အပိုင်း ( ၄ )

251 16 0
                                    

Unicode font

ကျွန်မနဲ့သရဲမ  (The Ghost And Me)
အပိုင်း (၄)

ခင်လေးရဲ့ ဆရာလေး

ခင်ခင်လေး ဆိုတဲ့နာမည်ကြားလိုက်ရုံနဲ့ ဒီရွာလေးရဲ့ကွမ်းတောင်ကိုင် ပျိုဖြူချောလေးမှန်း တစ်ရွာလုံးကသိကြပါသည်။ အသက် ၁၇ နှစ်ပြည့်ပြီးခါစ ခင်လေးဟာ မြင်သူတကာငေးယူရလောက်အောင် အင်မတန်ကို လှသွေးကြွယ်နေခဲ့ပါသည်။ မျက်နှာလေးမှာ အပြစ်ရှာစရာ မရှိအောင်လှပရုံမက အသားဖြူဖြူ၊ သွယ်သွယ်လျလျနဲ့ တင်ပါးကျော်တဲ့အထိ ရှည်သောဆံပင် နက်နက်လေးများက သူမရဲ့အလှကို အဆင်းကျက်သရေ တိုးစေခဲ့ပါသည်။ သနပ်ခါးရေကျဲလေးလူးပြီး ဆံထုံးကြီးထုံးကာ စံပယ်ပန်းလေးများ ပန်ထားလိုက်ရင်ဖြင့် အများသူငှာ ရင်ကိုအေးစေတဲ့အလှမျိုးပင်။
ခင်လေးတို့မိသားစုက မိဘနှစ်ပါးရယ် ခင်လေးရယ်ပေါင်းမှ သုံးယောက်သာရှိလေသည်။ တစ်ဦးတည်းသော သမီးချောလေးခင်လေးကို မိဘများက တုန်နေအောင် ချစ်ပါသည်။ လှလဲလှ၊ အိမ်မှုကိစ္စတွေလဲနိုင်နင်းပြီး ယဉ်ကျေးတဲ့ခင်လေးကို တစ်ရွာလုံးမှာရှိတဲ့သားရှင်များက မျက်စိကျကြလေသည်။ ပြီးတော့ခင်လေးဟာ အကြောင်းကိစ္စ မရှိရင် အပြင်မထွက်တတ်တဲ့ ဗိုင်းကောင်းကျောက်ဖိအိမ်တွင်းပုန်းလေးတစ်ယောက် ဖြစ်သည်။
ရွာရှိကာလသားများရဲ့ပါးစပ်ဖျားမှာ ရေပန်းစားသောခင်လေးဟာ မည်သူတစ်ဦးတစ်ယောက်ကိုမှ ပြန်မကြိုက်ခဲ့ပါ။ ပြန်ကြိုက်ဖို့မပြောနဲ့ ကာလသားများ အနားပင်ကပ်လို့မရအောင် ကိုယ်ရံတော်တပ်မှုးလေးမောင်ဝိုင်းက ဘေးနားကနေ ထပ်ကြပ်မကွာ စောင့်ရှောက်နေတယ်မလား။ ခင်လေးနဲ့မောင်ဝိုင်းက ငယ်စဉ်ကတည်းက ကစားဖော်ကစားဖက် မောင်နှမလို ရင်းနှီးသောသူငယ်ချင်းများ ဖြစ်သည်။ ဒါပေမယ့် ကလေးကတည်းကနေ အလျော့ပေးအလိုလိုက်ကာ သူငယ်ချင်းတော်ခဲ့သော မောင်ဝိုင်းမှာ အခုအချိန်မှာတာ့ ခင်လေးအပေါ် မရိုးသားနိုင်တော့ပါ။ ခင်လေးကို စိတ်ဝင်စားသမျှ ကာလသားတိုင်းဟာ မောင်ဝိုင်းရဲ့ရန်သူ ဖြစ်လာခဲ့ရသည်။ ငယ်ကတည်းကနေ တိတ်တခိုးချစ်လာခဲ့ရသူ ခင်လေးဟာ သူ့မျက်လုံးထဲမှာ တနေ့တခြား ပိုပိုလှလာသလို ပိုပိုပြီးလဲ ချစ်လာခဲ့ပါသည်။ သူတို့နဲ့ရွယ်တူတချို့တွေက အိမ်ထောင်ကျတဲ့သူကကျကုန်ပေမယ့် ခင်လေးကတော့ သူမကိုပိုးပန်းကြတဲ့ကာလသားတွေကို လုံးဝစိတ်ဝင်စားခြင်း မရှိခဲ့ပေ။ အနေလဲအေးဆေးတဲ့ခင်လေးတစ်ယောက် အကြောင်းကိစ္စမရှိရင် အိမ်ပြင်မထွက်တတ်သောကြောင့် အိမ်တွင်းပုန်းလေးလို ဖြစ်နေခဲ့ပါသည်။ ဒီတော့ မောင်ဝိုင်းတစ်ယောက်နဲ့သာ ပိုမိုရင်းနှီးသောခင်လေးဟာ တစ်ရွာလုံးရှိ ကာလသားများကြားမှာ သူ့တစ်ယောက်ကိုသာ ပြန်ကြိုက်နိုင်ချေ အရှိဆုံးဖြစ်လေသည်။
မောင်ဝိုင်းရဲ့အမေက ခင်လေးကို တွေ့တိုင်း ချွေးမလေး၊ ချွေးမလေးနဲ့ခေါ်ရင် ခင်လေးမကြိုက်ပါ။ အဲ့လိုခေါ်သံကြားရရင် ခင်လေးမျက်နှာလေး စိတ်အလိုမကျဖြစ်ကာ ညိုသွားတတ်သည်။ မောင်ဝိုင်းကို ခင်သော်လဲ ချစ်လို့တော့ဖြင့် မရနိုင်ပါ။ မောင်ဝိုင်းက ခင်လေးကို ချစ်တယ်လို့ဖွင့်ပြောလာတဲ့အခါ ခင်လေး အလွန်ကို စိတ်ညစ်ခဲ့ရပါသည်။ ဒါပေမယ့်လည်း ငယ်ကတည်းက သူမအပေါ် အနစ်နာခံပေါင်းလာခဲ့တဲ့ သူငယ်ချင်းမောင်ဝိုင်းကို အဆက်အဆံမပြုလုပ်ဖို့အထိလဲ ခင်လေး မရက်စက်နိုင်ခဲ့ပါ။ မိဘနှစ်ပါးပြီးလျှင် သံယောဇဉ်အရှိဆုံးလူဟာ မောင်ဝိုင်းဖြစ်ပေသည်။
ခင်လေးရဲ့မိဘများကလဲ မောင်ဝိုင်းနဲ့ဆို သဘောတူကြည်ဖြူကြပါသည်။ မောင်ဝိုင်းမိဘများက ဒီရွာမှာ အချမ်းသာဆုံး စာရင်းဝင်များ ဖြစ်သည်။ ပြီးတော့ အသားညိုညိုနဲ့ရုပ်ရည်လေးလဲမဆိုးလှသောမောင်ဝိုင်းကို ကြိုက်တဲ့မိန်းကလေးတွေလဲ ပေါလှပါသည်။ ဘယ်မိန်းကလေးတွေဘယ်လိုပဲလှပါစေ မောင်ဝိုင်းက ငယ်သူငယ်ချင်းကွမ်းတောင်ကိုင် ခင်လေးကိုမှ အရူးအမူး သဲသဲလှုပ်ကြိုက်ခဲ့လေသည်။ ခင်လေးကိုယ်တိုင်ကလဲ နောက်ဆုံးတော့ သူနဲ့ပဲ ယူရလိမ့်မယ်လို့ ထင်မိသလိုတော့ရှိပေမယ့် ဘယ်လိုမှချစ်လို့ မရနိုင်ခဲ့ပါ။ အချစ်ဆိုတာ ဘယ်လိုအရာမျိုးလဲ ခင်လေးကိုယ်တိုင်လည်း မခံစားဖူးခဲ့ပေမယ့် အိမ်ဘေးက မမြနှစ်ပြောပြသလောက်တော့ သိပါသည်။
“ကိုမောင်ကောင်းဆီကနေ မမြနှစ်ကို ချစ်တယ်ဆိုတဲ့အသံကြားလိုက်တာနဲ့ ရင်ထဲမှာ ရှိန်းတိန်းဖိန်းတိန်းနဲ့ ဘယ်လိုဖြစ်သွားမှန်းကို မသိပါဘူး ရှက်လဲရှက် ကြည်နူးလဲကြည်နူးနဲ့ ညီးလဲမချစ်ဖူးသေးလို့ပါအေ ညီးကြိုက်တဲ့သူနဲ့သာ တွေ့လို့ကတော့ ဘယ်လိုတွေခံစားရမယ်ဆိုတာ ကျုပ်ပြောပြစရာတောင်မလိုဘူး သိလာလိမ့်မယ်”
“ဟဲ့ မြနှစ် ခင်လေးကို ဘာတွေသင်ပေးနေတာတုန်း ခင်လေးညီးသူ့စကားတွေနားယောင်မနေနဲ့ အလကားမိန်းမ လျှောက်ပြောနေတာ ကျုပ်ဖြင့်သူ့ကို ချစ်တယ်လို့တစ်ခါမှမပြောရပေါင်ဗျာ”
“အလိုလေး တော် ဘယ်လိုပြောလိုက်တယ် ကျုပ်ကိုမှမရရင်တခြားဘယ်မိန်းမကိုမှ မယူနိုင်ဘူး ကျုပ်ကိုပဲ တသက်လုံး ချစ်သွားမှာပါဆို”
“ဟားဟား အဲ့ဒါက အဲ့ဒီအချိန်တုန်းကဟ အခုကတော့ပြောင်းသွားတာကြာပြီကော”
“ကဲ ပြောင်းချင်ဦး ပြောင်းချင်ဦး”
မမြနှစ်က သူ့ယောကျာ်းကိုု ချစ်စနိုးလိုက်ထုရင်း ရယ်နေသည်။ ချစ်တဲ့သူနဲ့လက်ထပ်ရလို့ဖြစ်မည်။ သူတို့လင်မယားကို ကြည့်ရတာ ရန်ဖြစ်စကားများတာနည်းပြီး တစ်ယောက်နဲ့တစ်ယောက်စနှောက်ကာ အမြဲတမ်းပျော်နေတတ်သလိုပင်။ ခင်လေးလဲ သူတို့လိုပဲ ချစ်ရတဲ့သူနဲ့သာ လက်ထပ်ချင်မိသည်။ မောင်ဝိုင်းက ခင်လေးကို ချစ်တယ်ပြောတုန်းက ခင်လေးမှာ မမြနှစ်လို မဖြစ်တဲ့အပြင် စိတ်တောင် ညစ်သွားရပါသည်။ စိတ်ညစ်သွားရတာကတော့ အချစ်ဖြစ်မည်မထင်။
မောင်ဝိုင်းကတော့ ခင်လေးဆီက သူကြားချင်တဲ့အဖြေမရလဲ ချစ်မြဲ၊ ခင်လေးဆီကို နေ့တိုင်းလာမြဲပင်။
“ခင်လေး ငါ့ကိုအဖြေပေးတော့လေ”
“ပေးပြီးပါပကော လက်မခံနိုင်ပါဘူးဆို”
သိပ်မရင်းနှီးတဲ့အခြားလူတွေနဲ့ဆို စကားသိပ်မပြောဖြစ်ပေမယ့် မောင်ဝိုင်းနဲ့ဆိုရင်တော့ ခင်လေးဟာ အရမ်းကိုစွာတဲ့ မိန်းကလေးတစ်ယောက်လိုပင်။ ပြီးတော့ အခုလိုရည်းစားစကား တဖွဖွပြောနေတာကိုလဲ အမြင်ကတ်မိသည်။
“ဟာ အဲ့ဒီအဖြေမဟုတ်ဘူးလေ မောင်ဝိုင်းကိုချစ်ပါတယ်လို့ဖြေခိုင်းတာ”
ခင်လေးက ခေါင်းငုံ့ကာ ဆန်ရွေးနေရာမှ မောင်ဝိုင်းကမျက်စောင်းထိုးလိုက်ရင်း။
“နင်က ငါ့ကိုချစ်တယ်ဆိုတာ ဘယ်လိုသိတာလဲ”
“ဘာကိုမေးတာလဲ”
“ချစ်တယ်ဆိုတာ ဘယ်လိုကြီးလဲ ငါမသိလို့လေ”
“အင်း ချစ်တယ်ဆိုတာ မတွေ့ရရင်မနေနိုင် မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်ချင်မိတာ”
မောင်ဝိုင်းက ခင်လေးမျက်နှာလေးကို တမေ့တမောငေးကြည့်ရင်း ဖြေသည်။ သူ့မှာ ခင်လေးကို ငယ်စဉ်ကတည်းက အရိပ်တကြည့်ကြည့် ချစ်လာခဲ့ရတာမလား။
“အဲ့ဒါကြောင့်ချစ်တယ်ပြောတာလား အံသြဘနန်းအေ”
“ငါလဲ သေချာမပြောတတ်ဘူး အချစ်ဆိုတာ သူ့ဘာသာရင်ထဲကနေ အလိုလိုဖြစ်လာတဲ့ခံစားချက်ဟ ဘာကြောင့်ညာကြောင့် ချစ်ပါတယ်ဆိုပြီး တိတိကျကျပြောလို့မရဘူး”
ဒီတခါတော့ မောင်ဝိုင်းအဖြေကို ခင်လေး လက်ခံလိုက်မိပါသည်။ ဒါကြောင့်ပါဆိုပြီး တိတိကျကျသာပြောလို့ရနေရင် လူတိုင်းအကြိုက်တူပြီး တစ်ယောက်ထဲကို ဝိုင်းကြိုက်နေကြတော့မှာပေါ့။
“ဒါပေမယ့် ငါသေသေချာချာသိတာတစ်ခုတော့ရှိတယ်”
“ဘာကို သိတာလဲဟင်”
“နင့်ကို င့ါရဲ့ရင်ထဲအသဲထဲကနေ ချစ်တယ်ဆိုတာကိုပေါ့ ဟားဟား”
ခင်လေးက မောင်ဝိုင်းကို အမြင်ကတ်စွာ မျက်စောင်းထိုးလိုက်ပြန်သည်။ သူများအိမ်ထဲဝင်ပြီး သူများသားသမီးကို ပိုင်စိုးပိုင်နင်းရည်းစားစကားပြောခွင့်ရနေတာက ခင်လေးကိုယ်တိုင်ပေးထားမိတဲ့ မောင်ဝိုင်းရဲ့အထူးအခွင့်အရေးတစ်ခုပင်။ အဲ့ဒီအချိန်တုန်းက ခင်လေးရဲ့သံယောဇဉ်အရှိဆုံး ငယ်သူငယ်ချင်းမောင်ဝိုင်းကို ပစ်ပစ်ခါခါမပြောရက်နိုင်ခဲ့တာ ခင်လေးရဲ့ မဟာအမှားကြီးတစ်ခုဆိုတာ မသိခဲ့မိပေ။ အများအမြင်မှာတော့ ခင်လေးကမောင်ဝိုင်းကိုကြိုးရှည်ရှည်နဲ့လှန်ထားသလိုသာ ဖြစ်နေခဲ့သည်။ ဒီလိုသဘောမျိုးမဟုတ်ခဲ့တာ ခင်လေးကိုယ်တိုင်အသိဆုံးပင်။
ဒါပေမယ့် တစ်နေ့မှာတော့ ခင်လေးရဲ့မချစ်ဖူးသေးတဲ့နှလုံးသားလေးကို ဆွဲခါယမ်းနိုင်တဲ့ မောင်မောင်တင်ဆိုတဲ့ လူတစ်ယောက် ပေါ်လာပါတော့သည်။ ရွာဦးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီး၏ မြိ့ုပေါ်ကဒကာအရင်းရဲ့သားဖြစ်သူ မောင်မောင်တင်ဟာ ရွာသို့ အလည်ရောက်ရှိလာခဲ့သည်။ ရွာဦးကျောင်းမှာပဲနေပြီး ကျောင်းသားတွေကို စာသင်ပေးလို့ တစ်ရွာလုံးက ဆရာလေးဆိုပြီး ခေါ်ခဲ့ကြတာဖြစ်သည်။ စာတတ်ပေတတ် မြို့သားဖြစ်တဲ့ ဆရာလေးဟာ အသားဖြူဖြူ၊ ထောင်ထောင်မောင်းမောင်းနဲ့ ရုပ်လဲအတော်ဖြောင့်သောကြောင့် ရွာကလှပျိုဖြူတွေကြား မောင်ဝိုင်းထက်ပင် လူကြိုက်များခဲ့ပါသည်။ ဆရာတော်ဆီက ပြန်ကြားရသလောက်ပြောရရင် ဆရာတော်ငယ်စဉ် မြို့မှာစာသင်သွားတုန်းက ဆရာလေးရဲ့မိဘများက ပစ္စည်းလေးပါးဒါယကာအဖြစ် တာဝန်ယူလှူဒါန်းခဲ့သူများ ဖြစ်သည်။ မြို့ပေါ်မှာ အလွန်ချမ်းသာသော သူဌေးကြီးများဖြစ်သည်ဟု သိရသည်။ ရွာကို စရောက်ခါစတုန်းကတော့ သူ့ကို မြို့ပေါ်က သူဌေးသားမှန်း မသိကြပေ။ သူဌေးသားမို့ မောက်မာခြင်းမရှိပဲ အတော်ကို အနေအေးဆေးတဲ့ ဆရာလေးဟာ သူတပါးကိုကူညီတတ်တာကာ ကလေးတွေကိုလဲ စေတနာထားပြီး စာသင်ပေးသည်။ တရွာလုံးကလဲ ဆရာလေးဆိုတာကို ပါးစပ်ဖျားကမချတမ်း ချစ်ခင်ကြလေသည်။
အချစ်ဆိုတဲ့အရာကလဲ အခက်သားလား။ ခင်လေးကို တသက်လုံးကြိုက်လာခဲ့တဲ မောင်ဝိုင်းကိုတစ်ချက်မှရင်မခုန်မိပါပဲ ဆရာလေးကိုတွေ့တွေ့ချင်းမှာပဲ ခင်လေးရင်တွေ တဒိုင်းဒိုင်းခုန်လာခဲ့ရသည်။ မမြနှစ်ပြောသလို ဘာမှန်းမသိတဲ့ ခံစားချက်မျိုး ဖြစ်ပေါ်လာခဲ့ရသည်။ ဆရာလေးကတော့ ခင်လေးအဖြစ်ကို သိမည်မထင်။ ခင်လေးမှာသာ ဆရာလေးကို ခိုးခိုးကြည့်မိပြီး ရင်ခုန်နေမိတာ။ ရွာထဲက အခြားသောလှပျိုဖြူများကလဲ ဆရာလေးနားမှာ တဝဲလည်လည် ရှိနေကြပြန်သည်။ ခင်လေးကတော့ သူတို့လို မလုပ်ရဲပါ။
အရင်ကဆို ဘုန်းကြီးကျောင်းတက်သွားရင် ဆံပင်ရှည်ကြီးကို အယ်နေအောင်ဆံထုံးထုံးပြီး သနပ်ခါးရေကျဲလေးလူးကာ သွားတတ်ပေမယ့် အခုအချိန်မှာတော့ ခင်လေးပိုပြီးတော့ လှချင်နေမိပါသည်။ ကျောင်းမှာဆရာလေးရှိတယ်ဆိုတဲ့အသိနဲ့ ကျောင်းတက်သွားခါနီးဆို အရင်ကထက်ပိုုပြီးမှန်ရှေ့မှာ ပြင်နေမိသည်။ ဆံထုံးထုံးထားတာ သပ်ရပ်ပါ့မလား။ သနပ်ခါး ပါးကွက်လေးညီပါ့မလားနဲ့ မိုးတွင်းမို့ ခြံထဲမှာ လှိုင်လှိုင်ပွင့်နေတဲ့စံပယ်ပန်းတွေသီပြီးပန်ကာ အိမ်က မထွက်ခင်အထိ မှန်ကို အခါခါပြန်ကြည့်ရတာအမောပင်။ ဒါပေမယ့်လဲ ဆရာလေးက ခင်လေးကို သတိပင်ထားမိပုံပင် မပေါ်ပါ။ မိန်းမသားဖြစ်တဲ့ ခင်လေးက ဘာတတ်နိုင်မှာလဲလေ။ မြင်းကမလှုပ်၊ ခုံကလှုပ်ဆိုပြီး အကဲ့ရဲ့မခံရလေအောင် အဝေးကသာ တိတ်တခိုးကြည့်နေပါတော့မည်။ ရေလာအောင် မြောင်းပေးခြင်းအတတ်ပညာကိုလဲ မကျွမ်းကျင်တော့ ခင်လေးရဲ့ အချစ်တွေကို ရင်ထဲမှာသာ သိမ်းဆည်းထားပါတော့မည်။
================================================================
မိုးရွာပြီးခါစ ညနေခင်းလေးမှာ အိမ်ရှေ့ခြံစပ်မှာရှိတဲ့ စံပယ်ရုံများက စံပယ်ပန်းတွေဖွေးနေအောင်ပွင့်နေပြီမို့ ခင်လေးက ဝါးဇကာလေးယူကာ တစ်ပွင့်ချင်းစီ စိတ်ရှည်လက်ရှည်ကောက်နေခဲ့သည်။ ခင်လေးကို ပန်းကောက်ကူနေကျ မောင်ဝိုင်းကလဲ အလုပ်ကိစ္စနဲ့တခြားရွာသွားနေသည်မို့ ခင်လေးတစ်ယောက်ထဲ ပန်းလေးတွေတစ်ပွင့်စီ ခူးဆွတ်ရင်း အတွေးတွေ လွန်နေခဲ့တော့သည်။ ပန်းတွေအများကြီးကောက်ကာ ဘုရားလှူပြီး ပိုတာကို သီပြီးပန်ဖို့လဲ စိတ်ကူးလိုက်မိသည်။ ပြီးတော့ အခုအချိန်ဆရာလေးဘာတွေလုပ်နေပါလိမ့်လို့လဲ တွေးလိုက်မိသေးသည်။ ကိုယ်ကသာ တဖက်သတ် သတိတွေရနေတာ ဆရာလေးကတော့ ခင်လေးကို သိတောင်မသိလောက်ပေ။ အို ဘာပဲဖြစ်နေပါစေ။ ခင်လေးဘာသာ သူ့ကိုတွေ့နေရရင်ပြီးတာပဲမလား။ သူနဲ့ရင်းနှီးသိကျွမ်းနေရင်တောင် နောင်တချိန်မှာမြို့ကို သူ ပြန်သွားတဲ့အချိန်ကျ လွမ်းကျန်နေခဲ့ရမှာပဲလေ။ အဲ့ဒီအချိန်ကျရင်တော့ ကိုယ်နဲ့လဲ မသိကျွမ်းခဲ့ဘူးဆိုတော့  ခဏနဲ့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားလောက်မှာပါ။
မောင်မောင်တင်မှာ သူနဲ့မလှမ်းမကမ်းမှာရှိနေတဲ့ ဆံပင်ရှည်ကြီးများ ဖားဖားဝေအောင်ချထားပြီး စံပယ်ပန်းတွေ ကောက်နေသော မိန်းမချောလေးဆီမှ အကြည့်တို့မလွဲနိုင်ခဲ့ပါ။ ခင်လေးဆိုတဲ့ ကွမ်းတောင်ကိုင်မိန်းမချောလေးကို ဘုန်းကြီးကျောင်းတက်လာတိုင်း သူ့မှာ ငေးကြည့်ရတာအမောပင်။ ကျောင်းတက်လာတိုင်း ကကြီးပုံနဖူးလေးပေါ်အောင် ဆံပင်ကိုအပြောင်သိမ်းပြီး အမြဲတမ်းဆံထုံးထုံးထားတတ်တာမို့ အခုလို ဆံပင်ရှည်ကြီးများချထားတာကို တစ်ခါမှ မတွေ့ဖူးခဲ့ပေ။ ခင်လေးမှာ မိန်းမတို့ဘုန်းဆံထုံးဆိုသည့်အတိုင်း ဆံပင်ရဲ့ကောင်းခြင်းသာမက ရုပ်ရည်လေးပါ အင်မတန် လှပကျက်သရေရှိလွန်းလှသည့်အပြင် အသားအရည်လေးက ဖွေးနုနေပြန်သေးသည်။ ဘယ်ဘဝက ကုသိုလ်ကောင်းခဲ့မှန်း မသိသော လှရက်လွန်းသူ ခင်လေးပါ။ သူမကတော့ သူနဲ့အကြည့်ချင်း ဆုံတိုင်း မျက်လွှာလေးချကာ သူ့ကို မသိချင်ယောင်ဆောင် သွားတတ်လေသည်။ လူကြားသူကြားထဲမို့ သူ့မှာလဲ မဟာဆန်တဲ့သူမအလှကို အိနြေ္ဒလေးနဲ့သာ မသိမသာခိုးခိုးကြည့်ခဲ့ရသည်။ အခုတော့ လမ်းပေါ်မှာဘယ်သူမှလဲ ရှိမနေပဲ၊ ခင်လေးနဲ့သူနှစ်ယောက်ထဲသာရှိနေသည်မို့ ဟန်မဆောင်နိုင်ပဲ ငေးကြည့်နေလိုက်တော့သည်။ ဘာတွေ အတွေးလွန်နေမှန်း မသိသော ခင်လေးမှာ သူ့ကိုလူတစ်ယောက်လုံးက ကြည့်နေတာကိုသတိမထားမိပဲ တခါတလေ သက်ပြင်းတွေတောင် ချနေသေးသည်။
ပန်းကောက်နေရင်း ခင်လေးစိတ်ထဲတမျိုးဖြစ်လာတာမို့ ဘေးနားကိုဝဲကြည့်မိသော် ခင်လေးကို ကြည့်နေတဲ့ ဆရာလေးနဲ့ အကြည့်ချင်းဆုံလေသည်။ အို သူ ဘယ်တုန်းကများရောက်နေခဲ့ပါလိမ့်။ ခင်လေးမှာ ရင်တွေခုန်သွားရရင်း မျက်လွှာချလိုက်မိသည်။ ဒီအချိန်မှာပဲ ဆရာလေးက ခင်လေးရှိရာသို့လျှောက်လာခဲ့လေသည်။
“စံပယ်ပန်းတွေကောက်နေတာလား ခင်လေး”
ခင်လေးနာမည်ကို ဆရာလေးသိနေတယ်။ ခင်လေးစိတ်ထဲ ပျော်တာလို ဝမ်းနည်းတာလိုနဲ့ မဖော်ပြတတ်ပေ။ လက်ဖျားတွေ အေးစက်လာကာ ရင်ထဲ တဒိတ်ဒိတ်နဲ့ခုန်နေတဲ့အသံ သူကြားသွားမှာကို စိုးရိမ်မိသည်။
“ဟုတ်ကဲ့”
မျက်လွှာလေးချကာ အသံတိုးတိုးနဲ့ပြန်ဖြေနေတဲ့ခင်လေးကို ကြည့်ပြီး မောင်မောင်တင် ရင်ခုန်လာမိသည်။ တကယ်ဆို သူဟာ မိန်းမမယူချင်သော လူပျိုကြီးတစ်ယောက်။ ငါယူမယ့်မိန်းမဟာ ဘယ်လိုပုံစံ၊ ဘယ်လိုစံနှုန်းတွေ ရှိရမယ်ဆိုပြီး သတ်မှတ်မထားခဲ့သလို လက်ထပ်ပြီးအတူတူနေချင်လောက်အောင်အထိ ချစ်ကြိုက်မိတဲ့မိန်းမမျိုး တစ်ယောက်မှ မရှိခဲ့ဖူးပါ။ ပြီးတော့ သူ့ကို ဇာတ်လမ်းရှာပြီးလာအရောဝင်တဲ့ ပေါ့ပျက်ပျက်မိန်းမတွေကိုဆို လုံးဝကြည့်မရခဲ့ပေ။ တတ်နိုင်သမျှဝေးဝေးရှာင်ကာ ခပ်ပြတ်ပြတ်ဆက်ဆံခဲ့သည်။ ဒါကြောင့်လဲ မိန်းမနဲ့ ပတ်သက်ရင် အလွန်ဇီဇာကြောင်သော လူပျိုကြီးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။
အခုဆိုသူ့အသက် ၃၀ ကျော်နေပြီမို့ အိမ်က မိဘများက အိမ်ထောင်ချပေးဖို့ စီစဉ်နေကြသည်။ မောင်မောင်တင်ရဲ့ အစ်ကိုကြီးက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့တာကြောင့် အစ်ကိုရဲ့သားအကြီးဆုံးက လူပျိုပေါက်စ ဖြစ်နေပြီး မိန်းကလေးများကိုပင် စတတ်နေပြီဖြစ်သည်။ ဦးလေးမိန်းမ မရခင် တူဖြစ်သူက အရင်မိန်းမရသွားမည်စိုးသောကြောင့် မိဘများကသူ့ကို စေ့စပ်ပေးစားဖို့ စီစဉ်ခဲ့လေသည်။ စစချင်းကတော့ မိဘတွေစီစဉ်တာကို လက်ခံလိုက်ဖို့ စဉ်းစားခဲ့ပေမယ့် သူနဲ့ပေးစားမယ့်မိန်းမဟာ ရုပ်ရည်လေးမဆိုးလှသော်လည်း ချမ်းသာသလောက် အင်မတန်မှ မောက်မာလွန်းလှသည်။ လူတန်းစားလဲ အလွန်ခွဲခြားတတ်သူဖြစ်ပြီး ငွေရှိသူကိုမှ လူရာသွင်းကာ ပေါင်းသင်း ဆက်ဆံချင်သူ ဖြစ်လေသည်။ နဂိုကတည်းက မယူချင်ရက် လက်တို့ဖြစ်နေသူ သူ့အတွက် အဲ့ဒီအချက်ကြီးက အတော်ကိုဆိုးရွားလွန်းပြီး ဘယ်လိုမှလက်မခံနိုင်ပေ။ ရုပ်ရည်ဘယ်လောက်ပဲလှပနေပါစေ၊ ပိုက်ဆံဘယ်လောက်ပဲ ချမ်းသာနေပါစေ မာနထောင်လွှားတဲ့မိန်းမမျိုးကို သူဘယ်လိုမှ သဘောမကျနိုင်ခဲ့ပါ။ အဲ့ဒီလို မိန်းမမျိုးနဲ့ လက်ထပ်ပြီး သေဆုံးချိန်အထိ တသက်လုံးအတူတူသာနေရရင် သူ စိတ်ဆင်းရဲလွန်းလို့ အသက်တိုပေလိမ့်မည်။
ထို့ကြောင့် မိဘတွေနဲ့စိတ်ဆိုးပြီး အိမ်ကနေထွက်လာခဲ့ရာ ဆရာတော်နဲ့တွေ့ပြီး ဒီရွာကိုပါလာခဲ့တာဖြစ်သည်။ မိန်းမမယူချင်လို့ အိမ်ကနေ ဆန္ဒပြရင်းထွက်လာရာမှ အခုတော့ခက်ချေပြီ။ ခင်လေးဆိုတဲ့မိန်းကလေးကို သူ ချစ်မိနေပြီလား မသိပေ။ နေ့တိုင်း တွေ့ချင်နေမိသည်။ ဘုန်းကြီးကျောင်းတက်မလာရတဲ့နေ့တွေဆို ခင်လေးအိမ်ဘက်ကို ယောင်လည်လည်နဲ့ လမ်းလျှောက်လာမိတတ်သည်။ ဒီနေ့တော့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးတွေ့ပါပြီ။ အခုလို ရှားရှားပါးပါး နှစ်ယောက်ထဲ တွေ့တဲ့အခွင့်အရေးလေးကို လက်လွှတ်မခံသင့်လို့တွေးမိပြီး ခင်လေးကို အရဲစွန့်ကာ နုတ်ဆက်လိုက်ခြင်း ဖြစ်သည်။
“အစ်ကိုလဲ ကောက်ကူပေးမယ်နော်”
ခင်လေး မျက်လုံးကိုဖြတ်ခနဲပင့်ကြည့်လိုက်မိရာ ဆရာလေးနဲ့အကြည့်ချင်းဆုံသွားရသည်။ အခုလို သူနဲ့စကားတွေ ပြောနေရတာ အိပ်မက်လို့တောင် ထင်မိပါသည်။ ဒါပေမယ့်လဲ အိပ်မက်မဟုတ်ပါ။ ခင်လေးရှေ့မှာ ဆရာလေး ရပ်နေတယ်မို့လား။ ခင်လေး အယောင်ယောင်အမှားမှားနဲ့ ခေါင်းငြိမ့်လိုက်မိသည်။
“ခင်လေးကို တွေ့ချင်လို့ဒီလမ်းထဲကို လာခဲ့တာ”
ဆရာလေးစကားကြောင့် ခင်လေးပြန်မော့ကြည့်မိပြန်သည်။ သူ့ရဲ့ပြုံးရိပ်သန်းနေတဲ့မျက်ဝန်းများနဲ့ပြန်ဆုံတွေ့ပြန်သည်။ ခင်လေးအမြန်မျက်လွှာပြန်ချလိုက်ရသည်။ ဘာလို့ ခင်လေးနဲ့တွေ့ချင်ရတာလဲ။ ခင်လေးကို ကြိုက်နေလို့များလား။ ရင်တွေခုန်မိရင်း ကိုယ့်အတွေးနဲ့ကိုယ်ရှက်သွားရပြန်သည်။
သူ့ကိုမကြည့်ပဲ မျက်လွှာချကာ စံပယ်ပန်းခူးနေတဲ့ခင်လေးရဲ့ ပါးလေးနှစ်ဖက်မှာရှက်သွေးဖြာပြီး အနီရောင်သန်းနေကာ လှနိုင်လွန်းလှသည်။ မောင်မောင်တင်မှာ အားမနာနိုင်တော့ပဲ ငေးကြည့်နေမိသည်။
“နောက်နေ့တွေ ခင်လေးကိုတွေ့ချင်ရင် ဘယ်ကိုလာရမလဲဟင်”
မောင်မောင်တင် စကားတစ်ခွန်းပြောတိုင်း တစ်ခါမော့ကြည့်လိုက် ပြန်ငုံ့သွားလိုက်နဲ့ ခင်လေးတစ်ယောက် စံပယ်ပန်းများကို မခူးမိပဲ သစ်ရွက်စိမ်းများကိုသာ မှားပြီး ခူးနေမိတော့သည်။
“ဟောဗျာ ခင်လေး သစ်ရွက်တွေ မှားခူးကုန်ပြီ”
ဆရာလေးစကားကြောင့် ခင်လေးရှက်လွန်းလို့ မျက်ရည်ဝဲကာ မျက်ရည်ကျချင်ချင်ဖြစ်လာခဲ့သည်။ ရှက်လိုက်တာ ဆရာလေးရှေ့မှာမှ အယောင်ယောင်အမှားမှားနဲ့ ဘာတွေလုပ်နေမိပါလိမ့်။
“ဟာ မငိုနဲ့ မငိုပါနဲ့ခင်လေး ခင်လေးမကြိုက်ရင် အစ်ကို နောက်တစ်ခါထပ်မလာတော့ပါဘူး အစ်ကိုသွားတော့မယ်နော်”
အို ခက်လိုက်တာရှင်။ ခင်လေးမကြိုက်ဘူးလို့လဲ တစ်ခါမှမပြောလိုက်မိပါပဲ။ ခင်လေးမှာ ဆရာလေး နောက်ထပ် မလာတော့မှာ စိုးရိမ်သွားမိသည်။ ဆရာလေးဟာ ခင်လေးထက် အသက်သာကြီးတယ် မိန်းမတွေအကြောင်းလဲ အတော်ကို မသိတဲ့လူပျိုကြီး ဖြစ်ပေလိမ့်မည်။
မောင်မောင်တင်မှာ ခင်လေးမျက်နှာကိုကြည့်ပြီး စိတ်မကောင်းစွာနဲ့လှည့်ထွက်လာခဲ့စဉ်။
“ဆရာလေး မနက်ဖြန် မနက်ဖြန်ညနေလဲ ခင်လေးစံပယ်ပန်းကောက်ဦးမှာပါ”
မောင်မောင်တင် ဝမ်းသာအားရလှည့်ကြည့်လိုက်စဉ်မှာပဲ ခင်လေးက အိမ်ထဲသို့ပြေးဝင်သွားခဲ့သည်။
================================================================
ညနေတိုင်း ခင်လေးနဲ့ဆရာလေးတို့ စံပယ်ပန်းအတူတူကောက်နေတာ သုံးရက်ရှိပြီဖြစ်သည်။ ခင်လေးမှာ ဆရာလေးကို အရင်ကလောက် စကားမပြောရဲ၊ မဆိုရဲမဖြစ်တော့ပေမယ့် ရင်တွေကတော့ ပိုခုန်လာခဲ့ပါသည်။ အချိန်တန်ရင် အိမ်ပြန်သွားရမယ် တရွာသားကို ရည်းစားမတော်ချင်ပေမယ့် ဆရာလေးကို အရမ်းကို ချစ်မိနေပါပြီ။ ခင်လေးသည် ရွာက ကွမ်းထောင်ကိုင်ဆိုပေမယ့် မြို့သူအချောအလှတွေကိုတော့ ဘယ်မှီလိမ့်မလဲ။ ပြီးတော့ ပိုက်ဆံလဲရှိ ရုပ်လဲဖြောင့်တဲ့ ဆရာလေးက ခင်လေးလို တောသူမကို ကြိုက်ရင်တောင် တကယ်လက်ထပ်ချင်ပါ့မလား။
အမေကလဲ ခင်လေးတို့အကြောင်းကို ရိပ်မိပြီး သတိပေးစကားပြောရှာသည်။ မြို့သားတွေကို မယုံဖို့ပေါ့။ ဒါပေမယ့် ခင်လေးက သူမှသူပဲချစ်မိနေတော့ ဘယ်လိုမှမတတ်နိုင်တော့ပါ။ သူပြန်သွားလဲ လွမ်းကျန်နေခဲ့ရမှာပဲပေါ့။
“ဆရာလေးက ဘယ်တော့မြို့ကိုပြန်မှာလဲဟင်”
“ဝါမကျွတ်ခင် ပြန်မယ်ခင်လေး”
ဝါကျွတ်ဖို့ တစ်လလောက်သာလိုတော့တာပဲ။ ခင်လေးရင်ထဲ ဝမ်းနည်းခြင်းတွေနဲ့ ပြည့်နှက်လာခဲ့ရသည်။ သိပ်မကြာခင် သူနဲ့တပြည်တရွာစီ ဝေးရတော့မှာပါလား။
ခင်လေးရဲ့ စိတ်နှလုံးညှိုးနွမ်းကာ ညိုမှိုင်းသွားသောမျက်နှာလေးကို ကြည့်ရင်း မောင်မောင်တင်က ဆက်ပြောသည်။
“ဝါကျွတ်ပြီးရင်တော့ ပြန်လာမယ်”
ပြန်လာမယ်ပြောလို့ခင်လေးမှာ တိတ်တိတ်လေးပျော်သွားပြီး ပြုံးသွားမိတဲ့မျက်နှာကိုတော့ မဖုံးဖိနိုင်ပါ။
“အစ်ကိုမိဘတွေကို ခေါ်ပြီးပြန်လာမှာ ဒီရွာမှာမိန်းမတောင်းခိုင်းမလို့”
ခင်လေးအံ့သြပြီး ဆရာလေးကို မော့ကြည့်လိုက်မိသည်။ ဘယ်သူနဲ့ကြိုက်နေခဲ့တာလဲ မကြားမိပေ။ ခင်လေးရဲ့ အတွေးတို့ မဆုံးခင်မှာပဲ။
မောင်မောင်တင်က သူ့ကိုမော့ကြည့်နေတဲ့ခင်လေးရဲ့မျက်နှာလှလှလေးကိုကြည့်ရင်း။
“ခင်လေး လက်ခံမယ်မလား အစ်ကို ခင်လေးကို အရမ်းချစ်မိနေပြီ”
မထင်မှတ်ထားရဲ့ ချစ်ရေးဆိုစကားကြောင့် ခင်လေးရဲ့ပါးနှစ်ဖက်တို့ ရဲရဲနီနေသွားခဲ့လေသည်။ ရင်ထဲမှာလဲ တအုံနွေးနွေးနဲ့ ဘာမှန်းမသိတဲ့ခံစားချက်တို့နဲ့ ဗြောင်းဆန်ကုန်သည်။ အရင်နေ့ကလို ပန်းနဲ့သစ်ရွက်ကို မှားမခူးမိတော့ပဲ ခေါင်းငုံ့လို့သာ ရှက်နေမိတော့သည်။
ခင်လေးရဲ့မေးစေ့လေးကို ဆွဲမလိုက်ရင်း ရှက်သွေးဖြာနေတဲ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ကာ မောင်မောင်တင်က ဆက်ပြောသည်။ သနပ်ခါးမှုန်မှုန်လေးနဲ့အပြစ်ကင်းစင်တဲ့မျက်နှာလေးကို ဘယ်လိုချစ်မှန်းမသိ ချစ်နေမိတော့သည်။
“အစ်ကို အချစ်ကိုလက်ခံမယ်မလား ခင်လေး ဟာ ဝမ်းသာလိုက်တာခင်လေးရာ”
ခင်လေး ဘာလုပ်မိလိုက်မှန်းမသိပဲ ဆရာလေးရဲ့စကားသံကြားမှ သတိပြန်ဝင်လာခဲ့သည်။ သူမ ကိုယ်တိုင်တောင် သတိမထားမိပါပဲ ခေါင်းငြိမ့်ပြလိုက်မိသည်မလား။
================================================================
ဆရာလေးနဲ့ခင်လေးရဲ့ အချစ်ဇာတ်လမ်းလေးဟာ ရွာကလူတွေရဲ့မျက်စိဒေါက်ထောက်ကြည့်စရာ ဖြစ်လာခဲ့သည်။ မြို့သားဖြစ်တဲ့ဆရာလေးဟာ ခင်လေးကို ပစ်သွားမှာပဲလို့တထစ်ချယုံကြည့်နေသူများရှိသလို၊ ပစ်သွားစေချင်ကြသူများလဲ ရှိနေပါသည်။ ပြီးတော့ ငယ်စဉ်ကတည်းက တဖက်သတ်ချစ်လာရတဲ့ မောင်ဝိုင်းကို ရွာကလူတွေကသနားလို့မဆုံးကြပေ။ မောင်ဝိုင်းနဲ့ခင်လေးကို ညားမယ်လို့ပဲထင်ထားကြတဲ့လူတွေကြားမှာတော့ ခင်လေးက ရက်စက်သူကြီးဖြစ်လေသည်။ ခင်လေးကို ပိုးပန်းခဲ့ကြတဲ့ကာလသားများနဲ့ ဆရာလေးကိုတဖက်သတ်ကြိုက်ခဲ့တဲ့မိန်းမပျိုတွေကြား ခင်လေးဟာ အသဲနှလုံးမရှိတဲ့ ဘီလူးမကြီးကို ဖြစ်ခဲ့ရတော့သည်။
မောင်ဝိုင်းရဲ့အမေကဆို ခင်လေးရဲ့မိဘတွေကို လမ်းမှာတွေ့ရင်တောင် နုတ်မဆက်တော့ပေ။ ခင်လေးကိုဆို ပိုဆိုး။ မကောင်းကြောင်းသာပြောတော့သည်။ တချိန်က ချွေးမလေးလို့ ပါးစပ်ဖျားကမချသလောက် အခုလဲ မကောင်းသတင်းပြောဖို့ အသင့်စောင့်နေခဲ့လေသည်။ ဆရာလေးပစ်သွားမှာကို အလိုလားဆုံးလူမှာ မောင်ဝိုင်းရဲ့ မိဘများနဲ့ဆွေမျိုးများက ထိပ်ဆုံးကပင်။
သူ့ဆွေမျိုးတွေဘယ်လောက်ပဲ ခင်လေးကို မုန်းကြပါစေ မောင်ဝိုင်းကတော့ အရင်အတိုင်း ခင်လေးဆီကို အဝင်အထွက်မပျက်။ အခင်မင်မပျက် ဆက်ဆံမြဲပင်။ သူကအဲ့ဒီလိုလုပ်လေ ခင်လေးကို လူမုန်းပိုများလေဖြစ်နေသည်။
“ဟဲ့ မောင်ဝိုင်း နင်အမှတ်သည်းခြေမရှိဘူးလား ကိုယ့်ကိုကန်ထုတ်သွားတဲ့မိန်းမနားကို ထပ်သွားနေဦးမှာလား ဟိုကဖြင့် အပျိုတောင်စစ်သေးရဲ့လားမသိ သွားသွားပြီးအနံ့ခံနေတာ နင်ဒီလောက်မှ ေ ာက်သုံးမကျရင် ငါ့သားမလုပ်နဲ့တော့”
“အမေကလဲဗျာ”
“နောက်တစ်ခါထပ်သွားလို့ကတော့ ေ ာက်ရှက်မရှိတဲ့နင့်ကို အဲ့ဒီအိမ်ပေါက်ဝကနေလာဆဲမှာ သွားရဲသွားကြည့်စမ်း”
မောင်ဝိုင်းအမေရဲ့ခုနှစ်အိမ်ကြားရှစ်အိမ်ကြားအော်ဆဲသံဟာ သူတို့အိမ်နဲ့သိပ်မဝေးတဲ့ ခင်လေးအိမ်အထိကြားရပါသည်။ မိဘများကဘယ်လိုနေမယ်မသိ ခင်လေးမှာတော့ ရှက်လွန်းလို့ ကြိတ်ပြီးမျက်ရည်ကျရသည်။သူတို့တင်မက လူတချို့ရဲ့ တီးတိုးကဲ့ရဲ့သံများကိုလဲ ခင်လေးမှာ အားတင်းပြီးရင်ဆိုင်နေရသည်။
“ကောက်ရိုးပုံစောင့်ခဲ့တာ အခုတော့ အရိုးတောင်မကိုက်ရပါလား”
“သူများစားဖို့စောင့်ပေးခဲ့တာပေါ့ကွာ ဟားဟား”
လူတွေကဒီလို မကြားတကြားပြောကြတိုင်း မောင်ဝိုင်းမျက်နှာကို လက်သီးနဲ့လာထိုးတာထက်ပင် နာမိလေသည်။ သူတသက်လုံးချစ်မြတ်နိုးလာခဲ့ရတဲ့ ခင်လေးဟာ သူ့မျက်နှာကို တစ်ချက်မှ ထောက်ထားခြင်းမရှိပဲ မောင်မောင်တင် ဆိုတဲ့ လူကို ကောက်ခါငင်ခါ ရွေးချယ်သွားခဲ့သည်။ သူ့အတွက် တခဏတောင် ထည့်သွင်းစဉ်းစားပေးခဲ့ရဲ့လားလို့ အော်ဟစ်ပြီး မေးလိုက်ချင်ပါသည်။ သူငယ်ကတည်းက အရိပ်တကြည့်ကြည့်နဲ့ တသသထားပြီးချစ်ခဲ့ရပါသော ခင်လေးဟာ အခုအချိန်မှာတော့ သူ့ရင်ကိုစုံကန်သွားခဲ့လေပြီ။
မောင်မောင်တင်နဲ့မတွေ့ခင်တုန်းကအချိန်အထိ ခင်လေးက သူ့ကိုသာ ချစ်လိမ့်မည်ဟု ယုံကြည်ထားခဲ့ပါသည်။ သူချစ်ရေးဆိုတိုင်း ခင်လေးက မျက်စောင်းတစ်ချက်သာ တုံ့ပြန်တတ်သည်။ ပြီးတော့ အခင်အမင်မပျက် ဆက်ဆံသည်။ တခြားချစ်ရေးဆိုတဲ့လူတွေကိုဆို ခင်လေးက ပြန်ကြိက်ဖို့မပြောနဲ့ စကားပင် မပြောတော့ပေ။ ဒီတော့ အချိန်တန်ရင် ခင်လေးနဲ့လက်ထပ်ရမယ့်သူဟာ သူသာဖြစ်သည်လို့ တထစ်ချယုံကြည်ထားခဲ့ပါသည်။
“ခင်လေး ငါအဘနဲ့အမေနဲ့ကို ဒီဝါကျွတ်ရင် လာတောင်းခိုင်းလိုက်ရမလား”
“အံ့ပတော် နင့်ကိုဘယ်သူကကြိုက်နေလို့လာတောင်းမှာတုန်း”
“နင်ကလဲ ငါတို့နဲ့ရွယ်တူတွေတောင်ယူကုန်ကြပြီ ငါတို့လဲလက်ထပ်ကြစို့”
“သူတို့ဘာသာယူတာငါတို့နဲ့ဘာဆိုင်သတုန်း မောင်ဝိုင်းနော် မဆိုင်တာတွေလာပြောမနေနဲ့”
ငါကနင့်ကိုချစ်နေတော့ တခြားလူတွေလက်ထဲပါသွားမှာစိုးတာကိုလို့ စိတ်ထဲကပြန်ပြောရင်း အပြင်ကတော့စကားသံ ထပ်မထွက်လာတော့ပါ။ ချစ်တယ်လို့ ခဏခဏပြောခဲ့ဖူးပြီပဲ။ ဒီထက်ဆက်ပြောရင် ရွှေစိတ်တော်ငြိုငြင်တော့မယ်ဆိုတာ သိနေတဲ့မောင်ဝိုင်းဟာ ခင်လေးမျက်နှာလေး ငြိုးသွားမှာကိုတောင် မလိုလားခဲ့သူပါ။ ဒီလိုနဲ့ ကြုံရင်ကြုံသလို ရည်းစားစကားပြောရင်း ခင်လေးနားမှာ ကပ်နေခဲ့သည်။
အခုတော့ သူခရီးထွက်နေတဲ့ သုံးလေးရက်အတွင်းမှာ ခင်လေးက ဆရာလေးဆိုတဲ့လူနဲ့ ကြိုက်သွားပြီတဲ့လား။ ဒီဝါကျွတ်ရင် လက်ထပ်ကြတော့မယ်တဲ့။ ရွာကိုပြန်ရောက်ရောက်ချင်း ကြားလိုက်ရတဲ့သတင်းဟာ မောင်ဝိုင်းရဲ့ နှလုံးသားကို ထုချေလိုက်သလို ခံစားလိုက်ရသည်။ သူမရှိတဲ့ရက်ပိုင်းအတွင်းမှာ ဒီလူနဲ့ကြိုက်သွားရအောင် ခင်လေးက ဆပ်ကော့လပ်ကော့မိန်းကလေးမဟုတ်မှန်း မောင်ဝိုင်းအသိဆုံးပါ။ ဟိုလူ မြို့သားက ရိုးသားတဲ့ခင်လေးကို ဘယ်လိုလှည့်စားပြီး အချစ်တွေညာယူသွားလဲမသိ။ မောင်ဝိုင်းမှာ ချစ်မြတ်နိုးခဲ့ရသောခင်လေးကို မုန်းချင်ပေမယ့် အပြစ်တောင်မတင်ရက်နိုင်ပဲ မောင်မောင်တင်ကိုသာ အမုန်းကြီးမုန်းလေတော့သည်။
“ခင်လေး နင် ဟိုမြို့သားနဲ့တကယ်ယူမှာလား”
“ယူမှာပေါ့”
ခင်လေးက မောင်ဝိုင်းမျက်နှာကိုမကြည့်ပဲပြန်ဖြေသည်။ မောင်ဝိုင်းကို ခင်လေးသနားပါသည်။ သနားပေမယ့် ချစ်လို့မှ မရခဲ့တာ။ ခင်လေးရင်ထဲက အခုဆို ဆရာလေးမှဆရာလေး ဖြစ်နေတော့တာမလား။
“နင်မြို့ကိုလိုက်သွားရမှာပေါ့”
“အရင်တော့ ရွာမှာပဲနေမယ်လို့ဆရာလေးပြောခဲ့ဖူးတယ် အခုတော့ဘယ်လိုလာမလဲငါလဲမပြောတတ်တော့ဘူး”
“နင် သူ့ကိုဘာလို့ကြိုက်တာလဲ”
“ဘာလို့ကြိုက်တာလဲဆိုတာ ငါမသိဘူးမောင်ဝိုင်း ဒါပေမယ့် သူနဲ့အတူရှိနေရင်ငါပျော်တယ်”
ငါနဲ့အတူရှိနေရင်ရော နင်မပျော်ဘူးလား ခင်လေး။ ငယ်စဉ်ကတည်းက သူတို့နှစ်ယောက်အတူတူ ပျော်ရွှင်စွာ ဆော့ကစားခဲ့ဖူးပါသည်။ ကြီးလာတော့လဲ သူ့ကြောင့်ဘယ်တုန်းက စိတ်ဆင်းရဲခဲ့ရဖူးသလဲ။ စိတ်ဆင်းရဲအောင် သူ ဘယ်နခါများလုပ်ခဲ့ဖူးသလဲလို့ ခင်လေးပုခုံးကို ဆောင့်ကိုင်ပြီး အော်ဟစ်ကာ မေးပစ်ချင်မိတော့သည်။ ခင်လေးမကြိုက်တာတွေ မလုပ်မိအောင်အမြဲတမ်းရှောင်ခဲ့ပါသည်။ မူးရူးလာရင်သွေးဆိုးတတ်သူဖြစ်သောကြောင့် ခင်လေးကသူ့ကို ထန်းရည်လုံးဝမသောက်ခိုင်းပါ။ သူကလဲ ခင်လေးမကြိုက်တာဆို ဘာတစ်ခုမှ မလုပ်ချင်သူဆိုတော့ မောင်ဝိုင်း နင်ဘယ်တော့မှ ထန်းရည်မသောက်နဲ့ ငါ့ကိုကတိပေးပါလို့ပြောတုန်းက အကျေနပ်ကြီးကျေနပ်ခဲ့ဖူးသူပါ။
“မောင်ဝိုင်း နင်ငါ့ဆီမလာနဲ့တော့ နင့်အမေ မကြိုက်ဘူးမလား”
မောင်ဝိုင်း မချိတင်ကဲပြုံးမိလိုက်သည်။ အမေကသူ့သားချစ်တဲ့ခင်လေးကို လိုက်ချစ်ခဲ့ပါသည်။ သူ့ချွေးမဖြစ်မည်လို့လဲ အပိုင်တွက်ထားခဲ့ပါသည်။ မောင်ဝိုင်းနဲ့ ခင်လေးတို့လက်ထပ်ပြီးရင်မင်္ဂလာလက်ဖွဲပေးဖို့ဆိုပြီး ရွာအဝင်လမ်းပေါ်မှာ မြို့ပေါ်အိမ်ပုံစံအတိုင်း ကျွန်းသစ်တွေနဲ့ အိမ်အသစ်ဆောက်ပေးထားခဲ့သည်။ ဒီနှစ်ဝါကျွတ်တာနဲ့ ခင်လေးကို တောင်းပေးမယ်လို့ ပြောခဲ့ဖူးတာ မောင်ဝိုင်းနားထဲက မထွက်ပေ။ အခုလို သားဖြစ်သူကို ကန်ထုတ်ကာ တရွာသားနဲ့ လက်ထပ်တော့မယ့် ခင်လေးကို မောင်ဝိုင်းအမေက အမုန်းကြီးမုန်းသွားခဲ့ရလေသည်။
“နင် ငါ့ကို သံယောဇဉ်နည်းနည်းလေးတောင်မရှိဘူးလား”
“ဆရာလေးပြီးရင် ငါအခင်ရဆုံးက နင်ပါ ဒါပေမယ့် …. ”
အရင်တုန်းက ထိပ်ဆုံးမှာရှိတဲ့မောင်ဝိုင်းက အခုတော့ ဒုတိယနေရာကို မကျေမနပ်နဲ့ဆင်းပေးလိုက်ရပါသည်။
“ငါနားလည်ပါတယ် ခင်လေး နင်လက်ထပ်ပြီး မြို့ပေါ်မလိုက်သွားခင်အထိ လာနင့်ဆီလာလည်နေဦးမှာပဲ အခုတော့ ငါပြန်တော့မယ် နောက်ရက်ထပ်လာခဲ့မယ်”
မောင်ဝိုင်းရဲ့နောက်ကျောကိုငေးကြည့်ရင်း ကျန်ခဲ့တဲ့ခင်လေးရင်ထဲမှာလဲ ဝမ်းနည်းရပါသည်။ လူတွေပြောကြသလိုပဲ ခင်လေးဟာ မောင်ဝိုင်းအပေါ် ရက်စက်တဲ့သူများဖြစ်နေပြီလား။ စီးကျလာတဲ့မျက်ရည်တွေကို သုတ်လိုက်ရင်း။ ဒီလိုအခြေအနေတွေ ကြုံတွေ့ဖို့ ခင်လေးဘယ်ဘဝက ဝဋ်ကြွေးတွေများပါလာခဲ့ပါလိမ့်။
================================================================
မောင်မောင်တင်ကတော့ ခင်လေးကို သနားလို့မဆုံးပေ။ အခုလိုတွေ့ကြုံနေရတာ သူ့ကြောင့်မို့ ခင်လေးကို လက်ထပ်ပြီးတာနဲ့မြို့ကိုသာ ခေါ်သွားဖို့ စဉ်းစားထားလေတော့သည်။ သျှောင်နောက်ကို ဆံထုံးပါရစမြဲဆိုပေမယ့် အရင်ကတော့ ခင်လေးနေချင်တဲ့သူ့ရဲ့ရွာမှာသာ အခြေချဖို့စီစဉ်ထားခဲ့သည်။ ဒီလိုအဖြစ်မျိုးတွေကြုံတွေ့ရတော့ ခင်လေးကို ဒီရွာမှာ ဆက်မနေစေချင်တော့ပေ။
“ခင်လေး လက်ထပ်ပြီးတာနဲ့အစ်ကိုနဲ့မြို့ပေါ်သာလိုက်ခဲ့တော့နော် နောက်နှစ်နည်းနည်းလောက်ကြာမှ ရွာမှာ ပြန်နေချင်လဲ နေကြတာပေါ့”
“ဟုတ်ကဲ့ပါ ဆရာလေး”
ဆရာလေးကို အားကိုးတကြီးကြည့်ရင်း သူမဘ၀ ဘာတွေမှားနေလဲဆိုတာကို နားမလည်နိုင်ပေ။ သူတို့ ချစ်သူနှစ်ဦးလက်ထပ်မှာကို ရွာကလူတချို့က ဘာလို့များ မကြည်ဖြူကြပါလိမ့်။ မောင်ဝိုင်းဆိုတာ ခင်လေးရဲ့ ငယ်သူငယ်ချင်းအရင်းကြီးပါ။ တစ်ခါမှ ကြိုက်ပါတယ်လို့အဖြေပြန်မပေးခဲ့ရပါပဲ ခင်လေးက ဘာလို့မောင်ဝိုင်းနဲ့သာ လက်ထပ်သင့်တယ်လို့ သူတို့ထင်နေကြပါသလဲ။ ကြာတော့ ခင်လေးလဲသူတို့ကိုပြန်မေးလိုက်ချင်ပါတော့သည်။
မောင်မောင်တင်က ခင်လေးလက်ကလေးကို ဆုပ်ကိုင်ရင်း။
“နောက်တပါတ်ထဲ အစ်ကိုအိမ်ပြန်ပြီး မိဘတွေသွားခေါ်နေတဲ့အချိန် သတိထားနေပါခင်လေး ဘယ်သူ့ကိုမှ မယုံနဲ့ အရေးတကြီးကိစ္စမရှိရင် အပြင်လဲမထွက်နဲ့ အဘနဲ့အမေနဲ့စကားနားထောင်နော် ခင်လေး”
“ဟုတ်ကဲ ဆရာလေး မြန်မြန်ပြန်လာနော် ခင်လေး ဆရာလေးကို လွမ်းနေမှာ”
“မကြာခင်တောင် လက်ထပ်တော့မှာကို အခုထိဆရာလေးလို့ပဲခေါ်နေတုန်းလားခင်လေးရယ်”
ခင်လေးက ရှက်စနိုးလေးပြုံးလိုက်ရင်း။
“ခင်လေး အကျင့်ပါနေလို့ပါ ဆရာလေး အဲ့ အစ်ကို”
နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ရယ်မိလိုက်ကြသည်။ သူတို့ချစ်သူနှစ်ဦးဟာ တစ်ယောက်ကို တစ်ယောက် အလွန်ချစ်ကြပါသည်။ မလိုသူတွေရဲ့တိုက်ခိုက်ခြင်းခံရချိန်မှာတော့ နှစ်ယောက်သား လက်တွဲမဖြုတ်ပဲ ကြံ့ကြံ့ခိုင်ရင်ဆိုင်ရမယ်ဆိုတာကို နားလည်ပါသည်။ မြို့ကိုခဏပြန်ရမယ်ဆိုတော့ မောင်မောင်တင် ခင်လေးတစ်ယောက်ထဲကို ဘယ်လိုမှစိတ်မချနိုင်ပါ။ ဒါကြောင့်မသွားခင်ကတည်းက ကြိုတင်ပြီး တဖွဖွ မှာနေရသည်။ ခင်လေးဟာ အားငယ်တတ်တဲ့ ငယ်ရွယ်တဲ့မိန်းကလေးဆိုတော့ သူ မရှိတဲ့တစ်ပါတ်ဆယ်ရက်အတွင်း ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို မခံနိုင်မှာစိုးပါသည်။ ပြီးတော့ မောင်ဝိုင်းကိုလဲစိတ်မချပေ။ သူက ယောကျာ်းအချင်းချင်းမို့ မောင်ဝိုင်းရဲ့ စိတ်ကို ခန့်မှန်းမိသလိုရှိသည်။ ထို့ကြောင့် ခင်လေးနားကနေ တဖဝါးမှမခွာချင်သော်လည်း ခင်လေးနဲ့ လက်ထပ်ဖို့ မိဘများကို အကျိုးအကြောင်းပြောပြီး ဒီရွာကိုခေါ်လိုဖို့ဆိုတာ သူကိုယ်တိုင်သွားမှဖြစ်မှာဆိုတော့။ မောင်မောင်တင် သက်ပြင်းကြိတ်ချလိုက်မိသည်။ တသက်လုံးမချစ်ဖူးခဲ့တဲ့ လူပျိုကြီးရဲ့အချစ်ရေးဟာ ဒီလို အနှောင့်အယှက်တွေ ရှိနေလိမ့်မယ်လို့စိတ်ကူးနဲ့တောင် မထင်ထားခဲ့ပေ။ အခုတော့ ထင်မှတ်မထားတဲ့ စိတ်ဒုက္ခများစွာနဲ့ ရင်ဆိုင်နေခဲ့ရသည်။ သူနဲ့ခင်လေး လူပျိုအပျိုချစ်ကြိုက်လို့ လက်ထပ်ကြမယ့်အရေးဟာ ဒီရွာကလူတချို့ရဲ့ မလိုမုန်းထားခြင်း ခံခဲ့ရပါတော့သည်။ သူကတော့ကိစ္စမရှိပေမယ့် ခင်လေးကိုစိတ်ပူမိတာတော့အမှန်ပင်။
သူတို့နှစ်ယောက်ကို ထိပ်ဆုံးက မကျေနပ်တဲ့အထဲ ရွာကအပျိုကြီးမကြည်တစ်ယောက်လဲ ပါဝင်ခဲ့သည်။ မကြည်ဆိုတာ အရင်က ရွာရဲ့အပျိုချောစာရင်းဝင်တစ်ယောက်ပါ။ အခုအချိန်ထိလဲ တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ အရွယ်တင်ကာ နုပျိုလှပနေဆဲပါ။ ရွာသားတွေထဲက သူနဲ့တူတန်တဲ့သူမရှိဘူးဆိုပြီး ချစ်ရေးဆိုသမျှကို ငြင်းပယ်ခဲ့လို့ အသက်သုံးဆယ်နား ကပ်ခဲ့ချိန်အထိ အပျိုကြီးဖြစ်နေခဲ့ရသည်။ အခုအချိန်ထိလဲ မကြည်ကိုတန်းတန်းစွဲ ချစ်ကြိုက်နေကြသေးတဲ့ လူပျိုကြီး တချို့ပင်ရှိသေးလေသည်။ မကြည်တို့က ဟင်ဆိုပြီးရင် နောက်လှည့်မကြည့်တတ်သူပါ။
ဒါပေမယ့် မြို့သားဆရာလေးကို မြင်တဲ့အချိန်မှာတော့ မကြည်ရဲ့အချစ်စိတ်တွေ ယိုဖိတ်ခဲ့ရလေသည်။ ဆရာလေးအပေါ် ဟန်တောင်မဆောင်နိုင်ပဲ မေတ္တာသက်ဝင်ခဲ့လေသည်။ မကြည်ချစ်ကြိုက်ရလောက်အောင်အထိလဲ သူမကိုကြိုက်ခဲ့သော ရွာသားများနဲ့လားလားမှမဆိုင်ပဲ ဆရာလေးက သန့်ပြန့်ခန့်ငြားနေခဲ့တာမလား။ သူမ ဆရာလေးနားကပ်တာကို လူတိုင်းနီးပါး သတိထားမိသည်။ အချိန်တန်ရင် ဆွမ်းချိုင့်ပို့ဖို့ ရွာဦးကျောင်းကို နေ့တိုင်းရောက်မြဲ။ ပြီးတော့ ဆရာလေး စာသင်တဲ့နားသို့ မယောင်မလည် ရစ်သီရစ်သီလုပ်ခဲ့သည်။ မိန်းမကြိုက်တော့ မျှော်လိုက်တာဆိုပေမယ့် မကြည်ကတော့ အလှတွေပြင်ပြီး ဆိုက်ဆိုက်သွားခဲ့ရသည်။ ရွာထဲက တခြားမိန်းကလေးတွေလဲ မကြည်လို အကြံအစည်ရှိပေမယ့် သူမလောက်မှ မလှသူတွေကို ပြိုင်ဘက်အဖြစ်စာရင်းပင် မထည့်ထားခဲ့ပါ။
“ဟဲ့ မကြည် နေ့တိုင်းကျောင်းကိုဆွမ်းချိုင့်သွားသွားပို့နေတာ ပုံမှန်ပါလားဟ ညီးကုသိုလ်တွေရပြီး ဝါကျွတ်တာနဲ့ အိမ်ထောင်ကျနေမယ်နော်” ဆိုပြီး ခနဲ့သလိုက တမျိုး။
“စေတနာဗရပွနဲ့ချက်ပြီး ကျောင်းကိုကိုယ်တိုင်သွားကပ်တာဆိုတော့ နိဗ္ဗာန်မှာ ဗိမ္မာန်ပေါက်နေလောက်ပြီ” ဆိုတာကတဖုံ။
“အဲ့ဒီအပျိုကြီး လင်တရူးတော့လဲမဟားဒရားပါလား”
“အခုအချိန်မှတော့ ရွာကလူတွေကိုလဲ သူဘယ်လက်ခံရဲမလဲ ဒါကြောင့်သူ့အကြောင်းမသိတဲ့ မြို့သားကိုကပ်တာပေါ့”
“အသက်ကြီးမှ လင်ရချင်နေတာ”
ဆိုတဲ့ သူမငြင်းပယ်ခဲ့တဲ့ယောကျာ်းတွေရဲ့ အမျိုးမျိုးသောကဲ့ရဲ့သံတွေကိုလဲ မကြားချင်အဆုံး။ ဒါတွေအားလုံးကို သူမ ဂရုမစိုက်ပါ။ ဆရာလေးနဲ့လက်ထပ်ပြီး မြို့ပေါ်လိုက်သွားရင် သူတို့အားလုံးပါးစပ်ပိတ်သွားပေလိမ့်မည်။ မကြည်ဆိုတာ ရွာသားကို မှန်းတဲ့လူမျိုးမဟုတ်။ ကိုယ့်စိတ်ကူးထဲကအတိုင်း ပိုက်ဆံချမ်းသာတဲ့ မြို့သားသူဌေးသား သတို့သားလောင်းကြီးက ရွာကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့လေသည်။ ဒါဟာ မကြည်အတွက် ဖူးစာရေးနတ်က ပို့လွှတ်လိုက်တာဖြစ်ပေမည်လို့ ကြိတ်ပျော်ခဲ့ရသည်။ ရေလာအောင် မြောင်းပင်မက ချောင်းပါဖောက်ခဲ့သေးသည်။ ဆရာလေးနဲ့တွေ့တိုင်း စကားမရှိစကားရှာပြီး သွားပြောခဲ့ရတာ မမောနိုင်ခဲ့ပေ။
“ဆရာလေးတို့မြို့က သာယာသလား အတော်စည်ကားတယ်မလား”
“အော် ဒီလိုပါပဲ မကြည်”
“မကြည်တို့ရွာလေးမှာနေရတော့ ဆရာလေးပျင်းမနေဘူးလား”
“မပျင်းပါဘူး ပျော်တောင်ပျော်ပါသေးတယ်”
အို သူက မကြည်တို့ရွာမှာပျော်တယ်ဆိုပါလား။ ဒီရွာသူလေးတွေချောလို့လားဆရာလေးရယ်လို့မေးလိုက်ချင်ပေမယ့်။
“ဘာလို့ပျော်တာလဲဟင် ဆရာလေး”
ဆရာလေးမျက်နှာကို မော့ကြည့်ပြီး အလှဆုံးပြုံးပြီး အချိုသာဆုံးလေသံနဲ့ မေးလိုက်မိသည်။ မကြည် အထင်တကြီး ချစ်ရတဲ့ဆရာလေးဟာ ဥပဓိရုပ်ခန့်ညားရုံတင်မက အရပ်ကလဲ အမြင့်ကြီးမလား။
“ကျွန်တော်က စာသင်တာဝါသနာပါတယ်လေ ဒါကြောင့်ပျော်တာပါ”
“အော် မသိပါဘူး မကြည်က ဒီရွာသူတစ်ယောက်ယောက်ကြောင့်များ ပျော်တာလားလို့”
မကြည်စကားကြောင့် မောင်မောင်တင် ခင်လေးဆိုတဲ့မိန်းကလေးမျက်နှာကို မြင်ယောင်မိသွားသည်။ ဒီမိန်းကလေးမျက်နှာ မြင်ရရင် သူ့ရင်ထဲအေးချမ်းသွားရသည်။ ခင်လေးကြောင့် တစ်ခါမှ မခုန်ဖူးခဲ့တဲ့ ရင်တွေ ခုန်လာခဲ့ရသည်။
သူမစကားကြောင့် တခုခုကိုသတိရသလို တွေးနေတဲ့ဆရာလေးမျက်နှာကို ကြည့်ရင်း မကြည်ကျေနပ်သွားမိသည်။ မကြည်ကို ချစ်ပါတယ်လို့ ဘယ်လိုဖွင့်ပြောရမလဲ စဉ်းစားခက်နေပုံပင်။ ဒီလိုပဲ ဖြစ်ရမှာပေါ့။ သူ့အနားနားလာကပ်တဲ့ အပျိုတွေထဲ မကြည်က အချောဆုံးမလား။
“မဟုတ်ပါဘူးဗျာ ကျွန်တော် သွားလိုက်ဦးမယ်ခင်ဗျ”
မောင်မောင်တင် ခင်လေးကို သတိရသွားရင်း ခင်လေးအိမ်ဘက်သို့ ပြန်ပြီး ခြေဦးလှည့်ခဲ့သည်။ သူ့မှာ ဒီမိန်းကလေး တွေ့ချင်လွန်းလို့ ရွာထဲကို လာလာနေရတာမလား။ အခုပဲ ခင်လေးအိမ်ရှေ့ကဖြတ်လာခဲ့ပေမယ့် ခင်လေးအရိပ်တောင် မတွေ့ခဲ့ရပေ။ ဒါပေမယ့် တွေ့လိုတွေ့ငြား ထပ်သွားမိပြန်သည်။ အဲ့ဒီနေ့မှာပဲ စံပယ်ပန်းခူးနေတဲ့ ခင်လေးကို တွေ့ကာ သူတို့နှစ်ယောက် ချစ်ကြိုက်ခဲ့ကြတာဖြစ်လေသည်။
မကြည်ကတော့ ဆရာလေး ညနေပိုင်းဆို ရွာထဲကို လာလာနေတာ သူမကိုကြိုက်လို့လာတယ်ထင်ပြီး ပျော်နေခဲ့လေသည်။ အိမ်ရှေ့ကနေ ညနေတိုင်းဖြတ်ဖြတ်သွားတတ်တဲ့ ဆရာလေးကို အလှတွေပြင်ပြီး ပြတင်းပေါက်ကနေ မျှော်မျှော်နေရတာ အမောပင်။ လမ်းထိပ်နေ ဆရာလေးကို မြင်တာနဲ့ အိမ်ပေါ်က ပြေးဆင်းလာပြီး စကားပြော နုတ်ဆက်ရတာနဲ့ မအားနိုင်ပေ။
အခုတော့ သူမထက် ငယ်ဂုဏ်လေးတစ်ခုသာ သာတဲ့ခင်လေးနဲ့မှ လက်ထပ်တော့မယ်တဲ့လေ။ မကြည်ရင်ထဲ မချိမဆံ့ ခံစားနေခဲ့ရသည်။ ခင်လေးနားမှာ တသက်လုံးကပ်နေခဲ့တဲ့ မောင်ဝိုင်းကတော့ ဘယ်လိုနေမယ်မသိ။ မကြည်ကတော့ သူတို့နှစ်ဦးလက်ထပ်မှာကို လုံးဝမကြည်ဖြူနိုင်ပေ။ မစားရတဲ့အမဲ သဲနဲ့ပက်တယ်လို့ပဲပြောပြော။ သဲနဲ့ပက်ရုံမက မြေကြီးပေါ်ကို ပစ်ချကာ ဖနောင့်နဲ့ပင် ပေါက်ချင်မိတော့သည်။ တသက်လုံး ထိန်းသိမ်းလာတဲ့မာနတွေကို မောင်မောင်တင်ဆိုတဲ့လူက နင်းခြေသွားခဲ့တာမလား။ ခင်လေးကလဲ ဘာထူးသေးလဲ။ သူမကြိုက်နေပါတယ်ဆိုတာကို သိသိရက်နဲ့ ဆရာလေးအချစ်ကို ရအောင်လုယူခဲ့တာမလား။
“မြို့သားတစ်ယောက်ရွာရောက်လာတာ ရွာက အပျိုကြီးတွေရော အပျိုလေးတွေပါ လင်တရူးကုန်ကြတာပဲဟေ့”
“အပျိုလေးတွေထည့်မပြောပါနဲ့ ဟိုမာနရှင်မမကြီးကိုတော့ အားရတယ်ဗျာ”
“အေးလေ သူနဲ့တန်တဲ့ယောကျ်ားမရှိသလိုနေလာခဲ့ပြီးမှ သူ့မကြိုက်တဲ့သူမှ သွားကြိုက်တာကိုး”
“ဟိုလူကလဲ ငယ်ငယ်လေးကိုပဲကြိုက်မှာပေါ့ဗျ”
“နည်းတောင်နည်းသေးတယ် ကျုပ်တော့ဝမ်းသာတယ်ဗျာ”
“ဟား ဟား ခင်ဗျားကိုပြန်မကြိုက်ခဲ့လို့စိတ်နာနေတာမလား ကိုရင်ရ”
“အခုအချိန်မှာ ကျုပ်လာပြန်ကြိုက်လဲ ကျုပ်ကသူ့လိုမိန်းမကြီးကို လက်မခံနိုင်ပေါင်ဗျာ”
ကာလသားတသိုက်ရဲ့တဝါးဝါးတဟားဟားနဲ့ရယ်သံတွေဆူညံနေတော့သည်။ ဘယ်သူဘယ်ဝါနာမည်ကို ထည့်မပြောပဲ မကြားတကြားပြောနေကြတဲ့အသံတွေကို နားထောင်မိရင်း စိတ်တိုနေမိသည်။ ရွာသားတွေရဲ့ကြားမှာ မကြည်အကြောင်းက အရသာခံပြီး ပြောစရာတွေဖြစ်လာခဲ့ရသည်။ ဒါတွေအားလုံးဟာ သူတို့နှစ်ယောက်ကြောင့်ပင်။ မုန်းလိုက်တာ။ မကြည်ရင်ထဲက အမုန်းတရားတွေဟာ ဘာနဲ့မှဖြေဖျောက်မရနိုင်တော့ပါ။
ဆရာလေးကို မကြည် မပိုင်ဆိုင်ရလဲနေပါစေ။ သူတို့နှစ်ယောက်ကိုမညားစေချင်တာတော့ အခုအချိန်မှာ အဖြစ်ချင်ဆုံး ဆန္ဒပင် ဖြစ်သည်။ ဒီတော့ သူတို့နှစ်ယောက်ကို ခွဲဖို့အတွက်အသုံးချရမယ့်လူက ခင်လေးကို အရူးအမူးကြိုက်သော မောင်ဝိုင်းကိုထိပ်ဆုံးက ပြေးမြင်မိလေသည်။
“နင်ဒီလောက်ကြိုက်လာပြီးမှ အခုတော့လက်လျော့တော့မလို့လားမောင်ဝိုင်းရယ်”
“အာ အစ်မမကြည်ကလဲ ခင်လေးကကျွန်တော့ကိုမှမကြိုက်တာ သူကြိုက်တဲ့သူနဲ့ပဲယူပါစေတော့”
ဒီလိုအဖြစ်မခံနိုင်ပါ။ မကြည် မလိုလားဆုံးအရာက သူတို့ကြိုက်တဲ့သူအချင်းချင်း မရစေချင်တာမလား။
“နင်ကသာ အဲဒီလိုပြောနေတယ် နင့်ကိုရွာကလူတွေဘယ်လိုပြောလဲ နင်မသိဘူးလား”
မကြည်စကားကြောင့် မောင်ဝိုင်းရင်ထဲ နာသွားရသော်လည်း။
“ပြောကြပါစေဗျာ အပြောခံရဖို့ကံပါတယ်လို့ပဲသဘောထားပါတယ်”
“နင်ကသာ သဘောထားကြီးပြနေ ခင်လေးတို့ရက်စက်ပုံများ နင့်ဘက်ကိုတစ်ချက်မှမငဲ့ အံ့သြဖို့ကောင်းလိုက်တာ”
မောင်ဝိုင်းရင်ထဲ မခံချင်စိတ်တွေနဲ့ခင်လေးကို တခုခုလုပ်စေချင်ပါသည်။ ဒါကြောင့်လဲမောင်ဝိုင်းနဲ့တကူးတကတွေ့အောင် သူရှိနေတတ်တဲ့နေရာတွေကို သွားသွားပြီးရန်တိုက်ပေးနေမိသည်။ ဆရာလေးမြို့ကိုပြန်သွားတဲ့ တစ်ပါတ်ဆယ်ရက်သာ မကြည်အတွက် အချိန်ရလေသည်။ ဒီရက်တွေမတိုင်ခင်ကတည်းက မောင်ဝိုင်းကို တတ်နိုင်သလောက် နှစ်သိမ့်သလိုနဲ့ အနာကိုဆားနဲ့လာလာသိပ်ပေးနေခဲ့တာကိုတောင် မောင်ဝိုင်းက အင်းမလုပ်၊ အဲမလုပ်နဲ့။ မကြည် စိတ်မရှည်ချင်တော့ပါ။ သဘက်ခါဆိုသီတင်းကျွတ်လပြည့်။ လပြည့်ပြီးနောက် သုံးလေးရက်ဆို ဆရာလေးမိဘတွေနဲ့ ရွာကို ရောက်လာပေတော့မည်။ ဒီအချိန်ဆိုရင်တော့ မကြည်က သူတို့နှစ်ယောက်ရဲ့ပျော်ရွှင်နေတဲ့မင်္ဂလာပွဲကို ပြုံးပြုံးကြီး တက်ရောက်ပေးနေရလိမ့်မည်။ အဲ့ဒီမင်္ဂလာပွဲမှာ မကြည်အကြောင်းကို ဘယ်လောက်တောင် ပြောဆိုနေကြလိမ့်မလဲ။ ဘယ်နည်းနဲ့မဆို ဒီမင်္ဂလာပွဲကို တားချင်ပါသည်။
“အေးလေ သဘက်ခါဆိုသီတင်းကျွတ်တော့မှာ နောက်လေးငါးရက်နေလို့ဆရာလေးပြန်ရောက်လာရင် နင်က သူတို့ မင်္ဂလာပွဲမှာ သတို့သမီးလှလှလေးကိုကြည့်ရင်း ပျော်နိုင်မယ်ဆိုလဲပြီးတာပဲ”
မောင်ဝိုင်းမချိပြုံးပြုံးမိလိုက်ရင်း မကြည်ကိုဘာမှဆက်မပြောချင်တော့ပေ။ မကြည်က သူ့ကို ဘာလုပ်စေချင်နေသလဲမသိ။ သူဖြစ်စေချင်တဲ့အတိုင်းလုပ်ပေးရလောက်အောင် မောင်ဝိုင်း မမိုက်မဲပါ။ ပြီးတော့ တမြတ်တနိုးချစ်ခဲ့ရတဲ့ခင်လေးအပေါ် မရက်စက်ချင်ပါ။ သိပ်ချစ်ရတဲ့ခင်လေး ချစ်တဲ့သူနဲ့လက်ထပ်တဲ့ပွဲကို ရင်နာနာနဲ့ပဲ ကြည့်နေပါတော့မည်။ ခင်လေး ပျော်နေဖို့အရေးကြီးပါသည်။ ဒါဟာ ခင်လေးကို သိပ်ချစ်ရတဲ့မောင်ဝိုင်းရဲ့ရင်ထဲက ဆန္ဒအမှန်ပါ။ သူပျော်ရွှင်နေရင်ပဲ အများသူငှာ သူ့ကို ဘာတွေဘယ်လောက်ပဲပြောနေကြပါစေ။ ခင်လေးကို ကျေနပ်စွာနဲ့ စွန့်လွှတ်လိုက်ပါတော့မည်။
လုံးဝမကျေနပ်နိုင်သူက မကြည်။ ခင်လေးအပေါ်အခဲမကျေပါ။ မောင်ဝိုင်းကို ပြောလို့မရတော့လဲ တမျိုးတဖုံ ကြံစည်ရတာပေါ့။ မသောက်မစားရင်အနေအေးသလောက် မူးရင်သွေးဆိုးသောမောင်ဝိုင်းအကြောင်းကို မကြည်မပြောနဲ့။ ထန်းရည်မူးကာ တစ်ရွာလုံးမနေနိုင်အောင် ပတ်သောင်းကျန်းထားလို့ တစ်ရွာလုံးလဲအသိပါ။ မောင်ဝိုင်းရဲ့ ဒီအားနည်းချက်ကို အသုံးချရပေမည်။
================================================================
ဒီနေ့ သီတင်းကျွတ်လပြည့်နေ့။ တစ်ရွာလုံးနီးပါး ကလေးပါမကျန် ဘုန်းကြီးကျောင်းတက်သွားကုသိုလ်ကောင်းမှု ပြုကြလေသည်။ တရားနာပြီးတော့ အဘနဲ့အမေက ဘုန်းကြီးကျောင်းမှာပဲ ကျန်ခဲ့ကာ ညနေစောင်းမှ ဥပုသ်ချပြီး အိမ်ပြန်လာကြမည်ဆိုတော့ ခင်လေးလဲ မမြနှစ်နဲ့အတူ အိမ်ပြန်ခဲ့လေသည်။
“မမြနှစ် ခင်ဗျားယောကျာ်းကိုမောင်ကောင်း စောစောစီးစီးမူးနေလေရဲ့ဗျာ”
“ဟင် ဘယ်မှာမူးနေတာလဲ ဒါကြောင့်ဘုန်းကြီးကျောင်းသွားခါနီးပျောက်သွားတာကိုး ငါလိုက်သွားမှဖြစ်မယ် ခင်လေး အိမ်ပြန်နှင့်တော့နော် မမြနှစ်သွားလိုက်ဦးမယ်”
မမြနှစ်လဲ ကိုမောင်ကောင်းမူးနေကြောင်း လာပြောသည့်လူနဲ့ ပါသွားသည်။ ခင်လေးတစ်ယောက်ထဲ အိမ်ပြန်လာတဲ့ အချိန်မှာ မကြည်က အပြေးတပိုင်းနဲ့ ခင်လေးဆီ ပြေးလာခဲ့သည်။
“ခင်လေး ဟဲ့ ခင်လေး ခေါ်လိုက်ရတာ မကြားဘူးလား”
“ရှင် အစ်မမကြည် ခင်လေးမကြားလိုက်ဘူး”
“ညီးဆရာလေးပြန်လာပြီ”
ခင်လေးရင်ထဲ ထိတ်ခနဲ ဝမ်းသာသွားမိသည်။ ဆရာလေးက သီတင်းကျွတ်ပြီး သုံးလေးရက်လောက်နေမှ ပြန်လာမယ်ပြောသွားပေမယ့် ဘာကြောင့်များ စောပြီးပြန်လာလဲမသိ။ ဆရာလေးမိဘတွေက ခင်လေးနဲ့သဘောမတူလို့ များလား။ ကိုယ့်အတွေးနဲ့ကိုယ် ရင်မောသွားရသည်။
“ဟဲ့ နင်ဘာရပ်လုပ်နေတာလဲ မောင်ဝိုင်းက ထန်းရည်မူးနေတာ ဆရာလေးနဲ့ရွာထိပ်မှာစကားများနေကြတယ် နင်မလိုက်သွားဘူးလား မြန်မြန်လိုက်သွားတော့လေ”
ခင်လေးမှာ ဘာမှမစဉ်းစားနိုင်တော့ပဲ ရွာထိပ်ကို ပြေးသွားလိုက်သည်။ မောင်ဝိုင်းနဲ့ဆရာလေး စကားများလို့မဖြစ်ပေ။ မောင်ဝိုင်းက မူးရင်အရမ်းသွေးဆိုးတာ ခင်လေးအသိပင်။ ဆရာလေးကိုတခုခုလုပ်လိုက်မှာ ခင်လေးစိုးရိမ်ပါသည်။
ရွာထိပ်က မောင်ဝိုင်းရဲ့အိမ်သစ်ရှေ့နားရောက်ချိန်မှာတော့ ထန်းရည်မူးနေတဲ့မောင်ဝိုင်းတစ်ယောက်ကိုသာ တွေ့ရသည်။
“ဟဲ့ ခင်လေး ခင်ခင်လေး”
မောင်ဝိုင်းက ခင်လေးရှေ့မှာပိတ်ရပ်လိုက်ရင်း နာမည်ကိုအကျယ်ကြီးအော်ခေါ်လိုက်သည်။
“မောင်ဝိုင်း နင် နင် ဘာလို့ဒီလောက်မူးအောင်သောက်ထားရတာလဲ ဆရာလေးရော ဆရာလေးဘယ်မှာလဲ”
“ဘာဆရာလေးမှမရှိဘူး နင့်လင်ကိုတမ်းတမနေနဲ့ နင့်ရှေ့မှာငုတ်တုတ်ကြီးရှိနေတဲ့မောင်ဝိုင်းဆိုတဲ့ကောင်က နင့်ကို အရင်ချစ်ခဲ့ရသူပါ နင်က အသဲနှလုံးမရှိတဲ့မိန်းမ ငါ့ကိုကန်ထုတ်ခဲ့တယ် ဟုတ်လား”
“နင်ဘာတွေပြောနေတာလဲ ဆရာလေးကောလို့ငါမေးနေတယ်လေ မောင်ဝိုင်း”
မောင်ဝိုင်းက သူ့အမေဆောက်ထားပေးတဲ့အသစ်စက်စက်ပျဉ်အိမ်လေးကို လက်ညှိုးထိုးပြီး။
“အဲ့ဒီအိမ်ထဲမှာနေမယ် ခုနကငါအဲ့ဒီအထဲကထွက်လာတာ နင့်အကောင်လဲအဲ့ဒီအိမ်ထဲမှာရှိလိမ့်မယ်”
ဆရာလေးကို စိတ်ပူနေတဲ့ခင်လေး ဘာမှတွေးတော့နိုင်ခြင်းမရှိတော့ပေ။ ငါးထစ်လောက်သာရှိသောလှေကားကို ဘယ်လို ကျော်တက်သွားမိမှန်းမသိပဲ အိမ်ပေါ်သို့ ပြေးတက်သွားလိုက်သည်။ ဆရာလေးကို မောင်ဝိုင်းတခုခုများ လုပ်ထားပြီလား မသိ။
“ဆရာလေး ဆရာလေး”
မောင်ဝိုင်းကလဲ ယိုင်နဲ့တဲ့ခြေလှမ်းတွေနဲ့ ခင်လေးနောက်ကနေ အိမ်ထဲကိုလိုက်ဝင်ခဲ့သည်။ ခင်လေးက အိမ်ခန်းတွေထဲ ဆရာလေးကို လိုက်ရှာလိုက်သည်။ အိမ်ထဲမှာ ဆရာလေးမပြောနဲ့အခြားလူတစ်ယောက်တောင် မတွေ့ရပေ။
“တွေ့သလား နင့်အကောင်ကို”
“ဘယ်မှာလဲ နင်သူ့ကိုတခုခုလုပ်လိုက်သလားမောင်ဝိုင်း”
“ဘာမလုပ်ဘူး နင့်ဆရာလေးကို ငါလက်ဖျားနဲ့တောင်မထိလိုက်ဘူးထင်တာပဲ ဟဲ့ သူကနင့်ကိုတောင်းဖို့သူ့မိဘတွေ သွားခေါ်နေတာလား ငါ့အိမ်မှာဘယ်ရှိမလဲ ဘာလို့ငါ့ဆီလာရှာနေတာလဲ ဒါနဲ့ နင်ဒီနေ့အရမ်းလှနေတယ်ခင်လေး ဘာလို့နင်လှနေတာလဲ ငါနင့်ကိုတွေ့တိုင်း မချစ်ပဲ မနေနိုင်အောင်လို့ ဘာလို့လှနေတာလဲ”
အနားနားတဖြည်းဖြည်းကပ်လာတဲ့မောင်ဝိုင်းကြောင့် ခင်လေးအခုမှ အိမ်ထဲမှာသူတို့နှစ်ယောက်ထဲမှန်းသတိရသွားသည်။
“မောင်ဝိုင်း နင်အနားကပ်မလာနဲ့နော် ဖယ် ဆရာလေးမရှိရင် ငါလဲပြန်တော့မယ်”
မောင်ဝိုင်းကို တွန်းထုတ်လိုက်ပြီး အပြင်ထွက်ဖို့တံခါးကို တွန်းဖွင့်လိုက်သော်လည်း ပွင့်မလာပေ။
“ဟင် တံခါးက တံခါးက ဘာလို့ဖွင့်လို့မရတော့တာလဲ”
“ဟာ ဘာလို့ဖွင့်လို့မရရမှာလဲ ဖယ်စမ်း ငါဖွင့်မယ်”
မောင်ဝိုင်းက မူးမူးနဲ့အားနဲ့တွန်းဖွင့်သော်လည်း တံခါးကလုံးဝမပွင့်လာပါ။
“နင် နင် ဒါ တမင်ကြံစည်ထားတာမလား”
“ဘာ ငါကဘာကိုကြံစည်ရမှာလဲ ခင်လေး နင့်စိတ်ထဲမှာ ငါကလူယုတ်မာလား နင့်ကိုသိပ်ချစ်တဲ့ နင့်ဘေးနားမှာ တသက်လုံးရှိခဲ့တဲ့ငါက လူယုတ်မာလား ပြောလေ”
ဒေါသထွက်သွားတဲ့မောင်ဝိုင်းက ခင်လေးပုခုံးနှစ်ဖက်ကို ဆွဲကိုင်လှုပ်ကာမေးသည်။
“ဒါဆို ဒါဆို တံခါးက ဘာကြောင့်ဖွင့်လို့မရတာလဲ”
ခင်လေးက ငိုရင်း ပြန်အော်လိုက်သည်။
“ဟုတ်တယ် ငါလုပ်ထားတာ ငါကလူယုတ်မာ ဒီတော့ လူယုတ်မာပီသအောင်ပြရသေးတာပေါ့”
မူးနေတဲ့မောင်ဝိုင်း ဒေါသနဲ့ပါပေါင်းပြီးဆင်ခြင်နိုင်စွမ်းမရှိတော့ပါ။
အပြင်ကနေတံခါးပိတ်ထားတဲ့မကြည်ဟာ အထဲကစကားသံတွေနားထောင်ရင်း အကြီးအကျယ်ကို ကျေနပ်သွားမိသည်။ ဒီလိုဖြစ်အောင် အစီအစဉ်တွေသေချာဆွဲခဲ့ရသည်။ မောင်ဝိုင်းကို မူးအောင်တိုက်ဖို့ ခင်လေးကိုမျက်မုန်းကျိုးနေတဲ့ လူတချို့ရဲ့အကူအညီကိုလဲ ယူခဲ့ရသေးသည်။ အခုလို သူမစီစဉ်ထားတဲ့အတိုင်း ကွက်တိကျအောင်လိုက်ပါဆောင်ရွက်ပေး ကြသော ဒီလူသားနှစ်ယောက်ရဲ့မင်္ဂလာပွဲကို အလှဆုံးပြင်ပြီး ကြွရောက်ချီးမြင့်လိုက်ပါဦးမည်။ သူတို့နှစ်ယောက် ဝင်သွားကတည်းက သူမထိုးထားတဲ့တံခါးဂလန့်ကို အသံမမြည်အောင် ဖြည်းဖြည်းလေး ပြန်ဆွဲထုတ်ပေးခဲ့လိုက်သည်။
ပေါ့ပါးတဲ့ခြေလှမ်းတွေနဲ့ မောင်ဝိုင်းရဲ့အိမ်သစ်လေးထဲက နေထွက်ခဲ့လိုက်သည်။ အိမ်လေးထဲက ငယ်သူငယ်ချင်းနှစ်ဦးရဲ့ ဖြစ်ပျက်နေတဲ့အကြောင်းကိုသာ သိရင်။ ကဲ မောင်မောင်တင်တို့ ဘယ်လို ခံစားရမလဲ စောင့်ကြည့်ရပေဦးမည်။ မကြည်ပြုံးလိုက်မိသည်။ အင်မတန်ကို နှစ်ထောင်းအားရကျေနပ်စွာဖြင့်ပေါ့။
ညနေမိုးချုပ်ခါစ မှောင်စပြုနေတဲ့အချိန်မှ မောင်ဝိုင်းနိုးလာခဲ့သည်။ ဒီနေ့လပြည့်နေ့မို့ ဘုန်းကြီးကျောင်းတက်သွားရန် အိမ်ကထွက်လာခဲ့သော်လည်း ကျောင်းမရောက်ခင်လမ်းတပိုင်းမှာ သူငယ်ချင်းတချို့ရဲ့ဆွဲဆောင်မှုကြောင့် ထန်းတောထဲ ရောက်သွားခဲ့တာကိုတော့ သူကောင်းကောင်းမှတ်မိသည်။ အိပ်ချင်စိတ်မပြေတပြေ ခေါင်းထဲရီဝေေ၀နေဲ့မျက်လုံး ဖွင့်ကြည့်လိုက်မိချိန်မှာတော့ သူတွေ့မြင်လိုက်ရသည့်အရာကြောင့် ကြောင်သွားရသည်။ ဘာကြီးပါလိမ့်။ လူတစ်ယောက် သေချာပြောရရင်မိန်းမတစ်ယောက်ဆိုတာတော့ သေချာပါသည်။ ဘာလုပ်နေလို့ ဒီလိုပုံစံဖြစ်နေရသလဲ။
မောင်ဝိုင်း ထုပ်တန်းပေါ်ကနေကြိုးဆွဲကာ သူ့ရှေ့မှာတန်းလန်းကြီးကျနေသောလူကို ကောင်းကောင်းကြီးမှတ်မိသွားပါပြီ။ ဒါ ဒါ ခင်လေး။ ဆံပင်ရှည်ကြီးများမျက်နှာပေါ်ဖုံးအုပ်နေသော်လည်း ခင်လေးဆိုတာသေချာပါသည်။ ဘာတွေဘယ်လို ဖြစ်ကုန်တာလဲ သူမသိတော့။ အသက်မဲ့နေတဲ့ခင်လေးကိုကြည့်ရင်း သူပြန်စဉ်းစားမှ သူ့အမှားတွေကို ပြန်သတိရလာမိသည်။ သူ့ကြောင့် ခင်လေးမှာ သူ့ကိုယ်သူကြိုးဆွဲချကာ သတ်သေသွားခဲ့လေပြီ။
“အား”
တုန်လှုပ်ခြောက်ခြားစွာအော်ဟစ်ရင်း အိမ်ထဲကနေ ပြေးထွက်လာခဲ့မိသည်။ ခင်လေးပုံစံကိုကြည့်ရင်း သူ ဘယ်လိုမှ မခံစားနိုင်ပါ။ သူ့ရဲ့ မူးရူးပြီးမဆင်ခြင်နိုင်တဲ့အမှားတွေကြောင့် သူ တမြတ်တနိုးတန်ဖိုးထားပြီး အင်မတန်ချစ်ခဲ့ရတဲ့ခင်လေး အသေဆိုးနဲ့ သေခဲ့လေပြီ။ ရင်ထဲမှာ နောင်တတွေ၊ နာကျင်မှုတွေနဲ့ မောင်ဝိုင်းတစ်ယောက် သွေးပျက်ကာ ရူးသွားတော့လေသည်။
လပြည့်ညမို့ လမင်းကြီးကတော့ သာမြဲသာဆဲ။ ဒါပေမယ့် ဒီရွာလေးကတော့ လိုအပ်တာပိုပြီး တိတ်ဆိတ်လွန်းနေခဲ့သည်။
ခင်လေးနဲ့မောင်ဝိုင်းသတင်းကြားပြီး တစ်ရွာလုံးနီးပါး အံ့သြဝမ်းနည်းကာ စိတ်မကောင်းဖြစ်နေခဲ့ကြလေသည်။
“မလာနဲ့ ခင်လေး ငါ့နောက်ကမလိုက်နဲ့ ငါနင့်ကိုဘာမှလုပ်ခဲ့ဘူး မလာနဲ့”
အပ်ကျသံတောင် မကြားရလောက်အောင် တိတ်ဆိတ်နေတဲ့ညသန်းခေါင်အချိန်မှာ တနေကုန်အခန်းထဲ အောင်းနေတဲ့ မကြည်ရဲ့အော်ဟစ်ငိုယိုသံအကျယ်ကြီးကြောင့် အိမ်နီးနားချင်းများလန့်နိုးလာခဲ့သည်။ အနောက်ကနေ တစ်ယောက်ယောက် လိုက်လာတဲ့ပုံစံမျိုးနဲ့ နောက်ကိုပြန်ပြန်လှည့်ကြည့်ကာ မကြည်အိမ်ပေါ်ကနေ ပြေးဆင်းလာခဲ့သည်။ တစ်ယောက်ထဲ လမ်းပေါ်မှာဆက်ပြေးနေကာ ပါးစပ်ကလဲ အဆက်မပြတ်အော်ဟစ်နေသည်။
“မလာနဲ့ မလာနဲ့လို့ပြောနေတယ်လေ ငါ့ဆီမလာနဲ့”
“ဟဲ့ လုပ်ကြပါဦး မကြည်ကိုဆွဲကူကြပါဦး”
ငြိမ်သက်နေတဲ့ရွာထဲ မကြည်တို့သားအမိအော်သံကြောင့် ဆူညံလှုပ်ရှားသွားရသည်။
“အား သွားသွား အနားမလာနဲ့ မလာနဲ့လို့ပြောနေတယ်လေ ခင်လေး ငါ့ဆီမလာနဲ့”
ပြေးနေရာမှ ရုတ်တရက်ကြီးရပ်သွားကာ ဘေးနားမှာ ရှိနေတဲ့တစ်ယောက်ယောက်ကို ရန်ရှာနေသောပုံစံကြောင့် မကြည်ကို ဖမ်းဆွဲဖို့နောက်က ပြေးလိုက်လာတဲ့ရွာသားတချို့ ကြက်သီးတွေထသွားခဲ့ရသည်။ မကြည်ဘေးနားမှာ ဘယ်သူမှရှိမနေပါ။ ခင်လေးများတကယ်ရှိနေသလားဆိုပြီး မကြည်အနားကိုဘယ်သူမှမကပ်ရဲကြတော့ပေ။
“အ အား”
တစုံတယောက်က တွန်းလှဲလိုက်သလို မြေကြီးပေါ်ပစ်လှဲကျသွားတဲ့မကြည်ဟာ အဲ့ဒီနေရာမှာပဲ အကြောက်လွန်ပြီး နှလုံးရပ်ကာ သေဆုံးခဲ့ပါတော့သည်။ သူတပါးအပေါ် မကောင်းကြံစည်ခဲ့တဲ့မကြည်ရဲ့ဇာတ်သိမ်းလဲ မလှခဲ့ရှာပေ။ အဲ့ဒီအချိန်မှ မကြည်ရဲ့ယုတ်မာမှုကို သိရှိကြကာ ခင်လေးအတွက် ဝမ်းနည်းမဆုံးဖြစ်ကြရလေသည်။
ရွာရဲ့အချောအလှ အပျိုကြီးနဲ့အပျိုလေးရဲ့ဈာပနာပွဲဟာ ကြောက်လန့်ဝမ်းနည်းမှုတွေနဲ့ တိတ်ဆိတ်နေခဲ့သည်။
အဲ့ဒီအချိန်ကစပြီး သူ့အပေါ်ယုတ်မာခဲ့သူ မကြည်အသက်ကိုနုတ်ယူသွားခဲ့တဲ့ သရဲမခင်လေးကို ကြောက်ရွံ့ကာ ညနေပိုင်းဆို ရွာထိပ်က မောင်ဝိုင်းတို့အိမ်ရှေ့ကို ဘယ်သူမှမဖြတ်ရဲတော့ပေ။ သိပ်မကြာခင်မှာပဲ ဆံပင်ရှည်ရှည်နဲ့ မိန်းမချောလေးတစ်ယောက် လပြည့်ညတိုင်း ဆရာလေးပြန်လာပြီလားဆိုပြီး လမ်းပေါ်ထွက်ထွက်မေးတတ်တယ်ဆိုတဲ့ သတင်းလဲ ထွက်လာခဲ့ပါတော့သည်။
================================================================
ခင်လေးရဲ့စကားအဆုံးမှာတော့ တိတ်တဆိတ်နားထောင်ရင်း မျက်ရည်ကျနေတဲ့အဖြူဟာ ခင်လေးကိုသနားလွန်းလို့ ဟန်မဆောင်နိုင်တော့ပဲ ကလေးတစ်ယောက်လို ငိုချလိုက်တော့သည်။
“အီး ဟီးဟီး”
မျက်ရည်အဝဲသားနဲ့သူမအကြောင်း ပြောပြနေတဲ့ခင်လေးလဲ အဲ့ဒီအခါမှမျက်လုံးအပြူးသားနဲ့အဖြူကို တားသည်။
“မမ အကျယ်ကြီးမငိုနဲ့လေ အဒေါ်နဲ့မမသိန်းကြားသွားဦးမယ်”
“အီး မသိဘူး နင့်ကိုအရမ်းသနားတာပဲခင်လေးရယ် သနားဖို့ကောင်းလိုက်တာ အီးဟီး”
အဖြူရင်ထဲ ခင်လေးအတွက် လှိုက်ခါဝမ်းနည်းရပါသည်။ အဖြူအဖေဆုံးတုန်းက ဘဝမှာဝမ်းအနည်းဆုံးဖြစ်ခဲ့ဖူးပေမယ့် အခု ခင်လေးရဲ့အကြောင်းကို ကြားသိချိန်မှာတော့ ဘယ်လိုမှန်းမသိပဲ ရင်ထဲမှာနာကျင်သလိုကို ခံစားရသည်။
“ရှုး မငိုနဲ့တော့နော် မမ ခင်လေးဘာမှမဖြစ်ပါဘူး နော်”
ကာယကံရှင်ခင်လေးကိုယ်တိုင်က မငိုဖို့ရာဘယ်လိုပင်နှစ်သိမ့်သော်လည်း အဖြူအငိုမရပ်သွားခဲ့ပါ။
“ဟဲ့ အဖြူ ဘာဖြစ်တာလဲ ဘာဖြစ်လို့ငိုနေတာလဲ”
အခန်းထဲကအဖြူငိုသံကြောင့် TV ကြည့်နေတဲ့မမသိန်းက အခန်းထဲကို အပြေးတပိုင်းနဲ့ ဝင်လာကာမေးသည်။
“အီး မမသိန်း”
အဖြူက မမသိန်းကို ပွေ့ဖက်စေချင်တဲ့ပုံစံမျိုးနဲ့ လက်နှစ်ဖက်ဆန့်တန်းပေးလိုက်သည်။ မမသိန်းကလဲ အလိုက်သင့် ဖက်ထားပေးရင်း။
“ဘာဖြစ်လို့လဲ အဖြူ ဘာဖြစ်လို့ဒီလောက်တောင် ရှိုက်ကြီးတငင်နဲ့ဝမ်းနည်းနေရတာလဲ”
ခင်လေးက အဖြူဘာပြန်ပြောမလဲဆိုတာ မျက်လုံးပြူးကာ စောင့်ကြည့်နေသည်။
“သနားလို့ပါ”
“ဘယ်သူ့ကိုသနားတာလဲ”
“ဟို ဇာတ်ကားထဲက မင်းသမီးကို”
“ဘာများလဲလို့အဖြူရယ် မထိတ်သာမလန့်သာရှိလိုက်တာ ဖုန်းနဲ့ဇာတ်ကားတွေကြည့်ပြီးဝမ်းနည်းနေရတယ်လို့ လူက ဟိုကိစ္စတွေဖြစ်ပြီးကတည်းက အသံကျယ်ကျယ်ကြားရင်တောင် လန့်နေရတဲ့အထဲ ကိုမြတ်ထင်ဆီကတခုခုကြားလို့ ငိုနေတယ်ထင်နေတာ ကဲ မငိုနဲ့တော့ မျက်ရည်တွေသုတ် မမကြားသွားလိမ့်မယ် ထပ်မငိုနဲ့တော့နော် ကလေးကျနေတာပဲ တိတ် တိတ်”
“ဟုတ် အီး ဟီး”
ပါးစပ်က ဟုတ်လို့ပြောပြီးခေါင့်ငြိမ့်ပေမယ့် မရပ်နိုင်သေးသောရှိုက်သံတွေနဲ့။
အဲ့ဒီအခါမှ ခင်လေးလဲသက်ပြင်းချရင်း အဖြူကိုကြည့်ကာ ပြုံးလိုက်မိသည်။ မမသိန်းပြောသလိုပင်။ မမဟာ ခင်လေးထက်အသက်ကြီးပေမယ့် တခါတလေမှာတော့ အတော်ကလေးဆန်လွန်းပြီး ချစ်ဖို့ကောင်းလွန်းလှပါသည်။
================================================================
N. Maria Seng

2️⃣ ကျွန်မနဲ့သရဲမ [ The ghost and me ]Where stories live. Discover now