချဖို့ စီစဉ်ထားခဲ့တာတဲ့ ဒါကြောင့် ဒီအိမ်ကို မိဘတွေကိုဝယ်ခိုင်းထားပြီး အသက်ကြီးလာရင်သွားနေဖို့စီစဉ်ထားတယ်ဆိုလား ဒါပေမယ့် အသက် လေးဆယ်ကျော် လေးဆယ်ငါးလောက်မှာထင်တယ် အဖိုးလေးက မထင်မှတ်ပဲ ရုတ်တရက် ဆုံးသွားခဲ့တာ ဒီရွာကိုတောင် တစ်ခါမှပြန်မသွားလိုက်ရဘူးလို့ပြောတယ် အဖိုးလေးဆုံးတုန်းက ကိုယ့်အဖိုးကကိုးနှစ်၊ဆယ်နှစ်လောက်ရှိပြီတဲ့ ကိုယ်တို့ အမျိုးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျကြတာ မမလဲအတူတူပဲ ကိုယ်တစ်ယောက်သာ အခုချိန်အထိ လူပျိုကြီးဖြစ်နေတာ အဲ အဖိုးလေးရောပေါ့လေ အမျိုးထဲသူတစ်ယောက်ပဲလူပျိုကြီးရှိတာ ကိုယ်ကတော့ လူပျိုကြီး မဖြစ်နိုင်တော့ဘူး ဟုတ်တယ်မလား”
မြတ်ထင်က အဖြူကို စပ်ဖြီးဖြီးကြည့်ရင်းစလိုက်သည်။
ခင်လေးကတော့ မြတ်ထင်ကို တစိမ့်စိမ့်ကြည့်ရင်း မျက်ရည်လေးစမ်းစမ်းနဲ့နားထောင်နေရှာသည်။
သြော် ရှေးခေတ်လူတွေများချစ်တတ်လိုက်တာ။ ရိုလိုက်ပုံများ။ ချစ်သူဆုံးသွားတဲ့အိမ်မှာပဲ သူလဲခေါင်းချဖို့ စိတ်ကူး ထားခဲ့တာတဲ့လား။ ဦးမောင်မောင်တင်ရယ်။ အဖြူတောင် သူတို့အချစ်ကိုအားကျလာမိသလိုပင်။
“ဦးမောင်မောင်တင်နဲ့ဦးမြတ်ထင်တို့များ ကွာချက်”
“အမ် ဘာကွာတာလဲ”
အဖြူက ဦးထင်ကိုမျက်စောင်းထိုးလိုက်ပြီး။
“ကွာတာပေါ့ အဖိုးလေးဘဝတုန်းက ချစ်တတ်လိုက်ပုံများ မနာလိုချင်စရာ အခုဘဝကျတော့ ရည်းစား ၂၅ ယောက်တောင် ထားပြီးမှ အဖြူနဲ့လာကြိုက်တာကို”
အဖြူစကားကြောင့် မြတ်ထင်က တဟားဟားအော်ရယ်နေသည်။
“ရယ်မနေနဲ့တကယ်ပြောနေတာ ဟွန်း”
“ကိုယ်တောင် အခုအဖြူပြောမှအဖိုးလေးချစ်သူအကြောင်းသိတာလေ ဒါနဲ့ခင်လေးက ဒီခုံမှာထိုင်နေတာလား”
“ဟုတ်တယ် ဦးထင်ကို ချစ်ရည်ရွှန်းလဲ့မျက်ဝန်းလဲ့ပြာပြာနဲ့ကြည့်နေလေရဲ့”
ခင်လေးက ရှက်စနိုးပြုံးနေသည်။ မြတ်ထင်ကတော့ အဖြူစကားတွေကို ယုံသင့်လား၊မယုံသင့်လား သေချာမသိတော့ပေ။ ထူးဆန်းတာက ဦးမောင်မောင်တင်ဆိုတဲ့နာမည်ကို တစ်ခါမှ အဖြူကို မပြောပြခဲ့ဖူးပေ။ ပြောပြဖို့မပြောနဲ့ သူကိုယ်တိုင်တောင် အဖိုးဆုံးသွားပြီးကတည်းက အဲ့ဒီနာမည်ကို မေ့နေခဲ့တာမလား။ အခုတော့ အဖိုးလေးနာမည်တောင် မကပဲ အဖိုးလေးချစ်သူနာမည်ပါအဖြူက သိနေသေးသည်။ အဖိုးလေးချစ်သူနာမည်ကိုတော့ မြတ်ထင်မသိခဲ့ပါ။
အဖြူစကားတွေကို ယုံတဝက်၊ မယုံတဝက်ဖြစ်နေတယ်ဆိုတာ ဦးထင်ရဲ့မျက်နှာပေးကိုကြည့်တာနဲ့တန်းသိပါသည်။
“တွေ့လား ဦးမြတ်ထင်တို့များအဖြူ့စကားဆို ဘယ်တော့မှမယုံကြည်ဘူး အခုပြောနေတာတွေမယုံဘူးမလား”
“မဟုတ်ပါဘူး အဖြူကလဲ ယုံသင့်တယ်လို့တွေးနေတာပါ”
“တူတူပဲကို ဘာထူးလို့လဲ”
“ယုံတယ်ကွာ ယုံတယ် ဟုတ်ပြီလား”
ပေစောင်းစောင်းကြည့်နေတဲ့အဖြူရဲ့ပါးကို ချစ်စနိုးဆွဲလိမ်ရင်း မြတ်ထင်ကဖြေလိုက်သည်။
“ယုံတယ်ဆိုရင် ဦးထင် ခင်လေးကို ဘာပြောချင်သေးလဲ”
“အမ် ဘာပြောရမှာလဲ”
“တခုခုတော့ပြောလေကွာ အရင်ဘဝကအရမ်းချစ်ခဲ့တာကို”
“ခဏလေး ကိုယ်သေချာစဉ်းစားဦးမယ်”
ခင်လေးက မြတ်ထင်ကိုတလှည့်၊ အဖြူကိုတလှည့်ကြည့်နေရင်း။
“ဆရာလေးက မယုံဘူးလားမမ”
“မဟုတ်ပါဘူး”
ခင်လေးကို ပြန်ဖြေလိုက်တဲ့အဖြူကို ကြည့်ရင်း မြတ်ထင်သိချင်တာတွေပိုများလာသည်။
“အဖြူ ခင်လေးနဲ့စကားပြောနေတာလား”
“ဟုတ်”
“ဒါဆို သူ့ကိုမေးကြည့်ပါလား အဖိုးလေးကသူ့ရွာကိုဘာလာလုပ်တာလဲလို့”
“အဲ့ဒါ အဖြူသိတယ် အဖိုးလေးက မိန်းမမယူချင်လို့အိမ်ပေါ်ကနေဆင်းလာတာ ခင်လေးတို့ရွာဦးကျောင်းဆရာတော်နဲ့ တွေ့ပြီး ရွာကိုလိုက်ခဲ့တာတဲ့ အဲ့ဒီမှာကျောင်းမှာကလေးတွေကိုစာသင်ပေးလို့ဆရာလေးလို့ခေါ်ကြတာ ရွာမှာစတားနော် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးဖြစ်ခဲ့တာတဲ့တော်”
“အားပါး အဲ့ဒီလောက်ထိစွံခဲ့တာပေါ့”
“ဟုတ်ပ ဟုတ်ပ အဲ့ဒါကြောင့်မို့လဲ မကြည်က ခင်လေးကိုမနာလိုပြီး မကောင်းကြံတာပေါ့ အဲ့ဒါဦးထင် ပဲပေးခဲ့လို့ဖြစ်တာ”
“ဘယ်ကမကြည်လဲ ပါလာပြန်ပြီ”
“မကြည်က ဆရာလေးကိုတဖက်သတ်ချစ်နေတာတဲ့ ခင်လေးနဲ့ယူမယ်လဲကြားရော မနာလိုပြီး မစားရတဲ့အမဲ သဲနဲ့ ပက်တာပေါ့ဦးထင်ရယ် ဆရာလေးမြို့ပြန်သွားတဲ့အချိန်မှာ ခင်လေးကိုကြိုက်နေတဲ့မောင်ဝိုင်းကို မူးအောင်တိုက်ပြီး မူးအောင်တိုက်ပြီး”
မူးအောင်တိုက်ပြီး ဘာဖြစ်တယ်ဆိုတာကိုဆက်ပြောဖို့ အဖြူစကားလုံးရှာမရပဲ ထစ်နေသည်။
မျက်လုံးကလယ်ကလယ်နဲ့ဖြစ်နေတဲ့အဖြူကိုကြည့်ပြီး မြတ်ထင်သဘောပေါက်သွားသည်။
“ရပြီ ကိုယ်သဘောပေါက်ပြီ ခင်လေးကအဲ့ဒါကြောင့်ကိုယ့်ကိုကိုသတ်သေသွားတာလား”
“ဟုတ်တယ် ဟုတ်တယ် ခင်လေးသနားပါတယ်ဦးထင် ဘယ်လောက်တောင်ကြောက်နေခဲ့မလဲ ဆရာလေးလဲ သူ အရမ်းချစ်တဲ့မိန်းကလေးက လက်ထပ်ခါနီးမှာ အခုလိုအဖြစ်ဆိုးကြီးနဲ့ဆုံးသွားခဲ့ရတာ ဘယ်လောက်ထိယူကြုံးမရ ခံစားခဲ့ရမလဲ မသိဘူးနော်”
အဖြူရဲ့စကားကို မြတ်ထင်မကြားနိုင်တော့ပဲ ငိုင်တွေကာ အတွေးထဲနစ်မြောသွားမိသည်။ ဘာကြောင့်မှန်းမသိပဲ မင်္ဂလာဆောင်ဖို့တွေးမိတိုင်း အကြောင်းကိစ္စမရှိပဲ စိုးရိမ်ကြောက်လန့်နေခဲ့တာ အရင်ဘဝက အဲ့ဒီအဖြစ်အပျက်တွေ ကြုံခဲ့ဖူးတာကြောင့်များလား။ အဲ့ဒီအချိန်တုန်းက အရမ်းရင်နာခဲ့ရလွန်းလို့ သေရာပါရုံတင်မကပဲ ဒီဘဝအထိ အဲ့ဒီအစွဲတွေ ပါခဲ့တာလား။ အဖြူပြောသလို တကယ်ဖြစ်ခဲ့တယ်လို့လဲ သူ့စိတ်ထဲက လက်ခံနေမိသည်။ ဒါဆို ခင်ခင်လေးဆိုတဲ့ မိန်းကလေးက မောင်မောင်တင်ပြန်အလာကို သရဲဘဝနဲ့နှစ်ပေါင်းများစွာ စောင့်နေခဲ့ရတာပေါ့။ သူ့ရင်ထဲ ဘာကြောင့်မှန်း မသိပဲ ဆို့နင့်ပြီးဝမ်းနည်းလာသလိုပင်။ ခင်လေးအတွက် အရမ်းကို စိတ်မကောင်းဖြစ်မိသွားသည်။
“ဦးထင် ဦးထင်”
အဖြူက မြတ်ထင်ရဲ့လက်မောင်းကိုဆွဲခါရင်း ခေါ်လိုက်သည်။
“အဖြူပြောတာမကြားဘူးလား”
“ဟင် ဘာပြောတောလဲ”
“ခင်လေးကို ဘာပြောချင်သေးလဲလို့”
“အင်း သူ့ကိုသာ ဘာပြောချင်လဲမေးကြည့်လိုက်ပါ ဦးထင်ကဘာမှမမှတ်မိဘူး”
အဖြူရဲ့အကြည့်တွေက ခုံအလွတ်လေးဆီသို့ရောက်သွားသည်။
“ခင်လေးကပြောတယ် ဦးထင်စံပယ်ပန်းကြိုက်လားတဲ့”
“အင်း ကြိုက်တယ်”
“ခင်လေးနဲ့စံပယ်ပန်းအတူတူခူးခဲ့ဖူးတာမှတ်မိလားတဲ့”
“မမှတ်မိဘူး”
“ဟုတ်သားပဲ နင်ကလဲဘယ်မှတ်မိမလဲ”
ခင်လေးက မျက်ရည်တွေနဲ့ခေါင်းငြိမ့်ပြရှာသည်။ ဆရာလေးကိုတွေ့တာနဲ့တင်ခင်လေးကျေနပ်နေပါပြီ။ မနက်ဖြန်ဆိုရင် ဆရာလေးကိုရော မမကိုပါ အပြီးခွဲသွားရတော့မည်ထင်ပါသည်။
“ဦးထင် မမှတ်မိတော့ ခင်လေးကစိတ်မကောင်းဖြစ်နေပြီ”
“ဟုတ်လား သူ့အကြောင်းကြားရတာ တကယ်စိတ်မကောင်းဘူး”
“အင်းနော် ဟုတ်တယ် အဖြူဆို ငိုတောင်ငိုတယ် အရမ်းစိတ်မကောင်းလို့”
“ကိုယ်ပြောတာတွေသူကြားတယ်မလား”
“ဟုတ် ကြားတယ်ဦးထင် ပြောချင်သာရှိရင်ပြောလိုက်”
“ခင်လေး ဒီလိုဘဝကြီးနဲ့နေနေတာကို ဆရာလေးသိရင်စိတ်မကောင်းဖြစ်လိမ့်မယ် ကိုယ်လဲတကယ်ကို စိတ်မကောင်းဘူး ဒါကြောင့် မနက်ဖြန်ဆွမ်းကပ်တဲ့အချိန်မှာ တရားနာကုသိုလ်ယူပြီး ကောင်းရာမွန်ရာကိုသွားပါတော့ ကိုယ် ခင်လေးကို မမှတ်မိတာခွင့်လွှတ်ပါ ရေစက်ရှိရင်ပြန်ဆုံကြတာပေါ့”
လေထဲကသင်းပျံ့လာတဲ့စံပယ်ပန်းနံ့ကိုရူရှိုက်မိတော့ မြတ်ထင် အဖြူကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ပန်းပင်မပြောနဲ့ မြက်တောင်တစ်ပင်မှမရှိသောခြံထဲမှာ စံပယ်ပန်းနံ့ရစရာအကြောင်းမရှိပေ။ အိမ်ထဲကဘုရားမှာ စံပယ်ပန်း ကပ်ထားလို့လားတော့ မသိပေ။
“ခင်လေးက ဟုတ်ကဲ့တဲ့ ဆရာလေးစကားကို နားထောင်ပါ့မယ်တဲ့”
မျက်ရည်တွေသုတ်ပြီး ခေါင်းငြိမ့်ပြနေတဲ့ခင်လေးကိုကြည့်ရင်း ကြားထဲက စကားပြန်အဖြူက အရင်ဘဝက ချစ်သူနှစ်ဦးကို မနာလိုစိတ် လုံးဝမရှိတော့ပါ။
ဦထင်ကတော့ သူ့အကျင့်အတိုင်း ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း ဘာမှထပ်မပြောတော့ပေ။
ဦးထင်က သူတည်းတဲ့ကိုသန့်ဇင်အိမ်ကိုပြန်သွားတော့ အဖြူနဲ့ခင်လေး နှစ်ယောက်သား အခန်းထဲ စကားဆက်ပြောနေကြပြန်သည်။
“ဆရာလေးကိုပြန်တွေ့တော့ ဘယ်လိုလဲ ရင်တွေခုန်နေတာလား မတ်မတ်ခင်လေး”
“ဟုတ် ရင်လဲခုန်တယ် ဝမ်းလဲနည်းတယ်”
“အေးပေါ့ အကြာကြီးနေမှပြန်တွေ့ရတာကို ဆရာလေးကခင်လေးကို အရမ်းချစ်တာနော် ခင်လေးနဲ့လက်မထပ်ရလို့ လူပျိုကြီးဘဝနဲ့ပဲနေတယ် ပြီးတော့ ခင်လေးဆုံးသွားတဲ့အိမ်မှာပဲ သူ့ရဲ့နောက်ဆုံးအချိန်ကိုရှိချင်တယ်ဆိုတဲ့ စိတ်ကူးလေးလဲ မိုက်တယ် ချစ်တတ်လိုက်တာ အားကျလိုက်တာ သူများတွေအချစ်ကိုနော်”
ခင်လေးက ကျေနပ်သလို ပီတိပြုံးလေးပြုံးရင်း။
“အခုတော့ ခင်လေးနဲ့ဘာမှမဆိုင်တော့ပါဘူးမမရယ် ဦးမြတ်ထင်ဘဝနဲ့ ခင်လေးကို သိတောင်မသိတော့ပါဘူး”
“လုံဝမသိတော့တာတော့မဖြစ်နိုင်ဘူး မမသိတယ် ဦးထင်ကတခုခုကို ခံစားမိလိမ့်မယ်”
“ဟုတ်တယ်နော် ခင်လေးအကြောင်းကြားပြီး ဆရာလေးအရမ်းစိတ်မကောင်းဖြစ်သွားပုံပဲ”
“အင်းပေါ့ အယ် မနက်ဖြန်မနက် စောစောထရမယ်တဲ့အမေက အခုတောင် ၁၁ နာရီထိုးတော့မယ် အိပ်မှဖြစ်မယ် ခင်လေး အခုဘာလုပ်ချင်လဲ ဇာတ်ကားကြည့်ချင်လား သီချင်းနားထောင်ချင်လား”
“တော်ပြီမမ မမအိပ်တော့လေ ခင်လေးဘေးနားမှာထိုင်နေမယ်”
“တစ်ညလုံးဒီတိုင်းကြီးထိုင်နေတော့မှာလား”
“ဟုတ် မမနဲ့မခွဲခင်အတူတူရှိနေချင်လို့”
“ရှင်နော် အရမ်းချွဲတတ်တာပဲ ဒါကြောင့်ဆရာလေးအသဲစွဲဖြစ်ခဲ့တာနေမယ် ဟွန်းး”
နှစ်ယောက်သား ပြိုင်တူရယ်မိကြပေမယ့် ရင်ထဲမှာတော့မကောင်းပေ။ အိပ်ရာပေါ်လှဲချလိုက်ရင်း မျက်လုံးပိတ်ထားပေမယ့် အိပ်မပျော်နိုင်သေးပါ။ မနက်ဖြန် ခင်လေးအတွက်အလှူလုပ်ပေးပြီး သဘက်ခါဆို အဖြူတို့လဲရန်ကုန်ပြန်တော့မည်။ ဘယ်ဘဝရောက်မည် မသိသောခင်လေးနဲ့လဲ အပြီးတိုင်ခွဲရတော့မည်။ ဒီမြို့လေးမှာနေခဲ့တဲ့ သုံးပါတ်အတောအတွင်း ချစ်စရာကောင်းတဲ့သရဲမလေးနဲ့တွေ့ခဲ့တာကို ဘယ်တော့မှ မေ့နိုင်တော့မည်မထင်ပါ။ အဖြူ ခင်လေးကိုကျောပေးကာ နံရံဘက်သို့ လှည့်အိပ်လိုက်သည်။ ခေါင်းအုံးပေါ်စီးကျသွားတဲ့မျက်ရည်တွေကို အစွဲအလန်းကြီးတဲ့ခင်လေးကို မမြင်စေချင်ပါ။ နောက်ကိုလှည့်မကြည့်ပေမယ့် ငြိမ်ငြိမ်လေးထိုင်နေတဲ့ခင်လေးလဲ အသံတိတ်ငိုနေလိမ့်မည်ထင်ပါသည်။
================================================================
ဘုရားစင်မှာဖွေးနေအောင်ကပ်လှူထားသောစံပယ်ပန်းရနံ့က တအိမ်လုံးကို ကြိုင်လှိုင်စွာမွှေးပျံနေသည်။ ခင်လေး အရမ်းကြိုက်တဲ့ပန်းမို့ အဖြူက မမသိန်းကိုမှာကာ တမင်လှူထားပေးခြင်းဖြစ်သည်။ ခင်လေးရဲ့ဆန္ဒအတိုင်း ဘုန်းကြီးငါးပါးပင့်ကာ ပရိက္ခရာရှစ်ပါးကပ်လှူသည်။ ပြီးတော့ အိမ်နီးနားချင်းအနည်းငယ်ကိုလဲ တရားနာဖိတ်ကြားခဲ့သည်။
“သာဓု သာဓု သာဓု”
ရေစက်ချ အမျှဝေသံအဆုံးမှာ ဘာကြောင့်မှန်းမသိပဲ မြတ်ထင်စိတ်ထဲ ပေါ့ပါးသွားသလိုခံစားရသည်။ ရေစက်ခွက်ကိုချကာ ဘုန်းဘုန်းတွေကို ဦးချကန်တော့လိုက်ပြီး ဘေးနားထိုင်နေတဲ့ အဖြူကို ကြည့်လိုက်တော့ သူ့ကိုပြုံးပြုံးကြီး ကြည့်နေတာတွေ့ရသည်။
“ကျေးဇူးတင်ပါတယ်ဦးထင်”
အနားနားတိုးတိုးလေးကပ်ပြောတဲ့စကားကြောင့် မြတ်ထင်က အဖြူက ဘာဖြစ်လို့လဲဆိုတဲ့သဘောနဲ့မျက်ခုံးပင့်ကာ  ကြည့်လိုက်သည်။
“အဖြူစကားကိုယုံပြီးအခုလိုတွေလုပ်ပေးလို့လေ”
ဦးထင်က ဘာမှပြန်မပြောပဲ ခေါင်းတစ်ချက်သာ ငြိမ့်ပြလေသည်။ အဖြူက ကျေနပ်ပြုံးလေးနဲ့ ဦးထင်ကို မျက်စောင်းထိုးလိုက်မိသည်။ အဲ့ဒီဦးထင်က တခါတလေကျရင်လဲ အမြင်ကတ်ဖို့ကောင်းလောက်အောင် ခေါင်းတငြိမ့်ငြိမ့်နဲ့ စကားနည်းလွန်းလှသည်။
ညရောက်တော့ အဖြူနဲ့အတူဦးထင်ပါ ခင်လေးကို မျှော်နေကြသည်။ လပြည့်ညမို့ လမင်းကြီးကလဲ ထိန်ထိန်သာနေသည်။
လရောင်လင်းနေတဲ့ခြံထဲမှာ ရောက်တတ်ရာရာစကားတွေပြောရင်း ထိုင်စောင့်နေပေမယ့် ည ၉ နာရီကျော်တဲ့အထိ ခင်လေး ပေါ်မလာခဲ့ပါ။
“အဖြူဆံပင်ကောက်တုန်းဦးထင်ကဘာလို့စိတ်ဆိုးတာလဲဟင် မလှလို့လား”
“မဟုတ်ပါဘူး လှလို့စိတ်ဆိုးတာ”
“အမ် ဟုတ်လို့လား လှတာနဲ့စိတ်ဆိုးတာနဲ့ ဘာဆိုင်လို့လဲ”
“ဆိုင်တာပေါ့ ကိုယ်ကခရီးထွက်ခါနီးမှာ အဖြူကဆံပင်တွေကောက်ပြီးပိုလှလာတာ ကိုယ်ဘယ်စိတ်ချမလဲ”
မထင်မှတ်ထားတဲ့ဦးထင်ရဲ့အဖြေကြောင့် အဖြူကျေနပ်ပြုံးလေးပြုံးမိသွားရင် ခင်လေးသာကြားရင် မနာလိုနေမလား တွေးမိသွားသည်။
“ဦးထင် ခင်လေး ကျွတ်သွားပြီထင်တယ်နော် ခုချိန်ထိပေါ်မလာတော့ဘူး”
“အင်း ကောင်းရာမွန်ရာရောက်သွားတာနေမှာပါ”
“ဟုတ်မှာပါ ဒါပေမယ့် အဖြူတို့ကို နုတ်တောင်မဆက်သွားဘူးနော် ဒီညတော့ သူလာဦးမယ်ထင်နေတာ မနေ့ညက ဝမ်းနည်းလို့သူနဲ့စကားကောင်းကောင်းမပြောလိုက်မိဘူး”
“ဝမ်းနည်းစရာမှမဟုတ်တာအဖြူရယ် အလကားနေရင်းမျက်ရည်ကျလာတော့မယ် ကဲ ခင်လေးမလာလောက်တော့ဘူး ဦးထင်လဲပြန်တော့မယ် သန့်ဇင်တို့စောင့်နေလောက်ပြီ အဖြူလဲ စောစောအိပ်တော့ ဒီနေ့လဲပင်ပန်းထားတယ် မနက်ဖြန် မနက်လဲစောစောထပြန်မှာဆိုတော့ အိပ်တော့နော်”
အဖြူက မျက်ရည်တွေကျမလာအောင် မျက်တောင်တဖျတ်ဖျတ်ခတ်နေစဉ် ဘယ်ဘက်လက်ထဲမှာ တစ်ခုခုရှိနေသလို စမ်းမိသွားသည်။ လက်ဝါးဖြန့်ကြည့်လိုက်စဉ်တွင်။
“ဟင် ဦးထင်”
သူ့လက်သူ အူကြောင်ကြောင်ငုံ့ကြည့်နေတဲ့ အဖြူကြောင့် မြတ်ထင်ပါလိုက်ကြည့်မိသည်။ လရောင်ကြောင့် အဖြူလက်ထဲရှိနေတဲ့ ဆံပင်ချည်အလုံးကို သေသေချာချာတွေ့ရပါသည်။ ထိုစဉ် တိုက်ခတ်လာတဲ့လေပြေလေးဟာ စံပယ်ပန်းရနံ့လေး သယ်ဆောင်လာခဲ့သလို သူ့ကို တစ်ယောက်ယောက်က တိုးဝှေ့ဖက်လိုက်သလိုပါ မြတ်ထင် ခံစားလိုက်မိသည်။
“ဒါ ဒါကို အဖြူမှတ်မိတယ် ခင်လေးနဲ့ စတွေ့တဲ့ညမှာ ဒီဆံပင်ကအဖြူလက်ထဲကျန်နေခဲ့တာ မီးဖွင့်ကြည့်လိုက်တော့ မတွေ့တော့လို့ကျပျောက်သွားပြီထင်ခဲ့တာ ဒါပေမယ့် တချိန်လုံးလက်ထဲမှာရှိနေခဲ့တာကိုး ဒါကြောင့် အဖြူ ခင်လေးကို တွေ့နေရတာထင်တယ်နော်”
အဖြူလက်ထဲက ဆံပင်လေးဟာလဲ လေပြေကြောင့်တလှုပ်လှုပ်ဖြစ်နေရင်း ကြည့်နေစဉ်မှာပဲ အငွေ့ပျံသလို လွင့်ပြယ်ပျောက်ကွယ်သွားလေသည်။
“ဟင် ခင်လေး ခင်လေးမရှိတော့ဘူး ဦးထင် အဖြူတို့ကိုလာနုတ်ဆက်သွားပြီ အီးဟီး သူသွားလိုက်ပြီ”
အဖြူရဲ့ Mission အောင်မြင်စွာပြီးဆုံးသွားပေမယ့် ခင်လေးမရှိတော့ဘူးဆိုတဲ့အတွေးနဲ့ ဝမ်းနည်းသွားရပြန်သည်။
ရှိုက်ငိုနေတဲ့အဖြူကို ပုခုံးလေးကိုဖက်လိုက်ရင်း။
“ဒါငိုစရာမဟုတ်ဘူးလေ အဖြူ ဝမ်းသာရမှာ မငိုနဲ့တော့နော်”
အဖြူကို နှစ်သိမ့်လိုက်ရင်း သူ့ရင်ထဲမှာလဲ တခုခုအတွက် စိတ်အေးသွားရသလိုခံစားလိုက်မိသည်။ အနှစ်နှစ်၊အလလ သူ့ရင်ထဲကိန်းအောင်းခဲ့တဲ့ ဘာမှန်းပုံဖော်လို့မရခဲ့တဲ့စိတ္တဇတွေ လုံးဝပျောက်ကွယ်သွားသလိုပင်။
================================================================
ငါးနှစ်ခန့်ကြာသော်

2️⃣ ကျွန်မနဲ့သရဲမ [ The ghost and me ]Where stories live. Discover now