Unicode font
ကျွန်မနဲ့သရဲမ (The Ghost And Me)
အပိုင်း (၃)“အိမ်ကလဲ သရဲခြောက်မယ့်ပုံကြီး”
မမသိန်းစကားကြောင့် ရေနံချေးတွေ ဝနေအောင်သုတ်ထားသော ပျဉ်ထောင်အိမ်မဲမဲလေးကို အဖြူ သေသေချာချာ ကြည့်မိလိုက်သည်။ ခြေတံရှည်အိမ်မဟုတ်ပဲ ခြေတံတိုပျဉ်အိမ်လေးက ချစ်ဖို့ကောင်းပါသည်။ အဖြူကတော့ ဘန်ဂလိုပုံစံ အိမ်လေးကိုတွေ့တာနဲ့ သဘောကျပါသည်။ ဆောက်ခဲ့တာ တော်တော်ကြာလောက်ပြီဖြစ်ပေမယ့် ပြန်ပြုပြင်ထားတာ မကြာသေးသောကြောင့် သပ်သပ်ရပ်ရပ်နဲ့နေချင်စဖွယ်လေး ဖြစ်နေသည်။ မွေးကတည်းက တိုက်ခန်းထဲမှာသာ နေခဲ့ရတဲ့ အဖြူအတွက် အခုလို ခြံနဲ့ဝင်းနဲ့အိမ်လေးမှာ နေရမယ်ဆိုတော့ စိတ်ညစ်တဲ့ကြားက ပျော်တောင်ပျော်မိသွားသေးသည်။
ဒီအိမ်ကို လိုက်ပို့သော ဦးထင်ရဲ့သူငယ်ချင်း ကိုသန့်ဇင်ကတော့ မမသိန်းစကားကို မကြားတာလားတော့မသိ။ ဘာမှ ပြန်မပြောပေ။ ဒေါ်ကေသွယ်ကတော့ သိန်းသိန်းကို မျက်စောင်းလှမ်းထိုးသည်။
“သိန်းသိန်း ညီးဟာလေ မဟုတ်တာဆို တန်းပြောတော့တာပဲ”
“မြတ်ထင်မှာထားလို့အိမ်ထဲမှာ အားလုံးအဆင်သင့်လုပ်ထားပါတယ်အန်တီ အထဲဝင်ကြည့်ရအောင်”
အဖြူတို့ အားလုံးအိမ်ထဲဝင်လာခဲ့သည်။ အိမ်ထဲရောက်တော့ ကိုသန့်ဇင်ပြောသလို အိပ်ရာကအစ အားလုံးအဆင်သင့် ခင်းထားပြီးသားပင်။ ဧည့်ခန်းထဲမှာလဲ အဆင်သင့်ဆင်ထားပြီးသား TV နဲ့ အောက်စက်နဲ့။ မမသိန်းတို့အကြိုက်ပင်။
“အန်တီတို့က သုံးယောက်လာမယ်လို့ပြောလို့ အခန်းသုံးခန်းရှိတာနဲ့ သုံးခန်းစလုံးပြင်ထားပေးတယ် အဆင်ပြေတဲ့အခန်း နေလို့ရအောင်”
“တစ်ယောက်တစ်ခန်းနေရမှာလား သိန်းသိန်းက မမနဲ့ပဲအိပ်မှာနော်”
“တစ်ခန်းစီပဲနေမယ် သိန်းသိန်းဟိုဘက်အခန်းနေ အဖြူက ဟိုအခန်းနေ အမေကဒီအရှေ့ကအခန်းမှာနေမယ်”
ရန်ကုန်ကတည်းက ပြသနာတက်ပြီး စိတ်ညစ်နေခဲ့ရတဲ့အမေက ဒီအိမ်လေးရောက်မှ နည်းနည်း လန်းလန်းဆန်းဆန်း ဖြစ်လာတာကို အဖြူ သတိထားမိသည်။ အဖြူက မမသိန်းလက်မောင်းကို တချက်တို့ပြီး ထပ်မပြောဖို့ သတိပေးလိုက်သည်။ မမသိန်း သရဲကြောက်လို့တစ်ယောက်ထဲ မအိပ်ချင်တာ အဖြူသိပါသည်။ ဒါပေမယ့် အမေကိုလဲ လွတ်လွတ်လပ်လပ် နေစေချင်ပါသည်။ မမသိန်းက မျက်နှာငယ်နဲ့ဆက်မပြောတော့ပေ။
“အန်တီတို့လိုအပ်တာရှိရင်ပြောပါ ကျွန်တော့ဖုန်းနံပါတ်လဲသိနေတာပဲ တခုခုဆိုဖုန်းဆက်ခဲ့ပါ ရေခဲသေတ္တာထဲမှာတော့ စားစရာနည်းနည်း ဝယ်ထည့်ထားပေးတယ် ဆန်လဲဝယ်ထည့်ထားပေးတယ် ဟင်းချက်စရာဘာညာကတော့ ဒီဘက် လမ်းထိပ်ကို နည်းနည်းလျှောက်လိုက်တာနဲ့ ဈေးရောက်တယ်အန်တီ နယ်ကတော့ မနက်တိုင်းဈေးသွားပြီး လတ်လတ်ဆတ်ဆတ် ဝယ်ချက်စားကြတာ”
“ကျေးဇူးတင်ပါတယ်သားရယ် အလုပ်တဘက်နဲ့အားလုံးအဆင်သင့်လုပ်ထားပေးတာ အားနာလိုက်တာ”
ဦးထင်ရဲ့သူငယ်ချင်းကိုသန့်ဇင်က ဆောက်လုပ်ရေးဝန်ကြီးဌာနက အင်ဂျင်နီယာတစ်ဦးဖြစ်သည်။
“ရပါတယ်အန်တီ မြတ်ထင်နဲ့ကျွန်တော်နဲ့က အားနာရမယ့်သူတွေမဟုတ်ပါဘူး အရမ်းရင်းနှီးတဲ့ငယ်သူငယ်ချင်းတွေပါ ကျွန်တော် ဒီမြို့မှာတာဝန်ကျတယ်လို့ကြားတာတာနဲ့ သူကတန်းခိုင်းစားတော့တာပဲ ဒီအိမ်ကို သူငယ်ကတည်းက သူ့အဖိုးဆီက အမွေရထားတာ သူတောင်တစ်ခါမှမရောက်ဖူးဘူး သူ့အိမ်လေးကိုပြင်ပေးပါတဲ့ တအားပျက်စီးနေလဲ ဖျက်ပစ်မယ်ပေါ့ ဒါပေမယ့်အိမ်လေးက ပစ်ထားတာတော်တော်ကြာတာတောင် ကျွန်းသစ်တွေပဲသုံးထားလို့လားမသိဘူး သပ်သပ်ရပ်ရပ်လေးရှိနေသေးတာ ကျွန်တော်ကနှမြောလို့ မဖျက်ပဲပြန်ပြင်ရအောင်ကွာဆိုပြီး ခေါင်မိုးတွေကော လိုအပ်တာတွေ အကုန်ပြန်ပြင်လိုက်တာ အိမ်အသစ်တစ်လုံးစာလောက် ကုန်သွားလို့ကျွန်တော်ကိုခီးနေသေးတယ် ဟဲ ဟဲ ပြင်ပြီးလို့မကြာခင်မှာ အန်တီတို့ရောက်လာတာနဲ့ ကွက်တိပဲ လူမနေရင်ထပ်ပျက်စီးမှာစိုးရိမ်နေတာ ရေမီးကအစ အားလုံး ပြည့်စုံအောင်စီစဉ်ပေးထားတယ် အန်တီတို့လဲပင်ပန်းနေရောပေါ့ နားကြပါဦး ကျွန်တော်လဲ အလုပ်ထဲ ပြန်သွားလိုက်ဦးမယ် တခုခုလိုအပ်ရင်ဖုန်းဆက်ခဲ့ပါနော် အဖြူ အစ်ကို သွားမယ်နော် မမသိန်းရော ကျွန်တော်သွားပြီ”
“အေး အေး သားရေ ကျေးဇူးတင်ပါတယ်ကွယ်”
“ဟုတ်ကဲ့ ကိုသန့်ဇင် ကျေးဇူးပါရှင့်”
ကိုသန့်ဇင်ထွက်သွားတော့ မမသိန်းကခြံတံခါးလိုက်ပိတ်သည်။ ပြီးတော့ အဖြူတို့သုံးယောက်သား အခန်းကိုယ်စီထဲ ဝင်နားကြသည်။ အခုမှရောက်တာဆိုတော့ ကားစီးရတာအီဆောင့်ရင်း ပင်ပန်းလာကြသည်။
အိပ်ရာပေါ်လှဲချလိုက်ရင်း ဘာတွေဖြစ်ကုန်တာလဲဆိုတာကို ပြန်တွေးကြည့်လိုက်သည်။ ဦးထင် နိုင်ငံခြားကို ထွက်သွားတဲ့ သုံးလေးရက်လောက်အတွင်းမှာ အဖြူတို့မိသားစုလေး ပြသနာအကြီးအကျယ် တက်ခဲ့ပါသည်။ အမေ့ဆီ ရောင်းဖို့ အပ်ထားတဲ့ သိန်းရာချီတန်တဲ့စိန်တွေ အလိမ်ခံလိုက်ရသည်။ အမေ့လက်ထဲကနေ ပါသွားတာမဟုတ်ပဲ အမေဆီကနေ တဆင့် ယူပြတဲ့မနီ လက်ထဲကနေ ပါသွားတာဖြစ်သည်။ ဒါပေမယ့်လဲ ပိုင်ရှင်ဆီကနေ လက်ခံယူထားတာ အမေဆိုတော့ အမေသာ အဓိကတာဝန်ယူရမည့်သူ ဖြစ်သည်။ လက်ထဲမှာတောင် အဲ့ဒီလောက်ပိုက်ဆံမရှိပါပဲ အမေကဘာနဲ့ သွားလျော်ပေးရမယ်မှန်းမသိ။ အဖြူတို့သားအမိအတွက် တစ်ခါမှမကြုံဖူးခဲ့သော မဖြေရှင်းနိုင်တဲ့ ပြသနာကြီး ဖြစ်သည်။ သုံးယောက်သား ဘာလုပ်လို့ဘာကိုင်ရမလဲမသိ ကြောက်လန့်နေစဉ်မှာ ဦးထင်က သူပြန်လာတဲ့အချိန်အထိ ခဏရှောင်နေဖို့ အကြံပေးလို့ ဦးထင်စီစဉ်ပေးတဲ့အတိုင်း ဒီမြို့လေးကိုရောက်လာခဲ့တာဖြစ်သည်။ နိုင်ငံခြားကနေ အလုပ်မအားတဲ့ကြားထဲ အဖြူတို့သားအမိအတွက် စိတ်ပူပေးရပြီး အကုန်စီစဉ်ပေးနေရတဲ့ဦးထင်ကို အဖြူအရမ်းကို အားနာရပါသည်။ ဦးထင်သာ မရှိရင် အဖြူတို့သားအမိဘ၀ ဘာဆက်ဖြစ်မလဲမသိနိုင်ပေ။
ရင်မောစွာ သက်ပြင်းချမိရင်း မြန်မာပြည်ကနေ ထွက်သွားတာဆယ်ရက်ပင်မပြည့်သေးတဲ့ ဦးထင်မြန်မြန်ပြန်လာပါစေသာ ဆုတောင်းမိတော့သည်။ အမေလဲ အခုလို အဖြစ်မျိုး တစ်ခါမှ မကြုံဖူးခဲ့တော့ အတော်ကိုစိတ်ဆင်းရဲကာ မစားနိုင်၊ မအိပ်နိုင်ဖြစ်နေခဲ့ရသည်။ အခုဒီအိမ်လေးကို ရောက်မှပဲ စိတ်သက်သာရာရပုံပေါ်သည်။ မမသိန်းနဲ့အဖြူမှာ အမေကို သနားပေမယ့် ဘာမှကူပြီးလုပ်မပေးနိုင်တာမို့ အရိပ်အချေသာ ကြည့်နေခဲ့သည်။
“အဖြူ ညနေစာဘာစားမလဲ မမသိန်း ထမင်းအိုးတည်လိုက်တော့မယ် မီးဖိုထဲဝင်ကြည့်ပြီးပြီ အိုးခွက်ပန်းကန်တွေလဲ အစုံအလင်နဲ့ ဆန်တွေလဲ ဝယ်ထားပေးတယ်တော့ ကိုမြတ်ထင်နဲ့ကိုသန့်ဇင်ကို ကျေးဇူးတင်လိုက်တာ”
ဦးထင်က မမသိန်းထက်ငယ်ပေမယ့် မမသိန်းက ကိုမြတ်ထင်လို့ပဲ လေးလေးစားစားခေါ်ပါသည်။
“ဟုတ်တယ်နော် အဖြူအခုပဲတွေးနေတာ ဦးထင်သာမရှိရင် အဖြူတို့ဘဝမတွေးရဲစရာပဲ”
“ဒါကြောင့်ပြောတာ အဖြူ ကိုမြတ်ထင်ကို ကောင်းကောင်းဆက်ဆံရမယ်နော်”
“မမသိန်းကလဲ အဖြူဘယ်တုန်းက ဆိုးလို့လဲ”
“အမယ် အမြဲတမ်းဂျီကျနေပြီးမှ နောက်ခါအဲ့ဒီလိုဆံပင်တွေလဲမလုပ်ရဘူးနော်”
မမသိန်းက အဖြူရဲ့ဆံပင်ညိုညိုလိမ်လိမ်လေးများကို မေးငေါ့ပြရင်းပြောသည်။
“ဟာ ဒါကတမင်လုပ်တာမှမဟုတ်တာမမသိန်းကလဲ ဟဲ ဟဲ”
“ဟုတ်ပါပြီတော် နောက်ရက်မှဈေးသွားပြီး ဟင်းကောင်းကောင်းချက်စားတော့မယ် ဒီနေ့တော့ ရန်ကုန်ကပါလာတဲ့ အခြောက်အခြမ်းတွေပဲ ပြန်နွေးလိုက်တော့မယ် ခဏနေရင် ထမင်းစားမယ်နော်”
မမသိန်းက ပြောပြောဆိုဆိုနဲ့ ထွက်သွားသည်။ အဖြူ ဆံပင်ကောက်ကောက်လေးများကို ကိုင်ကြည့်ရင်း ဦးထင်ကို အရမ်းပဲ လွမ်းမိသွားပါသည်။ ဒီဆံပင်ကောက်လို့ပဲ ဦးထင်က အဖြူကို စိတ်ဆိုးခဲ့တာကို တွေးမိရင်း ရင်ထဲ ကြည်နူးသွားရသည်။ အဖြူကို ဘယ်တော့မှ စိတ်မဆိုးဖူးခဲ့တဲ့ ဦးထင်ဟာ ရွှေညိုရောင်ဆံပင်အကောက်နဲ့ တွေ့တွေ့ချင်းမှာပဲ စိတ်ဆိုးပြီး စကားမပြောတော့တာမလား။
ဆက်လှဲမနေတော့ပဲ ကုတင်ဘေးမှာရှိတဲ့ မှန်တင်ခုံအသေးလေးပေါ် ပါလာတဲ့အလှပြင်ပစ္စည်းတွေစီပြီး တင်လိုက်သည်။ အလှအပအရမ်းကြိုက်တဲ့အဖြူအတွက် မပါမဖြစ်ပစ္စည်းလေးတွေပင်။ အခုအခန်းလေးဟာ ရန်ကုန်တိုက်ခန်းက အခန်းထက်အများကြီးပိုကျယ်ပြီး နေ့ခင်းဆို ပြတင်းပေါက်လေးဖွင့်ထားရုံနဲ့ မီးဖွင့်စရာမလိုအောင် အလင်းရောင်လဲ ကောင်းကောင်းဝင်ကာ လေဝင်လေထွက်လဲ ကောင်းလှသည်။ အပြင်က လေတိုက်သောကြောင့် လွင့်နေတဲ့ ပြတင်းပေါက်က ခန်းစီးစလေးကို ကြည့်မိရင်း သဘောကျသွားမိသည်။ အဖြူဟာ မွေးကတည်းက တိုက်ခန်းထဲမှာပဲ နေလာရလို့ဖြစ်မည်ထင်။ ဒီလိုဖီလင်လေးတွေ သိပ်မခံစားခဲ့ဖူးပေ။ ပြတင်းပေါက်နားသွားရပ်ကာ လေနုအေးလေးကို ခံစားရင်း ခြံဝန်းထဲသို့ ကြည့်လိုက်ရာ ခြံဝန်းလေးမှာ တော်တော်ကျယ်ပြီး အိမ်လေးက အလယ်တည့်တည့်မှာ ဆောက်ထားသလိုပုံဖြစ်သည်။ ခြံဝန်းကို ရှင်းထားတာသိပ်မကြာသေးပုံပင်။ မြက်ပင်များနဲ့ ဘာပန်းပင်မှာစိုက်ထားတာမရှိပဲ ပြောင်သလင်းခါနေသော မြေကြီးကိုသာ တွေ့ရသည်။ ဝင်းထရံနား ပေါက်နေသောအပင်ကြီးတွေက အိမ်ပေါ်ကို အရိပ်ကျကာ နေထိုးတာကို ကွယ်ထားသလိုဖြစ်နေလို့ အိမ်ထဲမှာ တအားမပူပေ။ အဲကွန်းမလိုပဲ အခုလိုနေရတာကို ဘယ်လို သဘောကျမှန်းမသိ ကျနေမိတော့သည်။
အိမ်အတွင်းပိုင်းပုံစံကလဲ ရိုးရိုးရှင်းရှင်း အခန်းသုံးခန်း၊ ဧည့်ခန်းနဲ့ အိမ်နောက်ဖက်မှာမီးဖိုခန်းသာ ပါရှိသည်။ ဧည့်ခန်း ရှေ့ထောင့်လေးမှာပဲ ဘုရားစင်လေးလဲ ပူဇော်ထားသည်။ မီးဖိုရှေှ့နားမှာတော့ အခုပြန်ပြင်တဲ့အချိန်မှ ထည့်ထားပုံရသော အိမ်သာနဲ့ ရေချိုးခန်းကို တွေ့ရသည်။
“မမသိန်း ဘာတွေကြော်”
“ဘာလချောင်ကြော်ပြန်နွေးနေတာလေ အဖြူဗိုက်ဆာလို့လား”
“ဆာပါဘူး မမသိန်းတစ်ယောက်ထဲပျင်းနေမှာစိုးလို့လာစကားပြောပေးတာ ဟိဟိ”
“အမလေး ကျေးဇူးတင်ပါတယ်တော်”
“ဟိုလေ မမသိန်း ခုနကပြောတာလေ ဒီအိမ်က သရဲခြောက်မယ့်ပုံဆိုတာ ဘာကိုကြည့်ပြီးပြောတာလဲ”
မမသိန်းက အရှေ့သို့ ဒေါ်ကေသွယ် မီးဖိုခန်းနားရှိမရှိ တချက်လှမ်းရှိုးလိုက်ရင်း ဖြေသည်။
“အိမ်ကိုတွေ့တာနဲ့အဖြူစိတ်ထဲ စိမ့်ခနဲ့တစ်ချက်ဖြစ်မသွားဘူးလား”
“ဟင့်အင်း မဖြစ်ပါဘူး သဘောတောင်ကျနေတာ အိမ်လေးကမဲတူတူလေး ချစ်စရာလေးဆိုပြီး အဲဒါပဲဖြစ်တာလား တခြားတခုခုများတွေ့သေးတာလားလို့ သရဲတို့ဘာတို့”
“နေ့ခင်းကြောင်တောင် ဘယ်ကသရဲကိုတွေ့ရမှာလဲအဖြူရယ် ဘုရားဘုရား ဒီအိမ်ထဲမှာ တကယ်သရဲမရှိပါစေနဲ့ ညကျရင် တစ်ယောက်ထဲ အိပ်ရမှာ”
“သရဲတကယ်ရှိပါစေ အဖြူက သရဲကိုမေးစရာရှိတယ်”
အဖြူစကားကြောင့် မမသိန်းက မျက်လုံးပြူးသွားရသည်။
“ဘာမေးစရာရှိလို့လဲ သရဲနဲ့ဘယ်လိုစကားပြောလို့ရမှာလဲအဖြူရဲ့”
“အဖေအကြောင်းလေ အဖေသရဲအဖြစ်နဲ့အဖြူနားရှိနေလားဆိုတာမေးမလို့လေ တခါတလေ အဖေကိုအရမ်းသတိရတာပဲ ဇာတ်ကားတွေထဲကလို သမီးနားမှာဝိညာဉ်ဘဝနဲ့ရှိနေမလားဆိုတာကို သိချင်လို့”
“အမလေး ညီးအဖေ လူရိုးလူအေးသူတော်ကောင်းကြီးကို ဘာလို့မကျွတ်မလွတ်ရှိနေတယ်ထင်နေရတာလဲ ပြီးတော့ ဆုံးသွားတာလဲကြာလှပြီ မမက အစ်ကိုကြီးကိုရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ အရမ်းလုပ်ပေးခဲ့တာ ဘာဝိညာဉ်အဖြစ်နဲ့မှလဲ ရှိနေမှာမဟုတ်ဘူး စိတ်ကူးတွေယဉ်မနေနဲ့အဖြူ သရဲကို မမသိန်းနား လာတောင့်တမနေနဲ့ ကြောက်ရတဲ့ကြားထဲ ညီးကော သရဲမကြောက်ဘူးလား”
“မကြောက်ပါဘူး တစ်ခါမှလဲမတွေ့ဖူးတဲ့သရဲကို ဘာလို့ကြောက်နေရမှာလဲ ငယ်ငယ်တုန်းက မမသိန်းပြောပြဖူးတဲ့ သရဲပုံပြင်နဲ့ ဇာတ်ကားတွေပဲကြည့်ဖူးခဲ့တာ တစ်ခါမှာအပြင်မှာမတွေ့ဖူးပဲ လုံးဝမကြောက်ပါဘူး သရဲရေ အိမ်ထဲမှာ တကယ်ရှိလို့ရှိရင် ညကျရင် အဖြူနဲ့မမသိန်းကို လာခြောက်ပါဗျိုး”
ရုတ်တရက် ထအော်လိုက်တဲ့ အဖြူစကားကြောင့် သိန်းသိန်းတို့ ကြက်သီးဖြန်းဖြန်းထသွားရသည်။
“မခြောက်နဲ့ မခြောက်နဲ့ ဘယ်သူ့ကိုမှလာမခြောက်နဲ့ အဖြူနော် လူကြီးကို စ,စရာမဟုတ်ဘူး”
မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ကြောက်နေတဲ့ မမသိန်းပုံစံကိုကြည့်ရင်း အဖြူ တဟိဟိရယ်မိသည်။ အဖြူကိုမွေးကတည်းက ထိန်းလာခဲ့တဲ့မမသိန်းနဲ့အတူတူနေခဲ့တာ အနှစ်နှစ်ဆယ်ကျော်ရှိနေပါပြီ။ အဖြူရဲ့သက်တမ်းတလျှောက် တခါတလေ ခရီးတိုလေးတွေသာ ထွက်ဖူးသောကြောင့် အဖြူတို့အားလုံး တစ်ခါမှလဲသရဲခြောက် မခံရဖူးပါပဲ မမသိန်းကတော့ အလွန်ပင် ကြောက်တတ်လေသည်။
အခုမှ မီးဖိုထဲဝင်လာတဲ့ဒေါ်ကေသွယ်က အဖြူကိုမာန်မဲလိုက်ရင်း။
“အဖြူနော် လူကြီးကို လျှောက်စမနေနဲ့ သိန်းသိန်း ထမင်းခူး ညနေစာ စောစောစားပြီး စောစောနားကြတာပေါ့”
“ဟုတ်ကဲ့မမ ကြားတယ်နော်အဖြူ လူကြီးကိုမစရဘူးဆိုတာ”
အဖြူက မမသိန်းကို လျှာထုတ်ပြီး ပြောင်ပြကာ ထမင်းပွဲပြင်ကူလိုက်သည်။ သိပ်မကြာခင် ဘွဲ့ယူပြီးတာနဲ့အိမ်ထောင်ပြုပြီး ယောက္ခမအိမ်လိုက်နေရမယ့်အဖြူဟာ အမေနဲ့မမသိန်းနဲ့အတူရှိနေစဉ်အတွင်း ကလေးလုပ်ကာ နွဲ့ဆိုးဆိုးပြီးပျော်ပျော်လဲ နေချင်ပါသေးသည်။ ဦးထင်နဲ့လက်ထပ်ရမှာမို့ပျော်သော်လဲ အမေတို့နဲ့ခွဲနေရမှာတွေးကြည့်ရင် ဝမ်းနည်းမိပြန်သည်။
“မိုးတွေရွာလာပြန်ပြီ ရနု်ကုန်အတိုင်းပါပဲလား သီတင်းကျွတ်ဖို့လဲသိပ်မလိုတော့ဘူးဆိုတော့ အားရပါးရရွာထားတာနေမယ်”
“မမသိန်းကလဲ တစ်လလောက်လိုပါသေးတယ်”
“သုံးပါတ်လောက်ပဲ လိုတော့တာပါအေ ညီး ၁၁ လပိုင်းဘွဲ့ယူပြီးတာနဲ့ ၁၂ လပိုင်းမင်္ဂလာဆောင်ရမှာမို့ ငါ ရက်အတိအကျ တွက်ထားတာ”
“ဟုတ်တယ်နော် မင်္ဂလာဆောင်ရမယ်ဆိုတော့လဲ စိတ်ထဲတမျိုးကြီးပဲ”
ဒေါ်ကေသွယ်ကတော့ သူတို့နှစ်ယောက်ပြောနေတာကို တစ်ခွန်းမှဝင်မပြောပဲ ခပ်အေးအေးသာ ထမင်းစားနေသည်။ အရင်ကဆို သမီးလေးကို ငယ်ငယ်ရွယ်ရွယ်နဲ့လက်ထပ်ပေးရမှာမို့ နှမြောစိတ်နဲ့စိတ်မကောင်းဖြစ်မိမှာ အသေအချာပင်။ ခင်ပွန်းသည်ဆုံးသွားပြီးနောက်ပိုင်း သမီးလေးကိုပြည့်စုံအောင် အတတ်နိုင်ဆုံး ရှာဖွေကျွေးမွေးခဲ့သော်လည်း ခုလိုကိစ္စတွေ ကြုံလာခဲ့တဲ့အခါမှာတော့ သူမသာမရှိခဲ့ရင် အဖြူတစ်ယောက်ထဲ ကျန်ခဲ့မယ့်အရေးကို ဘယ်လိုမှစိတ်မချနိုင်တော့။ သူမဘဝဟာ မကြာခင်မှာ ဘာဆက်ဖြစ်မလဲမသိနိုင်တဲ့အခြေအနေမို့သမီးကို ချစ်မြတ်နိုးတဲ့၊ သမီးဘဝကိုလုံခြုံအောင် စောင့်ရှောက်ပေးမယ့် မြတ်ထင်လက်ထဲကိုသာ စိတ်ချလက်ချ အပ်လိုက်ချင်ပါတော့သည်။
“ပျော်နေတာမဟုတ်ဘူးလား ချစ်လှစွာသောဦးထင်နဲ့လက်ထပ်ရမှာမို့လေ”
“အဟိဟိ မမသိန်းကလဲ အပျိုကြီးမို့တော်သေးတယ် အဖြူပျော်တာကိုသိတယ်တော့”
“အမယ် သိပတော် သိပ တချိန်လုံး ဦးထင် ဦးထင်နဲ့နေတာကို”
“အလကားစတာပါ အမေနဲ့မမသိန်းနှစ်ယောက်ပဲကျန်ခဲ့မှာဆိုတော့လဲ အဖြူစိတ်မကောင်းဘူး”
“သမီး အချိန်တန်အရွယ်ရောက်လို့ အိမ်ထောင်ပြုရင် မိဘနဲ့ခွဲနေကြရတာပဲလေ ကိုယ့်ရဲ့ခင်ပွန်းနဲ့ သင့်မြတ်အောင်နေပြီး တည်မြဲတဲ့ အိမ်ထောင်ရေးဖြစ်အောင်သာ ထိန်းသိမ်းပါ အမေနဲ့မမသိန်းတို့က တမြို့ထဲနေနေတာပဲ ဘယ်အချိန်မဆို လာတွေ့လို့ရနေတာကို ဘာမှစိတ်မကောင်းဖြစ်စရာမလိုဘူး”
ဒေါ်ကေသွယ်စကားကြောင့် ပြောင်စပ်စပ်လုပ်နေတဲ့အဖြူတစ်ယောက် ငြိမ်ကျသွားရသည်။ အမေ့ရဲ့ခံစားချက်တွေကို နားလည်ပါသည်။
“ဟုတ်”
“ကဲ မိုးအေးအေးနဲ့ခရီးကလဲ ပန်းလာတာဆိုတော့ စောစောနားကြရအောင် သိန်းသိန်းလဲ သိမ်းဆည်းပြီးတာနဲ့ TV ပဲ မော့မနေနဲ့ဦး ဘုရားကန်တော့ပြီးအိပ် ကြားလား”
“ဟုတ်ကဲ့မမ ဟိဟိ”
အမေအိမ်ရှေ့သွားလိုက်တော့ အဖြူနဲ့မမသိန်း နှစ်ယောက်သား လေဆက်ပေါပြီး ကျန်နေခဲ့သည်။
“မမသိန်း အဖြူနဲ့အတူတူ မျက်နှာပေါင်းတင်မလား”
“မတင်ချင်ပါဘူး မိုးကအေးအေးနဲ့ မျက်နှာပေါ်အေးအေးကြီးကပ်ပြီး နာရီဝက်လောက်ကြီးနေရမှာ”
“အခုဟာကမအေးဘူးလေ မီးသွေးနဲ့လုပ်ထားတဲ့ဟာလေမမသိန်းရဲ့ အဖြူတစ်ယောက်ထဲပျင်းလို့ခေါ်နေတာကို”
“လာမခေါ်နဲ့ လုံးဝမလုပ်ချင်ဘူး နောက်ရက်မိုးမရွာရင်တော့လုပ်ချင်လုပ်မယ်”
“အမယ် အဖြူကအခုလုပ်ပေးချင်တာလေ နောက်ရက်ကျမလုပ်ပေးချင်တော့ဘူး”
“မလုပ်ပေးချင်လဲမလုပ်ဘူး ငါကလှပြီးသား ကဲ ပန်းကန်တွေဆေးလိုက်ဦးမယ် သွား သွား ကိုယ့်ဘာသာ ရှေ့သွားနေစမ်းပါအေ”
“အမလေးတော် မမလှသိန်းကြီးရယ် မလုပ်ချင်နေပေါ့ နောက်မှ ငါ့မျက်နှာအဖုတွေပေါက်နေပြီ အဖြူရယ်လုပ်ပါဦး လာမလုပ်နဲ့ ဟွန်း”
မမသိန်းက မျက်စောင်းတစ်ချက်ထိုးရင်း TV ကြည့်ရန်အိမ်ရှေ့ထွက်လာခဲ့သည်။ အိမ်နောက်ထဲသိမ်းဆည်းပြီးတော့ မမသိန်းလဲ အဖြူနဲ့အတူ TV လာကြည့်သည်။
“မမသိန်း ဘုရားရှိခိုးဦးနော် သရဲခြောက်ခံနေရမယ် ဟိဟိ”
မမသိန်းက အဖြူကို ဂြိုလ်တစ်ချက်လှမ်းပေးပြီး TV ကြည့်မပျက်ပေ။ သူကြိုက်သောကိုးရီးယားကားလာနေချိန်တွင်တော့ ဘာသရဲပဲလာလာကြောက်မယ့်ပုံမမြင်။ ဇာတ်လမ်းထဲကို ဈာန်ဝင်ရုံမက သူကိုယ်တိုင်မင်းသမီး ဖြစ်သွားပုံရသည်။
ည ၉ နာရီကျော်ပြီမို့ အပြင်က တိတ်ဆိတ်နေပြီး ဖားအော်သံသာ ကြားနေရသည်။ ခုနကသဲမဲစွာရွာနေသောမိုးမှာ အခုတော့ တိတ်သွားခဲ့လေပြီ။ အဖြူက အခန်းထဲဝင်ခဲ့ပြီး ဦးထင်နဲ့တွေ့လိုတွေ့ငြား အင်တာနက်ဖွင့်လိုက်သည်။
“အဖြူ အဆင်ပြေရဲ့လား အားလုံးနေကောင်းကြလား ရေပြောင်းမြေပြောင်းနဲ့ကျန်းမာရေးဂရုစိုက်နော် တခုခုလိုတာရှိရင် သန့်ဇင်နဲ့ဆက်သွယ်ပါ ဘာမှအားနာစရာမလိုဘူး သူကကိုယ့်သူငယ်ချင်းအရင်းကြီး အခုတလော အလုပ်တအားရှုပ်နေလို့ အားတဲ့အချိန်မှ အေးအေးဆေးဆေး ပြောမယ်နော် အမေကို ဂရုစိုက်ပါ”
အင် ဒါပဲလား။ အဖြူကို လွမ်းတယ်လို့တောင်တစ်ကြောင်းမှမပါ။ အဖြူမှာတော့ အားငယ်ပြီး လွမ်းလိုက်ရတာ။ Messenger ထဲက ဦးထင်ချန်ထားတဲ့ စာလေးကို ဖတ်ရင်းမျက်ရည်ဝဲချင်ချင်ဖြစ်လာခဲ့သည်။ ဒါပေမယ့်လဲအဖြူတို့အတွက် မအားတဲ့ ကြားထဲကနေ ဒီလောက်ထိပြည့်စုံအောင် စီစဉ်ပေးခဲ့တာကို ပြန်တွေးမိရင်း ကောက်ချင်နေသောစိတ်လေးပြေသွားရသည်။
“ဟုတ် ဦးထင် အားလုံးနေကောင်းပါတယ် အဆင်လဲပြေတယ် ကိုသန့်ဇင်က အားလုံးပြည့်စုံအောင်စီစဉ်ပေးထားတယ် အလုပ်တွေပြီးတာနဲ့မြန်မြန်ပြန်လာတော့နော် အဖြူ ဦးထင်ကိုလွမ်းလှပြီ”
ဦးထင်ဆီပြန်ပို့ပြီးတာနဲ့ ဖုန်းကို ခေါင်းအုံးဘေးပစ်ချလိုက်ရင်း မျက်နှာပေါင်းတင်ဖို့ သတိရသွားသည်။ မျက်နှာသွားသစ်ပြီး Nature Republic က Charcoal ပေါင်းဆေးမဲမဲတွေကို မျက်နှာပေါ်သေသေချာချာသုတ်လိမ်းလိုက်သည်။ မျက်လုံးနဲ့ ပါးစပ်နားတဝှိက်ကို အကွင်းလိုက်ချန်ထားပြီး မျက်နှာတစ်ခုလုံး သုတ်လိမ်းပြီးချိန်မှာ မှန်ထဲပေါ်နေတဲ့မျက်နှာမဲကို ကြည့်ရင်း မမသိန်းကို သရဲခြောက်ဖို့ သတိရသွားသည်။ နောက်မှာ စုချည်ထားသော ဆံပင်ကောက်ကောက်လေးတွေကို ဖြန့်ချကာ အခန်းတံခါးကို ဖြည်းဖြည်းဖွင့်လိုက်သည်။ ဘယ်လောက်ပဲ အသံမမြည်အောင်ဖွင့်ဖွင့် အရင်ကတည်းက တပ်ဆင်ထားတဲ့တံခါးနှစ်ဘက်မှာ အသံသဲ့သဲ့တော့ ထွက်သွားသည်။ မမသိန်း မကြားအောင် ခြေလှမ်းကို ခပ်ဖွဖွလျှောက်ကာ ဧည့်ခန်းထဲ ထွက်လာခဲ့သည်။ အခန်းနံရံဘေးအကွယ်မှာ ခဏရပ်နေလိုက်ရင်း အရှေ့ကိုရုတ်တရက် ထွက်သွားကာ လန့်အောင်ခြောက်ဖို့ စိတ်ကူးလိုက်သည်။
“အဖြူ အဖြူ သရဲခြောက်ဖို့မစဉ်းစားနဲ့ အခန်းတံခါးဖွင့်သံကြားပြီးသားနော်”
“ခြောက်ပါဘူး ဇာတ်ကားကြည့်မလို့လာခဲ့တာကို”
“ဟင်း ဟင်း ညီးကို မွေးကတည်း ငါထိန်းလာတာပါအေ”
“၁၀ နာရီကျော်နေပြီ မအိပ်သေးဘူးလားမမသိန်း မအိပ်ခင်ဘုရားကန်တော့ဦးနော် တကယ်သရဲလာခြောက်နေမယ်ဗျ”
အကြောင်းမသိရင်ခက်မယ်ဆိုတဲ့အကြည့်နဲ့ တဟင်းဟင်းလုပ်ပြနေတဲ့မမသိန်းကို အမြင်ကတ်ကတ်နဲ့စွေစောင်းကြည့်ကာ ခြိမ်းခြောက်ပြောရင်း အခန်းထဲပြန်ဝင်ခဲ့သည်။ အဲ့ဒီမမသိန်းဟာ တခါတလေတော့လဲ အဖြူအကြောင်းကို အလွန် သိလွန်းလှသည်။ အိပ်ရာပေါ် လှဲချလိုက်ချိန်မှာပဲ နားနားမှာ တဝီဝီဝဲနေသောခြင်သံတွေ ကြားလိုက်ရသည်။ ခြင်ထောင်ပန်းရောင်ကို မချသေးပဲ ပေါင်းတင်ပြီး၊ မျက်နှာသစ်ပြီးမှ တခါထဲချကာ အိပ်တော့မယ်။ အခုတော့ ခြင်တွေကိုခါထုတ်ရင်း မျက်နှာပေါ်က ပေါင်းဆေးတွေမခြောက်ခင် ခဏမိန်းလိုက်ပါဦးမည်။
မမသိန်းလဲ ကြည့်နေတဲ့ဇာတ်ကားပြီးသွားချိန်မှာတော့ TV ပိတ်ကာ အိမ်နောက်ထဲဝင်သွားသည်။ အိပ်တော့မှာဆိုတော့ အပေါ့သွားပြီး ခြေလက်ဆေးလိုက်မည်စိတ်ကူးကာ သီချင်းလေးတအေးအေးနဲ့ သရဲကြောက်ဖို့ သတိမရတော့ပေ။
အဖြူနဲ့ကပ်ရက်အခန်းတွင်ရှိသော ဒေါ်ကေသွယ်ကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရှာသည်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စိတ်ဆင်းရဲကာ အိပ်မပျော်ခဲ့ရသမျှ ခရီးပန်းလာတာပါပေါင်းပြီး စိတ်ဒုံးဒုံးချကာ အိပ်ပျော်သွားရသည်။ သူမအခန်းထဲက ပစ္စည်းတချို့ပြုတ်ကျသံကိုပင် မကြားနိုင်တော့ပါ။
================================================================
မိုးရွာပြီးခါစ နယ်မြို့လေးရဲ့ညက တိတ်ဆိတ်ငြိမ်သက်လွန်းလှသည်။ အိမ်ရှေ့မြောင်းထဲက ဖားအော်သံတချို့မှအပ ဘာသံမှမကြားရတော့ပေ။ လမ်းသွားလမ်းလာလူလဲ မရှိသလောက်ပင်။ တခါတလေ တိုက်ခတ်သွားသောလေကြောင့် သစ်ပင်ပေါ်က အရွက်တွေမှာ တင်ကျန်နေသော မိုးရေစက်တချို့က အိမ်ခေါင်မိုးပေါ်သို့ပြုတ်ကျသံကိုပင် အကျယ်ကြီး ကြားနေရသည်။ အဖြူတို့နေတဲ့အိမ်ကလေးဟာလဲ မမသိန်း TV ပိတ်ပြီးချိန်မှာတော့ ဘာသံမှမကြားရတော့ပဲ တိတ်ဆိတ်သွားသည်။ ဒီအချိန်မှာပဲ ဖြူဖြူရှည်ရှည်အရာတစ်ခုဟာ သူတို့အိမ်နားကို တရွေ့ရွေ့ချဉ်းကပ်လာခဲ့သည်။
အိမ်ထဲကိုဝင်လာကတည်းက မျက်လုံးများကြိမ်းစပ်သွားအောင်လင်းနေသော အလင်းရောင်ကြောင့် အံ့သြသွားရသည်။ အပြင်မှာ မှောင်မဲနေပါရဲ့ ဒီအိမ်ထဲမှာ နေ့ခင်းလိုပင် လင်းထင်းနေခဲ့သည်။ မျက်နှာကျက်ပေါ်မော့ကြည့်လိုက်တဲ့အခါမှ မျက်နှာကျက်မှာကပ်နေသောအချောင်းဖြူဖြူမှ အလင်းရောင်များ ဖြာထွက်နေသည်ကိုတွေ့လိုက်ရသည်။ ဧည့်ခန်းထဲမှာ လူတစ်ယောက်မှရှိမနေပဲ တစ်အိမ်လုံးတိတ်ဆိတ်ကာ အိပ်မောကျနေကြပုံပေါ်သည်။
သူမ တချက်ပြုံးလိုက်သည်။ ဒီလူတွေ ဒီအိမ်ထဲက ထွက်ပြေးအောင် မောင်းထုတ်ရမည်။ ဒါမှ သူမ အေးအေးဆေးဆေး နေလို့ရမည်မဟုတ်လား။ ဒီလူတွေကြောင့်သူမမှာ နေစရာဘုံပျောက်မည့်ကိန်းဆိုက်နေရသည်။ အရင်ဦးဆုံးတွေ့သည့် အခန်းထဲဝင်လိုက်ချိန်မှာတော့ မီးရောင်ဝါဝါမိန်မိန်ကြားမှာအိပ်မောကျနေတဲ့အဒေါ်ကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။
ကုတင်ဘေးက စားပွဲပေါ်တင်ထားသော ဆေးဗူးဖြူဖြူသေးသေးကို လက်နဲ့တောက်ချလိုက်သည်။ တိတ်ဆိတ်နေချိန်မို့ ဆေးဗူးက ဒေါက်ခနဲအကျယ်ကြီးမြည်အောင် အောက်သို့ကျသွားခဲ့ပေမယ့် အိပ်ပျော်နေတဲ့လူက တုတ်တုတ်မှမလှုပ်ပေ။ ခြင်ထောင်ထဲကို တချက်လှမ်းကြည့်ရင်း ကျသွားတဲ့ဆေးဗူးကို အသံမြည်အောင် ကန်နေလိုက်သည်။ အသံကို လုံးဝကြားပုံမပေါ်တဲ့အပြင် ဟောက်သံသဲ့သဲ့ပါ ထွက်လာခဲ့သေးသည်။ ကဲ ဒီညတော့ နေပါစေတော့။ နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ ဒီတစ်ယောက်ကို ခြောက်နေရတာ အချိန်ကုန်လို့ တခြားအခန်းကို ကူးလာခဲ့လိုက်သည်။
တံခါးမပိတ်ထားတဲ့ ဒီအခန်းမှာတော့ မီးမထွန်းထားပေ။ အခန်းရှေ့ကအလင်းရောင်ကြောင့် ကုတင်ပေါ်မှာ လူတစ်ယောက်ပက်လက်အိပ်နေတာကို သဲသဲကွဲကွဲ တွေ့ရလိုက်ရသည်။ ဒီတစ်ယောက်ကိုတော့ အပီအပြင် ကြောက်လန့်သွားအောင် ခြောက်ရပေမည်။ ကုတင်နားကို တဖြည်းဖြည်းချဉ်းကပ်သွားရင်း အိပ်နေတဲ့သူမျက်နှာကို တွေ့လိုက်ချိန်မှာတော့ သရဲမဖြစ်သောသူမပင် လိပ်ပြာလွင့်မတတ်လန့်သွားရသည်။ ရွှေညိုရောင်ဆံပင်ခွေခွေ လိမ်လိမ်များ ကြားမှာ မဲတူနေသောမျက်နှာနဲ့ လူသားတစ်ယောက်။ သေသေချာချာ စိုက်ကြည့်နေရင်း လူလား၊ သရဲလားတောင် ခွဲခြားမသိတော့။ မျက်လုံးနဲ့နုတ်ခမ်း တဝှိက်မှာသာ အကွင်းလိုက်မဲမဲတွေမရှိပဲ မျက်နှာတစ်ခုလုံး မဲနေသည်။ အံ့သြစရာပါလား။ အဲ့ဒီလိုမျက်နှာနဲ့လူမျိုးကို တစ်ခါမှမမြင်ဖူးပေ။ မျက်နှာဖုံးအမဲများ စွပ်ထားတာလားမသိ။ အရင်က မမြင်ဖူးခဲ့သော ဆံပင်ညိုညိုလိမ်လိမ်လေးများကို သဘောကျကာ ကိုင်ကြည့်ချင်စိတ်ဝင်လာခဲ့လို့ မျက်နှာမဲမဲနားကို ကပ်ပြီး အိပ်ပျော်နေတာသေချာလား ငုံ့ကြည့်လိုက်သည်။
ခါးကိုင်းကာ ထိုမျက်နှာမဲမဲကို သေချာငုံကြည့်နေစဉ်မှာပဲ ထိုလူရဲ့မှိတ်ထားသောမျက်လုံးများက ရုတ်တရက်ကြီး ဖြတ်ခနဲ ပွင့်လာခဲ့တာမို့ လန့်ဖြန့်ကာ ထွက်ပြေးလာခဲ့သည်။ ဘုရား ဘုရား သူမဟာ သရဲဖြစ်နေပေမယ့် ထိုမျက်နှာမဲကြီးကြောင့် ရင်တုန်ကြောက်လန့်ကာ အခန်းအပြင်ရောက်တာတောင် အပြေးမရပ်နိုင်ပဲ အနောက်ထဲအထိ တောက်လျှောက် ပြေးလာခဲ့မိသည်။
ဒီအချိန်မှာပဲ ရေချိုးခန်းထဲက ခြေလက်ဆေးပြီးထွက်လာတဲ့ မမသိန်းနဲ့မျက်နှာချင်းဆိုင်တည့်တည့်ကြီးတိုးပါတော့သည်။ ဘာမှန်းသေသေချာချာမတွေ့ရပဲ လူတစ်ယောက်လို့ထင်ရတဲ့ဖြူဖြူကြီးက သူမဆီတည့်တည့်ပြေးလာတာကို မမျှော်လင့်ပဲ တွေ့လိုက်ရတဲ့မမသိန်းမှာ အသံပင် မထွက်နိုင်ပဲ အကြောက်လွန်ကာ မေ့မျောသွားခဲ့ရသလို ထိုဖြူဖြူကြီးမှာလဲ အိမ်ထဲမှ ပျောက်ကွယ်သွားလေသည်။
အဖြူ အိပ်မောကျမလိုဖြစ်နေချိန်တွင် စိတ်ထဲ တမျိုးဖြစ်လာလို့ မျက်လုံးဖွင့်ကြည့်လိုက်ချိန်မှာ လူတစ်ယောက်လို့ ထင်ရသောဖြူဖြူကြီးတစ်ခု သူမဘေးနားကနေ ထွက်ပြေးသွားတာကို ဖြတ်ခနဲတွေ့လိုက်ရသည်။ အဖြူမှာ ယောင်ယမ်းပြီး လှမ်းဆွဲလိုက်ချိန်မှာတော့ သူရဲ့ဆံပင်လို့ထင်ရသောအရာကို ထိမိသွားပြီး လက်ထဲမှာ ဆံပင်ချည်တစ်မျှင်ဖြစ်ပုံရသော အရာတစ်ခုကျန်နေခဲ့လေသည်။ ထိုအရာကို လက်နှစ်ဖက်နဲ့ကိုင်ဆွဲကြည့်လိုက်တဲ့အခါ အရမ်းရှည်တာကို သတိထားမိသည်။ အဖြူတို့ အိမ်သားသုံးယောက်စလုံး ဘယ်သူမှ ဒီလောက်အထိ ဆံပင်မရှည်ကြပါ။ ဒါဆို ဒါသရဲရဲ့ ဆံပင်များလား။ အိပ်ချင်မူးတူး ဖြစ်နေတာကြောင့် အမြင်မှားတာလဲ ဖြစ်နိုင်ပါသည်။ မီးဖွင့်ရန် ကုတင်ပေါ်ကထချိန်မှာ ထိုဆံချည်မျှင်လေး ကျသွားမှာစိုးသောကြောင့် လက်ထဲမှာလုံးပြီး ဆုပ်ကိုင်လိုက်သည်။ ဆံပင်ကိုလုံးလိုက်တဲ့အချိန်မှာ တစ်ပင်ထဲတောင် အတော်ရှည်သောကြောင့် ဆံပင်ချည်ထွေးလေးလိုဖြစ်နေသေးသည်။
မီးဖွင့်ပြီး လက်ကိုဖြန့်ကြည့်လိုက်ချိန်မှာတော့ အခုလေးတင်သေသေချာချာဆုပ်ကိုင်ထားသောဆံပင်မှာ လက်ထဲတွင် မရှိတော့ပေ။ ကြမ်းပြင်ပေါ်ကို ပြန်ရှာကြည့်သော်လဲ လုံးဝမတွေ့ရတော့ပေ။ သေချာဆုပ်ကိုင်ထားပါရက်နဲ့ ဘယ်လိုဖြစ်တာလဲ နားမလည်နိုင်တော့။ ထိုအရိပ်လိုဖြူဖြူနဲ့တွေ့ခဲ့တယ်ဆိုတာ အဲ့ဒီဆံပင်လေးက သက်သေမလား။ ခုတော့ ဘယ်နားပျောက်ကျသွားပါလိမ့်။
မျက်နှာပေါ်ကပေါင်းတင်ထားတဲ့ဆေးမဲမဲတွေကို မှန်ရှေ့ထိုင်ခွာရင်း လုံးဝစဉ်းစားမရနိုင်ဖြစ်နေခဲ့သည်။ အဖြူတွေ့ခဲ့တာ တကယ်သရဲများလား။ ခုနတုန်းက စပ်စုချင်စိတ်များနေတာနဲ့ အခုမှပဲ ကြောက်ဖို့သတိရလာတော့သည်။ ဟိုကြည့်ဒီကြည့်နဲ့ မျက်နှာသစ်ဖို့ ရေချိုးခန်းရှိတဲ့အနောက်ကို လာခဲ့ချိန်မှာတော့ ရေချိုးခန်းရှေ့လဲကျနေတဲ့မမသိန်းကို တွေ့လိုက်ရသည်။ စိုးရိမ်တကြီးနဲ့ မမသိန်းကို ပြေးပွေ့လိုက်ရင်း။
“မမသိန်း မမသိန်း မမသိန်း မမသိန်း”
ပုခုံးကိုဆွဲလှုပ်ကာ လေးငါးခွန်းလောက်ခေါ်တဲ့အခါမှ မမသိန်းသတိပြန်ဝင်လာခဲ့သည်။ သတိရလာချိန်မှာတော့ မမသိန်းက အရမ်းထိတ်လန့်နေတဲ့ပုံနဲ့ အဖြူကို မေးသည်။
“အဖြူ အဖြူ ဟို ဖြူဖြူကြီးကို တွေ့လိုက်လား”
မမသိန်းလဲတွေ့လိုက်တာကိုး။ အခုအချိန် အဖြူပါတွေ့တယ်ပြောရင် မမသိန်း ပိုကြောက်သွားမှာစိုးလို့ မနက်ရောက်မှ ပြောဖို့ တွေးလိုက်သည်။
“ဘာ ဘာဖြူဖြူကြီးလဲ မတွေ့လိုက်ဘူး”
“ဘုရား ဘုရား ငါနဲ့တည့်တည့်ကြီးတိုးတာပဲအေ လူကိုလန့်ပြီးလိပ်ပြာလွင့်မတတ်ပဲ သရဲဆိုတာသေချာပါတယ် ကြောက်လိုက်တာ တစ်ညလုံးဘယ်လိုအိပ်ရပါ့မလဲ”
“လိပ်ပြာမလွင့်ပါဘူး မေ့သွားတာပါ ဟိဟိ”
“အဖြူနော် ဒါရယ်စရာမဟုတ်ဘူး ငါညီးအခန်းမှာလာအိပ်မယ် တစ်ယောက်ထဲတော့ဘယ်လိုမှမအိပ်ရဲတော့ဘူး”
“ကောင်းပါပြီ လာအိပ်ပါရှင် ကဲ ထတော့ အကျီင်္တွေလဲလိုက်ဦး ပေကုန်ပြီထင်တယ်”
မမသိန်းကို ဆွဲကူထူပေးလိုက်ရင်း ဖြူဖြူကြီးကို သတိရကာ ကျောထဲစိမ့်သွားရသည်။ အဲ့ဒါကြီးက တကယ်သရဲလားဆိုတာ သိချင်စိတ်လဲ တားမရပေ။ နောက်တစ်ခါထပ်တွေ့လာခဲ့ရင် ဘယ်လိုလုပ်ရပါ့မလဲမသိတော့။
အကြောက်လွန်ပြီး မေ့မျောသွားသောမမသိန်းက တခေါခေါနဲ့အိပ်ပျော်သွားခဲ့ပေမယ့် အဖြူကတော့ အတွေးတွေလွန်ပြီး အိပ်မရနိုင်တော့ပေ။ အမေကတော့ အဖြူတို့အဖြစ်အပျက်ကိုဘာမှမသိပဲ ဟိုဘက်အခန်းမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။ အခုလိုအဖြစ်မျိုးကို ပထမဦးဆုံးကြုံတွေ့ရတာဆိုတော့ ရင်ထဲထိတ်လန့်ကာ တမျိုးကြီး ဖြစ်နေသည်။ ထိုဖြူဖြူကြီးက ဘာလဲဆိုတာတော့ အတိအကျ သိချင်ပါသေးသည်။ ဒါပေမယ့် အဲ့ဒါကြီးကို ထပ်လဲတွေ့ချင်၊ တွေ့ရမှာလဲကြောက်နဲ့။ တကယ်သရဲဖြစ်နေရင်ကော ဘာလိုလုပ်ရမလဲ။ ဒီညအခန်းထဲကို ထပ်လာမလားလို့ အသဲတအေးအေးနဲ့ စောင့်ကြည့်နေပေမယ့် ထူးထူးခြားခြား ဘာမှထပ်မတွေ့ရပေ။ သရဲစောင့်နေသော အဖြူတစ်ယောက် မိုးလင်းခါနီးမှ အိပ်ပျော်သွားခဲ့သည်။
================================================================
“ဟုတ်တယ်ဆိုမမရဲ့ သိန်းသိန်းသေချာကြီးကိုတွေ့လိုက်တယ် ဖြူဖြူရှည်ရှည်ကြီးနဲ့လူတစ်ယောက်လိုပဲ အမြန်ပြေးနေလို့ မျက်နှာကိုတော့ သေချာမတွေ့လိုက်ရဘူး ဆံပင်လဲအရှည်ကြီးထင်တယ်”
“နင်ဟာ အဖြူနဲ့အတူတူပဲ ဇာတ်ကားတွေကြည့်ပြီး စိတ်ကူးယဉ်တာတွေလျော့ သိန်းသိန်း နှစ်ယောက်စလုံး အသက်သာကြီးလာတာ နည်းနည်းမှမရင့်ကျက်ကြဘူး”
မမသိန်းဈေးကဝယ်လာတဲ့ မုန့်ဟင်းခါးစားရင်း အမေနဲ့မမသိန်းပြောတာကိုနားထောင်နေတဲ့အဖြူဟာ အမေ့စကားကြောင့် ညက သူမလဲ တွေ့လိုက်ကြောင်းပြောဖို့တောင် တွန့်သွားရသည်။
“အမေကလဲ မမသိန်းတကယ်တွေ့လိုက်တာလဲဖြစ်ချင်ဖြစ်မှာပေါ့လို့”
“အမြင်မှားတာပဲနေမှာပါအေ တကယ်သရဲသာဆိုရင် တညလုံးခြောက်နေမှာပေါ့”
အဲ့ဒါတော့ ဟုတ်သား။ အဖြူညက တစ်ညလုံးမအိပ်ပဲစောင့်နေခဲ့တာ။ အဲ့ဒီဖြူဖြူကြီးက ပေါ်ကိုမလာတော့ပေ။
“အဟိ သမီးညက မအိပ်ပဲစောင့်ကြည့်နေတာ သရဲများထပ်လာမလားလို့ ဘာမှလဲမတွေ့ရပါဘူး”
“တကယ်လား အဖြူ”
“တကယ်ပေါ့လို့ မမသိန်းကြီးက အကြောက်လွန်ပြီးမေ့လဲလို့သာ တော်သေးတယ် အိပ်လိုက်တာမှ တခေါခေါနဲ့”
“ဟိဟိ အဖြူနဲ့နှစ်ယောက်ဆိုတော့ မကြောက်တော့ဘူးလေ”
“အခုမှ ပြန်အိပ်ချင်လာပြီ ဝါး သွားအိပ်လိုက်ဦးမယ်”
အဖြူ အာသန်းရင်း မီးဖိုခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ အမေပြောတာလဲ ဟုတ်သလိုပင်။ သရဲသာတကယ်ရှိရင် ထပ်လာခြောက်မှာအသေချာပင်။ ဘာပဲဖြစ်ဖြစ် အခုတော့ အိပ်ရေးပျက်ထားတာ အေးဆေးအိပ်လိုက်ပါဦးမယ်။ ဒီညလဲ သရဲထပ်လာမလား စောင့်ကြည့်ရဦးမည်လေ။
ညရောက်တော့ မမသိန်းကထုံးစံအတိုင်း TV ကြည့်နေသည်။ အမေကတော့ ဘုရားရှိခိုးပြီး အိပ်ရာဝင်သွားသည်။ ည ၁၀ နာရီကျော်နေပြီ။ မနက်တုန်းက အိပ်ထားတာကြောင့်အိပ်လို့မရ။ ဦးထင်ကလဲ လိုင်းပေါ်မရှိ။ ဟိုနှစ်ကောင်ကလဲ အဖြူကို အဖက်မလုပ်ကြ။ သူတို့ဘဲတွေ့နဲ့သာ V Call ပြောနေကြတာဖြစ်မည်။ အဖြူတစ်ယောက်ထဲ အင်တာနက်သုံးနေရင်း ပျင်းလာသည်။ အခုချိန်ထိ အိပ်လို့လဲ မရမယ့်အတူတူ မမသိန်းနဲ့ ကိုးရီးယားကားကြည့်ဖို့ အခန်းထဲကနေ ထွက်လာခဲ့စဉ်တွင် အဖြူတစ်ယောက် လန့်ပြီးမအော်မိအောင် ပါးစပ်ကို လက်နဲ့အချိန်မီ ပိတ်လိုက်နိုင်သည်။ သရဲအလွန်ကြောက်သော မမသိန်းရဲ့ဘေးမှာ ကျကျနနထိုင်ပြီး၊ မမသိန်းနဲ့အတူ TV ကြည့်နေသူမှာ လူလား၊ သရဲလား အဖြူ သေချာမသိပါ။ သရဲသာဆိုရင် အဖြူက ဘာလို့သေသေချာချာကြီး တွေ့နေရတာလဲ။ မျက်လုံးကိုပွတ်ပြီး ပြန်ကြည့်လိုက်တော့လဲ မီးချောင်းအလင်းရောင်အောက်မှာ အဲ့ဒီလူကို အသေချာကြီးကို တွေ့နေရသေးတာပင်။ ဒါဆို အမြင်မှားတာလဲ မဖြစ်နိုင်တော့ပေ။ မနေ့ကတောင် ဖြတ်ခနဲ ဖြူဖြူရှည်ရှည်ပုံမျိုးသာတွေ့ရပြီး အခုတော့ ဘာကြောင့် အကောင်လိုက်ကြီး တွေ့နေရသနည်း။ မနေ့ကဟာနဲ့ ဒီကောင်နဲ့မတူလို့ များလား။
မမသိန်းနဲ့သူကတော့ အဖြူကို စိတ်မဝင်စားပါ။ ကိုးရီးယားဇာတ်လမ်းထဲမှာသာ နစ်မြောနေကြသည်။ TV ထဲမှာ မင်းသားနဲ့မင်းသမီးအကြင်နာပေးနေကြတာကိုကြည့်ပြီး မမသိန်းက မျက်တောင်မခတ်သလို သရဲမလို့ထင်ရတဲ့ ဆံပင်အရှည်ကြီးကို ဖားလျားချထားတဲ့သူကလဲ မျက်နှာကိုလက်နဲ့အုပ်ကာ မကြည့်ရဲ ကြည့်ရဲနဲ့ TV ကိုခိုးခိုးကြည့်ရင်း ရှက်နေပုံရသည်။ အဖြူ မနေ့ကတွေ့ခဲ့တာသူပဲဖြစ်မည်ထင်။ ဆံပင်ကြီးကတော့ တော်တော်ကိုရှည်ကာ ထိုင်နေတဲ့ ခုံပေါ်ကိုပင် ပုံကျနေသေးသည်။ အကျီင်္အဝတ်အစားကြည့်ရသည်မှာလဲ ဇာတ်ကားတွေထဲကလို ညအိပ်ဂါဝန်လို ပုံစံမျိုးမဟုတ်ပဲ ချည်သားအဖြူလက်ရှည်ပွပွ၊ ကိုယ်ပွပွရင်ဖုံးအကျၤီနဲ့လုံချည်ကိုသာ ဝတ်ထားလေသည်။ ဒီခေတ်ရင်ဖုံးတွေလို ကိုယ်နဲ့အတိကျကပ်မနေပဲ ရှေးခေတ်ပုံတွေထဲမှာ တွေ့ဖူးတဲ့ပုံစံမျိုး ဖြစ်သည်။
ဒါ သရဲမဆိုတာ သေချာပါသည်။ ဒါဆို အဖြူက ဘာလို့ ဒီသရဲမကို လူတစ်ယောက်ကို မြင်နေရသကဲ့သို့ ကွက်ကွက်ကွင်းကွင်းကြီး တွေ့မြင်နေရသလဲ။ အဖြူ ကြောင်တောင်တောင်နဲ့လှမ်းကြည့်ရင်း ရပ်နေမိသည်။
“အဖြူဘာရပ်လုပ်နေတာလဲ TV ကြည့်မလို့မလား လာထိုင်လေ ဟော ကြော်ငြာတောင်လာနေပြီ သေးသွားပေါက်ထားမှပါ”
ပြောပြောဆိုဆိုနဲ့ထလာတဲ့မမသိန်းဟာ သူ့ဘေးနားထိုင်နေတဲ့သရဲမရဲ့ခြေထောက်ကို တက်နင်းမိတာကို ဘာမှ မခံစားရသလိုပင်။ တက်နင်းခံရတဲ့သရဲမကလဲ မမသိန်းသူ့ရှေ့ကဖြတ်လာလို့ TV ကို ခဏလေးကွယ်သွားမိတာကို လာနေတဲ့ကြော်ငြာကို အလွတ်မခံနိုင်တဲ့ပုံမျိုးနဲ့ ခေါင်းကိုစောင်းပြီးတောင် ကြည့်လိုက်သေးသည်။ ဘုရားရေ တကယ်ကို သရဲဆိုတာ သေချာသွားပါပြီ။ သရဲတစ်ကောင်နဲ့အတူတူ TV ထိုင်ကြည့်နေတာကို သိရင် မမသိန်းတစ်ယောက် ဘယ်နရက်လောက် မေ့သွားမလဲမသိပေ။
သရဲမက အဖြူကို စိတ်မဝင်စားပါ။ TV ကိုသာ တစ်ခါမှမမြင်ဖူးတဲ့အရာတစ်ခုလို အထူးအဆန်းသဘောကျကာ မျက်တောင်မခတ် ကြည့်နေလေသည်။ ကြော်ငြာထဲက မင်းသားမင်းသမီးတွေ ကနေတာကြည့်ရင်း သူမကပါ လိုက်ကချင်နေသလို ငြိမ်သက်နေရာမှ လှုပ်ရွလှုပ်ရွ ဖြစ်လာခဲ့သေးသည်။
အဖြူကြောက်စိတ်ကဝက်၊ စပ်စုချင်စိတ်ကတဝက်နဲ့ ဘာလုပ်ရမလဲ အမြန်စဉ်းစားမိသည်။ ဘာကြောင့်မို့ အဖြူက ဒီသရဲမကို တွေ့နေရတာလဲ။ အဲ့လိုတွေ တွေ့နေပါတယ်ဆိုတာကို ပြောပြရင်ဘယ်သူကယုံမလဲနော်။ ဘာပဲဖြစ်ဖြစ် အရဲစွန့်ပြီး သူမနဲ့စကားပြောရန် ဆုံးဖြတ်လိုက်သည်။ သူ့ကိုတောင်မြင်နေရတာ။ သူပြောတဲ့စကားကိုလဲ အဖြူ ကြားနိုင်လောက်ပါသည်။ လုံးဝမကြောက်တဲ့ပုံစံမျိုးနဲ့ မျက်နှာကို ခပ်ပင့်ပင့်ချီထားရင်း လှမ်းခေါ်လိုက်သည်။
“ဟေ့”
သူမကို ခေါ်တယ်လို့မထင်လို့ဖြစ်မည်။ အဖြူရဲ့ ဟေ့ ဆိုတဲ့အသံကို လုံးဝဂရုမစိုက်ပါ။ တစ်ချက်တောင်လှည့်မကြည့်ပေ။
“ဟေ့ ဒီမှာ”
နောက်တစ်ခါထပ်ခေါ်မှ ကြားသွားပုံရပြီး ဘယ်သူ့ကိုများ ခေါ်နေသလဲဆိုတဲ့အိုက်တင်မျိုးနဲ့ ဘေးဘီကို ဝေ့ကြည့်လိုက်ပြီး TV သာ ဆက်ကြည့်နေလေသည်။
“ဟေး နင့်ကိုခေါ်နေတာ မကြားဘူးလား”
အဖြူက အနားလဲမကပ်ရဲသောကြောင့် နဂိုရပ်နေတဲ့သူမနဲ့ခပ်လှမ်းလှမ်းနေရာကနေပဲ အသံခပ်အုပ်အုပ်နဲ့ လှမ်းခေါ်နေမိသည်။ အမေနဲ့မမသိန်းကြားသွားမှာလဲစိုးပါသည်။ အဲ့ဒီအခါမှ သရဲမက သူမကိုကြည့်နေတဲ့အဖြူကို ကြောင်တောင်တောင်နဲ့လှမ်းကြည့်ပြီး သူ့ကိုခေါ်တာလားဆိုတဲ့ သဘောမျိုးနဲ့ သူမ ရင်ဘတ်ကိုပုတ်ပြသည်။ အဖြူ သရဲမနဲ့ အပြန်အလှန်ကြည့်နေရင်း အသဲတွေ၊ ရင်တွေတုန်ရုံမက တကိုယ်လုံးပင် တုန်ချင်လာသော်လဲ မနည်း အားတင်းပြီး မကြောက်ချင်ယောင် ဆောင်ထားရသည်။ ညာဘက်လက်ကိုဆန့်ထုတ်လိုက်ပြီး လက်ညှိုးတစ်ချောင်းကို ကွေးကာ လာခဲ့ဆိုတဲ့သဘောမျိုးနဲ့ ခေါ်လိုက်သည်။ သရဲမကလဲ သူမကို အဖြူမြင်နေတာကို အံ့သြနေပုံရသည်။ အူကြောင်ကြောင်ပုံစံလေးနဲ့ထလာခဲ့သည်။ ဒါတောင် TV ကို သံယောဇဉ်မပြတ်ချင်တဲ့ပုံနဲ့ လှည့်ကြည့် လှည့်ကြည့် လုပ်နေသေးသည်။
အဖြူကအခန်းထဲကို ဦးဆောင်ဝင်ခဲ့ကာ ကုတင်ပေါ်ထိုင်လိုက်ရင်း နောက်ကနေလိုက်လာတဲ့သရဲမကို မှန်တင်ခုံရှေ့က ထိုင်ခုံမှာ ထိုင်ဆိုတဲ့သဘောမျိုးနဲ့ မေးဆတ်ပြလိုက်သည်။
သရဲမက ခုံမှာ ကုတ်ကုတ်ကလေးဝင်ထိုင်ကာ အဖြူဘာပြောမလဲ စောင့်နေသည်။ အဖြူလဲ သူ့ကိုကြောက်သလို သူကလဲ သူ့ကိုတွေ့နေတဲ့အဖြူကို ထူးဆန်းပြီး ပြန်လန့်နေပုံရသည်။ သူ့ရဲ့မရဲတရဲ ထိုင်နေတဲ့ပုံစံကြည့်ပြီး အဖြူလဲ နည်းနည်း ရဲတင်းသွားရသည်။
“အဟမ်း နာမည်က”
ဘာပြောရမယ်မှန်းမသိလို့ နာမည်ကနေ စမေးလိုက်သည်။ သူလဲ တချိန်ကလူပဲလေ။ နာမည်တော့ရှိမှာပေါ့။
“ခင် ခင်ခင်လေးပါ”
အမယ် နာမည်ကလဲ။ ဝေလရဲ့ခင်လေးစိမ်းတယ်သီချင်းက သူ့အတွက်ရေးထားတာဖြစ်ရမည်။
“အသက်က”
“၁၇ နှစ်ကျော်ပါပြီ ၁၈ နှစ်ထဲမှာပါ”
“ငါက နှစ်ဆယ်ပြည့်ပြီးပြီဆိုတော့ နင့်ထက်ကြီးတယ် မမလို့ခေါ် ကြားလား”
ဘာတွေပြောနေမိပါလိမ့်။ အဖြူလဲ ကိုယ့်ကိုပြန်ကြောက်နေတဲ့သရဲမပုံစံကြောင့် အရင်ကလောက်သိပ်မကြောက်တော့ပေ။
“ဟုတ်ကဲ့”
“ဒါနဲ့နင်က သရဲလား”
“ဟုတ်ကဲ့”
အဖြူကသာ ခပ်ချေချေအထက်စီးလေသံနဲ့ ပြောနေတာ။ သရဲမက ယဉ်ယဉ်ကျေးကျေး တဟုတ်ဟုတ်နဲ့။ လူ့ဘဝတုန်းက အတော်ကို ယဉ်ကျေးလိမ်မာခဲ့ပုံပေါ်သည်။
“ဒါဆိုငါတို့အိမ်ထဲမှာဘာလုပ်နေတာလဲ”
“ဒါ ဒါက မောင်ဝိုင်းတို့အိမ်ပါ”
“ဘယ်ကမောင်ဝိုင်းလဲ”
“ခင်လေးရဲ့သူငယ်ချင်းမောင်ဝိုင်းလေ”
မောင်ဝိုင်းဆိုတာကို အဖြူမသိပါ။ အခုမှရောက်တာ နှစ်ရက်ပဲရှိသေးတာကို ဒီမြို့ကလူတွေကို ဘယ်လိုသိပါ့မလဲ။ ပြီးတော့ အဖြူသိတာကတော့ ဒီအိမ်က ဦးထင်ရဲ့အိမ်။
“ထားပါတော့ နင့်ကို ဒီမှာဘာလုပ်နေတာလဲလို့မေးနေတာလေ”
အဖြူက လေသံမာမာနဲ့မေးတော့ ခင်လေးကခေါင်းငုံ့သွားပြီး။
“ဆရာလေးကို စောင့်နေတာပါ”
“ဘယ်ကဆရာလေးလဲ ဆွမ်းခံကြွ မလာလို့လား”
“အို မဟုတ်ပါဘူး ဆရာလေးဆိုတာ ကလေးတွေကို စာသင်ပေးတဲ့ဆရာလေးပါ”
သီလရှင်ဆရာလေးထင်လို့ရမ်းသမ်းပြောလိုက်ပြီးမှ ကိုယ့်ဘာသာရယ်ချင်သွားမိသည်။
“အဲ့ဒီဆရာလေးက ဘယ်သွားနေလို့လဲ”
“မြို့ကိုပြန်သွားတာ”
“ဘယ်တော့ပြန်လာမယ်ပြောသွားတာလဲ”
“သီတင်းကျွတ်ပြီးရင် မင်္ဂလာဆောင်ဖို့ပြန်လာမှာ”
“ဟမ် ဘယ်သူနဲ့လဲ နင်နဲ့လား”
“ဟုတ်ကဲ့”
သရဲမနဲ့မင်္ဂလာဆောင်ဖို့ပြန်လာမယ်ဆိုတော့ သရဲထီးများလား။ အဖြူနားမလည်နိုင်စွာ ထပ်မေးလိုက်သည်။
“သီတင်းက နောက်လဆိုကျွတ်တော့မှာလေ နင့်ဘဲက ဘာလို့ဒီလောက်ကြာနေတာလဲ”
“ဘဲ ဘဲဆိုတာ ဘာလဲ မမ အကောင်ကိုပြောတာလား”
“ဘဲဆိုတာ နင့်ဆရာလေးကိုပြောတာ”
“အို ဆရာလေးကဘဲမဟုတ်ပါဘူး လူကြီးလူကောင်းပါတော်”
အမလေး။ သူ့ဆရာလေးကို တစက်မှအထိမခံ။ အတော်ချစ်ပုံရလေသည်။ အဖြူ စိတ်အချဉ်ပေါက်မိပေမယ့် ဒါဟာ ကိုယ်နဲ့အင်မတန်တူတဲ့အချက်မို့ ရှိပါစေတော့လို့ တွေးလိုက်သည်။
“နင့်ဘာသာ သရဲတွေနေတဲ့နေရာမှာ သွားနေပါလား ဘာလို့ဒီမှာနေနေရသလဲ”
“ဟင့်အင်း သရဲတွေနေတဲ့နေရာကို ခင်လေးမသိဘူး ဆရာလေးနဲ့တွေ့ဖို့ဒီကနေစောင့်မှဖြစ်မှာ”
အဖြူ ခင်ခင်လေးဆိုတဲ့ သရဲမလေးကို သေချာကြည့်မိသည်။ အင်မတန်လှပတဲ့ရုပ်ရည်လေးပိုင်ဆိုင်ထားပြီးတော့ ဆံပင်အရှည်ကြီးများနဲ့အတော်ကိုယဉ်ပြီးလှလွန်းပါသည်။ ဒီလိုရုပ်ရည်လေးနဲ့ဘာကြောင့်များ သရဲဖြစ်နေပါလိမ့်။ ဝတ်စားထားပုံကို ကြည့်ရသည်မှာလဲ ဒီခေတ်သရဲတော့လုံးဝမဖြစ်နိုင်ပေ။ ဒါဆို ဘယ်ခုနှစ်လောက်က သရဲများဖြစ်မလဲ။
“ဒီကစောင့်လဲ ဘာလို့ ငါတို့တွေကိုလာခြောက်နေလဲ ကိုယ့်ဘာသာအေးဆေးနေပါလား”
အဖြူစကားကြောင့် ခင်လေး အားနာသွားမိကာ မျက်လွှာလေးချပြီး ပြန်ဖြေလိုက်သည်။
“ခင်လေး မခြောက်ရသေးပါဘူး မနေ့ညက မမကိုကြောက်ပြီးထွက်ပြေးသွားခဲ့လို့ မခြောက်လိုက်ရဘူး”
“အမ် ငါ့ကိုဘာလို့ကြောက်တာလဲ”
“မမစဉ်းစားကြည့်လေ မျက်နှာမဲမဲကြီးနဲ့မျက်လုံးကြီးရုတ်တရက်ပွင့်လာတာ ဘယ်သူကမကြောက်ပဲနေမလဲ”
အော် အော်။ သရဲမခမျာ အဖြူကို လန့်သွားရှာတယ်ပေါ့။ သရဲကပြန်ကြောက်ရတဲ့ ကိုယ့်ကိုကိုယ်ဂုဏ်ပဲယူရတော့မလို။
“ဟဲ့ အဲ့ဒါမျက်နှာပေါင်းတင်ထားတာ”
“အော် အဲ့ဒီလိုလုပ်ရင်ပိုလှလာသလား မမ”
“အေးပေါ့ မျက်နှာအသားလေး နုအိပြီးဖြူလာတယ်လေ”
ခင်လေးမှာ အဖြူကို အားကျတဲ့မျက်လုံးတွေနဲ့ကြည့်ရင်း။
“ဟုတ်မှာ မမကအရမ်းလှတာပဲ မမရဲ့ဆံပင်လေးတွေကိုလဲ ခင်လေးကြိုက်လိုက်တာ အရင်ကတစ်ခါမှမတွေ့ဖူးဘူး”
“ဆံပင်ကောက်ပြီး အရောင်ဆိုးထားတာလေ”
“ဟုတ်လား ခင်လေးလဲလုပ်ချင်လိုက်တာ အယ် ဒါပေမယ့် ဆရာလေးကြိုက်ပါ့မလားမသိ”
“စိတ်ပူမနေနဲ့ နင်တို့သရဲလောကမှာ Beauty Parlour ရှိမှလုပ်လို့ရမှာကို”
“အဲ့ဒါ ဘာကိုပြောတာလဲမမ”
“တော်ပြီ နင်ဟာ ဘယ်ခုနှစ်ကတည်းက သရဲဖြစ်နေလဲမသိပါဘူး ဒီခေတ်စကားတွေကိုတစ်ခုမှမသိနဲ့ ပြန်ပြန် ရှင်းပြနေရတယ် ဒါနဲ့ နင်က အသက်ငယ်ငယ်လေးနဲ့ ဘယ်လိုသေထားတာလဲ”
“ကြိုးဆွဲချပြီးသေထားတာ”
“ဘာ အမလေးလေး ကြက်သီးတောင်ထလာပြီ ဟုတ်ကောဟုတ်လို့လားဟယ် နင့်ပုံစံလေးက မထင်ရက်စရာ”
ခင်လေးက ဆံပင်ဖားလျားကြီးရှေ့သို့ကျအောင် ရုတ်တရက် ဇက်ကြီးလိမ်ကျိုးကျသွားသည်။ ပြီးတော့ ဆံပင်တွေကြား တွေ့မြင်နေရတဲ့မျက်နှာပုံစံကြီးကလဲ လျှာကြီးတစ်လစ်ထွက်ကာ မကြည့်ရဲစရာ မချိမဆန့်အသက်ထွက်နေတဲ့ပုံမျိုး ဖြစ်သွားလေသည်။ အဖြူမှာ မထင်မှတ်ပဲ ချက်ချင်းပြောင်းလဲသွားသော သူမရဲ့ထိတ်လန့်စရာ မျက်နှာကြီးကို ကြည့်ပြီး ကြောက်ဒူးတွေပါ တုန်လာခဲ့ရသည်။ ဘုရားရေ အဖြူသူနဲ့စကားပြောမိတာမှားသွားပြီလားမသိ။ အဖြူကို တခုခုလုပ်မှာကို အခုမှ သတိရကာ လန့်သွားမိသည်။ မျက်လုံးကို မှိတ်ချလိုက်ပြီး။
“ဟဲ့ နင် နင် ဘာဖြစ်လို့အဲ့ဒီလိုကြီးဖြစ်သွားရတာလဲ”
“မမ မယုံမှာစိုးလို့အသက်ထွက်တုန်းကပုံစံလုပ်ပြတာလေ”
“တော် တော် နောက်ခါဘယ်တော့မှထပ်မလုပ်ပြနဲ့ ကြောက်စရာကြီး ဟဲ့ နဂိုပုံစံပြန်ဖြစ်ပြီလား”
မျက်လုံးနှစ်ဖက်ကို အတင်းမှိတ်ထားရင်း မေးနေသောအဖြူကိုကြည့်ရင်း ခင်လေးက ရယ်နေသည်။
“ဟိဟိ မမကို မကြောက်တတ်ဘူးထင်နေတာ ကြောက်တတ်သားပဲ”
“ဘာလို့မကြောက်ရမှာလဲ နင့်ခုနကရုပ်ကြီးကို ဘယ်လောက်ထိကြောက်ဖို့ကောင်းလဲကိုယ့်ဘာသာမှန်ထဲပြန်ကြည့်ဦး နောက်ခါ အဲ့ဒီရုပ်ကြီးလာမလုပ်ပြနဲ့”
“ဒါနဲ့မမက ခင်လေးကိုဘာလို့တွေ့နေရတာလဲ”
“အေး ငါလဲအဲ့ဒါကိုမသိဘူး ဘာလို့တွေ့နေရလဲဆိုတာကို ငါလဲသိချင်နေတာ အော် နင် ငါ့ဘေးမှာတစ်ယောက်ယောက်ကို တွေ့မိေသေးလား”
“ဘယ်သူ့ကိုတွေ့ရမှာလဲဟင်”
“ကျွတ် နင့်လိုမျိုး တခြားသရဲတွေများ ငါ့နားရှိနေလားမေးတာ”
“ဟင့်အင်း မတွေ့ရပါဘူး ဘယ်သူမှမရှိဘူး ဘာဖြစ်လို့မေးတာလဲမမ”
“ငါ့အဖေများ ငါ့ဘေးနားရှိနေသလားလို့မေးကြည့်တာပါ”
“ဘယ်သူမှမရှိဘူး ဒီနားမှာ သရဲဆိုလို့ခင်လေးပဲရှိတာ”
“အေးနော် ငါ့အဖေက ကျွတ်သွားလောက်ပါပြီလေ ဒါနဲ့နင်ကဘာလို့သရဲအဖြစ်နဲ့နေနေတာလဲ ကုသိုလ်လုပ်ပေးမယ့်သူ မရှိလို့လား ငါလုပ်ပေးမယ်လေ”
“တော်ပါပြီ ခင်လေးက ဆရာလေးကိုစောင့်နေတာ”
“နင့်ဆရာလေးက နင့်လိုသရဲလား လူလား”
“လူပေါ့ ခင်လေးလဲအရင်ကလူပဲဟာ”
“ဒါနဲ့ နင့်ကိုယ်နင် သရဲလို့တော့သိသေးတယ်နော်”
“သိတာပေါ့ လူတွေက ခင်လေးကိုသရဲလို့ပြောကြတယ်လေ”
“အမ် နင်ကအဲ့ဒါကိုဘယ်လိုသိတာလဲ”
“အရင်က သီတင်းကျွတ်ခါနီးတိုင်း အိမ်ရှေ့ကဖြတ်သွားတဲ့လူတွေကို ထွက်မေးတယ် ဆရာလေးပြန်ရောက်ပြီလားလို့”
“အမလေးလေး အဲ့ဒီလူတွေ ဘယ်လောက်များကြောက်သွားမလဲဟယ်”
“ကြောက်သွားတယ်ထင်တယ် သရဲမခင်လေးဆိုပြီး ထွက်ပြေးသွားကြတယ်”
“အေးပေါ့ နင်ကလဲ ငါဆိုရင်လဲကြောက်မှာပဲ”
“ခင်လေးသူတို့ကိုမခြောက်ပါဘူး အဲ့ဒါလေးပဲမေးတာပါ”
“အခုဒီမျက်နှာနဲ့လား ခုနကလိုမျက်နှာနဲ့လား”
“အဟိ ဒီမျက်နှာနဲ့ပါမမရဲ့ လမ်းပေါ်မထွက်တာတောင်အတော်ကြာလှပါပြီ ဆရာလေးဘယ်တော့များပြန်လာမလဲနော် ခင်လေးဆရာလေးကိုလွမ်းလှပါပြီ”
လွမ်းလွမ်းဆွေးဆွေးလေး တမ်းတပြောဆိုနေသောခင်လေးမျက်နှာကိုကြည့်ပြီး အဖြူသနားသွားမိသည်။ သူ့ကို ကိုယ်ချင်းစာမိပါသည်။ အဖြူလဲ ဦးထင်ကိုလွမ်းတာပဲလေ။
“အလွမ်းသီချင်းနားထောင်မလား သီချင်းဖွင့်ပေးမယ်”
အဖြူက အားသွင်းထားတဲ့ဖုန်းကိုဖြုတ်ယူလိုက်ပြီး ခင်လေးကိုဖွင့်ပြဖို့သီချင်းရွေးနေသည်။
ခင်လေးမှာ အဖြူလုပ်သမျှကို ဘာတစ်ခုမှမသိပဲ အံ့သြတကြီး လိုက်ကြည့်နေရတော့သည်။ မမလက်ထဲကကိုင်ထားတဲ့ ပြားပြားသေးသေးလေးဟာ ဘာများလဲ။ ရုတ်တရက်ကြီး အဖြူဘေးနားကို ကပ်ပြီးလာရပ်ကြည့်တဲ့ ခင်လေးကြောင့် အဖြူမှာ ရင်ထဲထိတ်ခနဲ လန့်သွားမိသည်။
“နင်ကလဲ လန့်တာ ဘာလို့အနားကပ်ခဲ့တာလဲ”
“အဲ့ဒါဘာလေးလဲဟင်”
“ဖုန်းလေ အေးလေ နင်ဘယ်သိမလဲ နင်တို့ခေတ်တုန်းကဒါတွေမှမရှိတာ”
“ဘာလုပ်တဲ့ဟာလဲ”
“အစုံလုပ်လို့ရတယ် စကားလဲပြောလို့ရတယ် သီချင်းလဲနားထောင်လို့ရတယ် အင်တာနက်လဲသုံးလို့ရတယ်”
မမပြောတာတွေ တစ်ခုမှမသိသော်လည်း ဖုန်းဆိုတာကြီးက တော်တော်တော့အသုံးဝင်ပုံရသည်။ ဒီအိမ်ထဲကို ဝင်လာကတည်းက အရာရာတိုင်းဟာ ခင်လေးအတွက်အထူးအဆန်းတွေချည်းပေ။ မမသိန်းနဲ့အတူဇာတ်ကားကြည့်တဲ့ အပြားကြီးကိုလဲ ခင်လေးအရင်က မတွေ့ဖူးပေ။ အခုမမလက်ထဲက ဖုန်းဆိုတဲ့ပြားပြားသေးသေးလေးကိုလဲ မတွေ့ဖူးပေ။ လူ့လောကကြီးဟာ အများကြီးပြောင်းလဲနေပြီလား။ သေဆုံးပြီးကတည်းက ဒီအိမ်လေးထဲမှာနေပြီး ဆရာလေးကို စောင့်နေခဲ့တဲ့ ခင်လေးဟာ အပြင်လောကအကြောင်း ဘာဆိုဘာမှမသိတော့ပါ။
“အဖြူရေ မမသိန်းလာအိပ်မယ်နော်”
အခန်းအပြင်ကနေလှမ်းပြောနေသော မမသိန်းကိုအဖြူက ပြန်ဖြေလိုက်သည်။
“ဟာ မမသိန်းကလဲ ကိုယ့်အခန်းကိုယ်အိပ်တော့လေ”
“မရဘူး သရဲကြောက်တယ် ခေါင်းအုံးနဲ့စောင်သွားယူလိုက်ဦးမယ်”
“ကြားလား မမသိန်း လာအိပ်မှာတဲ့ နင်လဲကိုယ့်နေရာကိုယ်သွားတော့ မနက်ဖြန်ညမှပြန်လာခဲ့ အဲ့ဒီအခါမှ သီချင်းလဲ ဖွင့်ပေးမယ် သိချင်တာတွေလဲပြောပြမယ်နော် ငါ့အမေဟိုဘက်အခန်းမှာအိပ်နေတာ သွားခြောက်မယ်တော့ မကြံစည်နဲ့ နင့်ကိုမနေနိုင်အောင်လုပ်ပစ်မှာ ခြိမ်းခြောက်နေတာမဟုတ်ဘူးနော် တကယ်လုပ်မှာဗျ”
အဖြူက ခပ်တည်တည်နဲ့ခင်လေးကို ကြည့်ပြီး ပြောလိုက်သည်။
“ဟုတ်ကဲ့ ခင်လေး မခြောက်ပါဘူးမမ မနက်ဖြန်လာခဲ့မယ်နော် သွားတော့မယ့်ရှင့်”
အယ်လယ့် ဆိုပြီးစိတ်ထဲက ရေရွတ်လိုက်မိသည်။ အဖြူစကားကိုနားထောင်မယ့် အငယ်လေးတစ်ယောက် ရောက်လာပါလား။ အဖြူဘဝမှာ ပထမဦးဆုံးတွေ့ဖူးတဲ့ ဒီသရဲမခင်လေးဟာ ဇာတ်ကားတွေထဲကသရဲတွေလို ရုပ်ဆိုးပန်းဆိုးလဲမဟုတ်၊ ဆိုးရွားသောင်းကျန်းနေတာလဲ မဟုတ်တဲ့အပြင် အဖြူစကားကို တဟုတ်ဟုတ်နဲ့ နားထောင်ဖော်ရသေးသည်။ မိသားစုသုံးဦးထဲတွင် အငယ်ဆုံးဖြစ်သော အဖြူမှာ ဘယ်တော့မှလူရာမဝင်ပဲ ကလေးတစ်ယောက်လိုသာ ဆက်ဆံခံရမြဲဖြစ်သည်။ ချစ်ရတဲ့ ဦးထင်ကဆို ပိုဆိုး။ အဖြူကို ဘာမှနားမလည်တဲ့ ကလေးဆိုးလေးလိုသာ သဘောထားလေသည်။ အခုမှ လူကြီးတစ်ယောက်လို ဆရာလုပ်ရတော့လဲ ကောင်းသား။ ဘာပဲဖြစ်ဖြစ် ခင်လေးကိုကြောက်ကြောက်နဲ့ ခင်မိသွားသည်။
================================================================
ခြေလက်မျက်နှာဆေးပြီး အခန်းထဲဝင်လာတဲ့အဖြူမှာ မှန်တင်ခုံရှေ့တွင်ထိုင်ကာ သူ့ကိုယ်သူမှန်ယိမ်းနေသော ခင်လေးကြောင့် လန့်သွားသည်။
“လန့်လိုက်တာဟယ် အစောကြီးရောက်နေတာပဲ အခုမှ ခုနှစ်နာရီပဲရှိသေးတာ”
“ဟိုဟာ အပြင်ကဟာ ကြည့်ချင်လို့”
“အပြင်ကဟာ ဘာကြီးကို ပြောနေတာတုန်း”
အဖြူကမျက်နှာကို တဘက်အသေးနဲ့သုတ်ရင်းမေးလိုက်သည်။ အပြင်ကဘာကိုပြောနေလဲ ရုတ်တရက်မို့သတိမရပေ။
“မမသိန်းကြည့်နေတဲ့ဟာလေ”
“အော် TV ကြည့်ချင်တာလား”
“ဟုတ် အဲ့ဒါကြည့်ပြီးမှ မမဆီကိုလာခဲ့လို့ရမလား”
“အမ် နင်မနေ့ညကတစ်ညပဲ ကြည့်ဖူးသေးတာ ဇာတ်ကားတွေကိုစွဲနေပြီလား”
“ဟုတ်တယ် ဘာတွေပြောနေလဲနားမလည်ပေမယ့် ဗမာစာတန်းထိုးလို့တော်သေးတယ်နော်”
“ဟဲ ဟဲ မင်းသားတွေကချောတယ်နော်”
အဖြူက ခင်လေးကို စလိုက်သည်။
“ဟုတ်တယ် မင်းသားတစ်ယောက်က ဆရာလေးနဲ့တူတယ်”
“အယ်လယ့် ကိုးရီးယားမင်းသားနဲ့တူတယ်ဆိုတော့ နင့်ရဲ့ဆရာလေးက တော်တော်ချောတယ်ပေါ့လေ”
“ဟင့်အင်း ချောတာမဟုတ်ဘူး ယောကျာ်းပီသပြီး ခန့်ငြားတာ အရပ်ကြီးကလဲအရှည်ကြီးပဲ”
“အမလေးလေး တော်ပါအေ သွားတော့ TV သာသွားကြည့်တော့ မမသိန်းဘေးနား ငြိမ်ငြိမ်ထိုင်ကြည့်နော် သူ့ကို မလန့်စေနဲ့ သူလန့်သွားရင်နင့်ကို ဇာတ်ကားမကြည့်ခိုင်းပဲနေမှာ”
“စိတ်ချပါမမရဲ့ ဇာတ်ကားကြည့်ပြီးမှပြန်လာမယ်နော်”
အဖြူကမျက်နှာကို Night Cream ပွတ်လိမ်းရင်း ဧည့်ခန်းထဲကို တချက်ထွက်ချောင်းကြည့်လိုက်သည်။ ခင်လေးနဲ့မမသိန်း နှစ်ယောက်သား TV ရှေ့ကနှစ်ယောက်တွဲထိုင်ခုံမှာ တဘက်စီထိုင်ပြီး တက်ညီလက်ညီဇာတ်ကားကြည့်နေတာကို တွေ့ရတော့ တိတ်တိတ်လေးရယ်ကာ အခန်းထဲပြန်ဝင်ခဲ့သည်။ အခန်းထဲရောက်မှ မမသိန်းအဖြစ်ကို တွေးမိရင်း အားရပါးရရယ်မိသည်။ တကယ်ပါပဲ။ သိများသိသွားရင် သရဲမတစ်ယောက်ကို သူ့ဘေးနားမှာထိုင်ပြီး TV ကြည့်ခွင့်ပြုထားတဲ့အဖြူကို ဘယ်လောက်များစိတ်ဆိုးလိုက်မလဲ မသိပေ။
ဒီအကြောင်းတွေကို ဦးထင်ကိုပြောပြရင်ယုံပါ့မလား။ အဖြူကတော့ မယုံလောက်ဘူးလို့ထင်သည်။ စိတ်ကူးတွေယဉ်ပြီး လျှောက်ပြောနေတယ်လို့တောင် အပြောခံရဦးမည်။ အင်းလေ အဲ့ဒီလိုအပြောခံရဖို့လဲအဖြူက သမိုင်းတွေရှိခဲ့တာကို။ တွေးချင်ရာတွေတွေးပြီး ထင်ချင်သလိုထင်ခဲ့တာကိုး။ အင်းလေ သမိုင်းမကောင်းတော့လဲ ပထဝီပြောင်းရုံပေါ့။
“မမ”
ကိုယ့်ဘာသာမျက်လုံးလေးမှိတ်ပြီး ပေါက်ကရတွေ လျှောက်တွေးနေချိန်မှာ ဘေးနားလာကပ်ခေါ်တဲ့ခင်လေးအသံကြောင့် တကယ်ကို လန့်သွားမိသည်။
“လန့်လိုက်တာ နင်ကလဲ ရုတ်တရက်ကြီးပေါ်ပေါ်လာတယ် နောက်ဆိုအသံလေးဘာလေးပေးဦး ဇာတ်ကားပြီးမှ လာမယ်ဆို အခုဘာလာလုပ်တာလဲ”
အဲ့လိုဟောက်လိုက်ပြန်တော့လဲ ခင်လေးမျက်နှာမှာဇီးရွက်လောက်ငယ်သွားသည်။
“ပြောလေ ဘာမေးမလို့လဲလို့”
“ဟိုလေ ဇာတ်ထုပ်တစ်ခုက ပြီးသွားပြီ နောက်တစ်ခုမလာခင် မမတစ်ယောက်ထဲပျင်းနေမှာစိုးလို့လာခဲ့တာ”
ခင်လေးတို့မှာ ဒီညနဲ့မှနှစ်ရက်ပဲ ကြည့်ရသေးတာကို TV ဇာတ်လမ်းတွဲတွေအကြောင်းကို တော်တော်ကြီးသိနေလေပြီ။ ရှေးခေတ်က သရဲမို့သာတော်သေးသည်။ ဒီခေတ်သရဲသာဆို မလွယ်ကြောပင်။
“ဇာတ်လမ်းထဲက မင်းသမီးကလေ မမလိုဆံပင်ခွေခွေလေးနဲ့ မမလိုလဲလှတယ်”
“အမယ် နင်ကပိုလှတာပါနော် ပြင်ဆင်လိုက်ရင် အဲ့ဒီမင်းသမီးတွေထက်တောင် နင်ကပိုလှဦးမယ်”
“တကယ်လားဟင် ခင်လေးလဲ မမတို့လိုလှချင်လိုက်တာ”
“လှချင်ရင် လူဖြစ်မှရမှာလေ အခုနင့်ပုံစံနဲ့ဘယ်လိုလုပ်အလှပြင်ပေးလို့ရမှာလဲ ပြီးတော့ နင့်ကိုပြောမလို့ ဘာလို့ ဒီဆံပင်အရှည်ကြီးကို ချထားရတာလဲ သရဲမမှန်းမသိမှာစိုးလို့လား စည်းထားလို့မရဘူးလား”
“ဒါဆို ထုံးထားလိုက်မယ်နော်”
ဆံပင်ကိုဆွဲစုကာ ဘယ်ကနေဘယ်လိုလုပ်လိုက်သလဲမသိရပဲ ခင်လေးရဲ့ခေါင်းပေါ်မှာ ဘီးဆံထုံးအကြီးကြီးပုံစံမျိုး ဖြစ်သွားသည်။ ဆံထုံးကြီးနဲ့မျက်နှာလေးမှာပြောင်ရှင်းပြီး ပိုလှလာတဲ့သရဲမချောချောလေးကိုကြည့်ပြီး အဖြူ ချီးကျူးလိုက်သည်။
“ကြည့်စမ်း နင်ကဒီလိုဆိုတော့လဲ ကျက်သရေရှိလိုက်တာ ငါသိပြီ နင့်အဝတ်အစားတွေနဲ့ အခုလိုပုံမြင်မှ နင်ဘုရင်ခေတ်ကများ လူဖြစ်ခဲ့တာလား”
“ခင်လေး မမွေးခင်ကတည်းက သီပေါမင်းပါတော်မူသွားပြီ”
“ဟုတ်လား တော်သေးတယ် ဒါမှမဟုတ်ရင် နင်ဒီလောက်လှနေတာနဲ့ ဆရာလေးနဲ့မတွေ့ခင် မိဖုရားတစ်ပါးအဖြစ် တော်ကောက်ခံရဦးမယ် အင်း ဒါဆို ၁၃၀၀ ပြည့်အရေးတော်ပုံ သိလား”
“ဟင့်အင်း မသိဘူး”
မြန်မာ့သမိုင်းသင်ခဲ့ရသမျှထဲက မှတ်မိသလောက်တွေစဉ်းစားရင်း ခင်လေးကို မေးလိုက်သည်။
“ဒါဆို ပါတော်မူပြီးအချိန်နဲ့ အရေးတော်ပုံမတိုင်ခင်အချိန်ကြား နင်လူဖြစ်ခဲ့တာဖြစ်မယ် နေဦး ငါ Facebook မှာ ရှာကြည့်ဦးမယ်”
“ဟုတ်တဲ့မမ ခင်လေးကတော့ ဇာတ်ထုပ်သွားကြည့်တော့မယ်နော်”
“အေးအေး ဇာတ်ထုပ်ကို သွားကြည့်တော်မူပါအမတော် သူပြောမှပဲဖက်ထုပ်တောင်စားချင်လာပြီ”
ခင်လေးက အဖြူစကားကြောင့် တဟိဟိရယ်ရင်း ထွက်သွားသည်။ အဖြူမှာသာ သူ့အကြောင်းကိုစိတ်ဝင်တစား စပ်စုရှာဖွေနေတာ။ သူကတော့ ဇာတ်ထုပ် အဲလေ ဇာတ်ကားတွေကိုသာ အာရုံရနေသည်။ အခန်းထဲမှာ အဖြူတစ်ယောက်ထဲ ဖုန်းတစ်လုံးနဲ့ စဉ်းစားလို့ရသမျှ ခုနှစ်တွေကို လိုက်ရှာကြည့်နေတော့သည်။
ခင်လေးက ၁၃၀၀ ပြည့်အရေးတော်ပုံမသိဘူးဆိုတော့ အရေးတော်ပုံဖြစ်ခဲ့တဲ့ ၁၉၃၈ မတိုင်ခင်ကတည်းက သေဆုံးခဲ့တာ ဖြစ်မည်။ ၁၉၃၈ ကို အခုနှစ်နဲ့ တွက်ကြည့်ရင် နှစ်ပေါင်း ၈၀ လောက်ရှိပြီ။ အဲ့ဒီနှစ်တွေမတိုင်ခင် အသက် ၁၈ နှစ်လောက်မှာဆုံးတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် ခင်လေးဟာ အနည်းဆုံး နှစ်ပေါင်း ၉၀ ဒါမှမဟုတ် ၁၀၀ နီးပါးလောက် သရဲဘဝနဲ့နေခဲ့တာ ဖြစ်နိုင်ပါသည်။ တစ်ယောက်ထဲ ဘယ်လိုများနေလဲမသိ။ သက်တော်ရှည်သရဲမအကြောင်းစဉ်းစားရင်း အဖြူက ကြားထဲကနေ ဝင်ပျင်းပေးနေမိသည်။ ဒီလောက်နှစ်တွေအကြာကြီး သရဲဘဝနဲ့တစ်ကောင်ထဲနေပြီး မပျင်းဘူးလားမသိ။ ကိုယ်ကသာ ဆရာမကြီးလုပ်ပြီး မမခေါ်ခိုင်းနေတာ။ ခင်လေးက အဖြူထက်အများကြီးကြီးတာပဲ။ ဒါပေမယ့်သရဲဘဝမို့ဖြစ်မည်ထင်။ မျက်နှာမှာအိုစာမနေပဲ ၁၈ နှစ်အရွယ်သာဖြစ်နေသည်။ ပြီးတော့ ခင်လေးဟာ အတော်ကို လှပါသည်။ ဒီသရဲမလှလှလေးနဲ့အဖြူဟာ ဘာအကြောင်းကိစ္စရှိလို့အခုလို တွေ့ဆုံဖို့ဖန်လာခဲ့တာလဲမသိပေ။
“မမ”
“အေး ပြီးသွားပြီလား”
ဒီတစ်ခါတော ခင်လေးရဲ့ခေါ်သံတိုးတိုးကို အဖြူမလန့်တော့ပါ။
“ဟုတ် မမသိန်းကပိတ်လိုက်ပြီ အဲ့ဒီဇာတ်ထုပ်ကြည့်တဲ့ဟာကြီးကို ဘယ်လိုခေါ်တာလဲမမ”
“တီ ဗွီ လို့ခေါ်တယ် အသံထွက်ကြည့်စမ်း”
“တီဗွီ”
အဖြူမှာ အခုတော့ ခင်လေးကို ကြောက်စိတ်မရှိတော့ပါ။ ဘာမှမသိ၊ နားမလည်တဲ့တပည့်တစ်ယောက်ရလို့ ပျော်တောင် ပျော်နေလိုက်သေးသည်။
“ထိုင်လေ ဒါကဟန်းဖုန်းလို့ခေါ်တယ် မနေ့ကထဲကနေ နင်သိချင်နေတာမလား ဒါရှိနေရင်အဝေးကြီးကလူတွေနဲ့ စကားပြောလို့ရတယ် အခုဆို ခုနကနင်ကြည့်ခဲ့တဲ့ TV လိုမျိုး ဒီဖုန်းထဲကနေ တစ်ယောက်နဲ့တစ်ယာက်ကြည့်ပြီး ပြောလို့လဲရတယ်”
“ဒီဟာလေးကသေးသေးလေး လူကအကြီးကြီးကို ဘယ်လိုတွေ့ရမှာလဲမမရဲ့”
“ကင်မရာပါတယ်လေ အော် ဖုန်းရဲ့ဒီအပေါ်နားမှာ မှန်ဘီလူးပါတယ်လေ တွေ့လား”
အဖြူလဲ သူသိအောင် ကိုယ်တတ်သလောက်အရိုးရှင်းဆုံးစကားလုံးများစဉ်းစားကာ ရှင်းပြလိုက်သည်။
“အော် မှန်တောင် ဘီလူးရှိသေးတာလား အရင်ကမသိခဲ့ဘူး”
“အမ် နေပါဦး နင် မှန်ဘီလူးတောင်မသိဘူးလား”
“မသိဘူးလေ”
“နင့်ခေတ်က မှန်ဘီလူးပေါ်နေလောက်ပါပြီ နင်မသိတာပဲဖြစ်မယ်”
“ဟုတ်မှာပါ ခေတ်ပေါ်ပစ္စည်းတွေကို ခင်လေးမသိဘူး ခင်လေးက အသက်ဆယ့်ခုနှစ်နှစ်ကျော်အထိ ရွာကနေဘယ်မှ မသွားဖူးဘူး”
“ဟမ် အဲ့ဒီအရွယ်မှာပဲ နင်ဆုံးသွားတာမဟုတ်ဘူးလား”
“ဟုတ်တယ်လေ ဒါပေမယ့် ဆရာလေးနဲ့ကြိုက်ပြီးတော့ မြို့ကို စိတ်ကူးနဲ့ ခဏခဏအလည်ရောက်တယ်”
အဖြူမှာ ခင်လေးရဲ့စကားကို ရုတ်တရက်နားမလည်လိုက်ပေ။
“အော် အေးအေး ကောင်းပါတယ် စိတ်ကူးနဲ့တောင်ရောက်ဖူးရှာတယ် ပြောနေတာတောင်ဘယ်ရောက်သွားပြီလဲမသိဘူး”
“မှန်ဘီလူးအထိရောက်သွားပြီမမ”
အဖြူက ခင်လေးကို မျက်စောင်းထိုးလိုက်ရင်း။
“ဒီမှာကြည့် ဒီကင်မရာပုံလေးကိုဖွင့်လိုက် ဒီလိုပေါ်လာရင်ရိုက်လို့ရပြီ Selfie ဆွဲလို့ရတယ် လာလာ ရိုက်ရအောင်”
အဖြူစကားကြောင့် ခင်လေးကအူကြောင်ကြောင်နဲ့ ဘယ်ကိုလာပြီး ဘာရိုက်ရမလဲ စဉ်းစားနေသည်။
“အော် Sorry နင်ရိုက်လို့ဘယ်ရမလဲ ကင်မရာထဲမပေါ်လောက်ဘူး”
“အင်းနော် ဟုတ်တယ် ခင်လေး အခုထိစဉ်းစားလို့မရဘူး မမ ခင်လေးကိုဘာလို့တွေ့နေရသလဲဆိုတာ”
“အေး ငါလဲအတူတူပဲ မစဉ်းစားတော့ပါဘူး သူ့ဘာသာတစ်နေ့တော့သိလာလိမ့်မယ် ဦးနှောက်ခြောက်တယ် စဉ်းစားမနေနဲ့ နင်စကားမပြောရတာ ကြာလှပြီမလား အခုတော့ ငါနဲ့အဖော်ရတာပျော်တယ်မလား”
“ဟုတ်ကဲ့ ပျော်တယ် တီဗွီကြည့်ရတာလဲပျော်တယ်”
“အေးပါအေ သိပါတယ် အဲ့ဒါကြည့်ရလို့ပိုပျော်တာမလား”
“အဟိဟိ အဲ့ဒီညက တကယ်တော့ ခြောက်ဖို့လာခဲ့တာ မမသိန်းတစ်ယောက်ထဲတွေ့တော့ ခြောက်မလို့ အနားကပ်သွားတာ အဲ့ဒီလေးထောင့်အပြားထဲက လူတွေကိုတွေ့တော့ အရမ်းအံ့သြသွားပြီး ခင်လေး ခြောက်ဖို့ မေ့သွားတယ်”
“ကောင်းတာ အဲ့ဒါနဲ့အတူတူထိုင်ကြည့်နေလိုက်တယ်ပေါ့ အခုတော့နင်ပါဇာတ်လမ်းတွေ စွဲနေပြီမလား”
ခင်လေးက အဖြူမေးတာကို ပြန်မဖြေပဲ တဟိဟိရယ်နေသည်။ ရယ်လိုက်တော့ပိုချစ်စရာကောင်းသွားသောခင်လေးရဲ့ အပြစ်ကင်းတဲ့မျက်နှာလေးကိုကြည့်ရင်း ဘာလို့များသူ့ဘာသာသေကြောင်းကြံစည်ခဲ့ရတာလဲနားမလည်နိုင်ပေ။
“အဖြူရေ မမသိန်းလာပြီ တံခါးဖွင့်ဦး”
အဖြူက ခင်လေးကို သွားတော့ဆိုတဲ့သဘောနဲ့အခန်းပြင်ကို မေးငေါ့ပြလိုက်ပြီး မမသိန်းကို တံခါးထဖွင့်ပေးလိုက်သည်။
“သရဲကအဖြူနဲ့အတူရှိနေတာနော်မမသိန်းမကြောက်ဘူးလား”
“ဟင်းဟင်းဟင်း တော်ပါအေ ညီးအကြောင်းငါသိပါတယ်”
တဟင်းဟင်းရယ်ပြနေတဲ့မမသိန်းကို သမီးလေးအခုတစ်ခါတော့မှားပါတယ်ကွယ်လို့ အဖြူစိတ်ထဲပြန်ပြောလိုက်မိသည်။
================================================================
ဒီနေ့ဆို ဒီအိမ်ကိုရောက်တာ ဆယ်ရက်ပြည့်ပြီ။ အဖြူနဲ့ခင်လေးလဲ အရမ်းကိုရင်းနှီးခဲ့သည်။ စရောက်ရောက်ချင်းတုန်း ကတော့ အဖြူတစ်ယောက်ထဲ ပျင်းနေမလားလို့စိုးရိမ်မိပေမယ့် တစ်ခါမှမတွေးခဲ့ဖူးတဲ့သရဲမသူငယ်ချင်းလေးရတော့ မပျင်းတဲ့အပြင် တော်တော်ကိုပျော်ရပါသည်။ အခုဆို မမသိန်းကို အဖြူအခန်းမှာ လာမအိပ်ခိုင်းတော့ပေ။ မမသိန်းလဲ ဒီအိမ်မှာ နည်းနည်းနေသားကျသွားတော့ အဖြူကို ပွစိပွစိပြောပေမယ့် လာမအိပ်တော့ပေ။ ပြီးတော့ သရဲလဲတကယ် မခြောက်ဘူးလေ။ သူလာအိပ်တဲ့အခန်းကမှ သရဲပျော်စံရာအခန်းမှန်းသိရင် ဒီအခန်းထဲကို ဝင်ကိုလာတော့မည်မထင်။
ညညဆို အဖြူဆီကို အလည်ရောက်လာတတ်တဲ့သရဲမလေးကို ဆရာလုပ်ရတာနဲ့မအားနိုင်ပေ။ လူ့ဘဝတုန်းက ဘယ်လောက်တာင် အ,ခဲ့ရှာမလဲမသိသောခင်လေးဟာ အဖြူတစ်ခါပြရင်ပြသလိုမှတ်မိကာ ဉာဏ်ကောင်းသူပါ။
“မမက ဒီမှာတသက်လုံးနေမှာလားဟင်”
“အမလေး မနေပါဘူး နောက်လထဲပြန်ဖြစ်မယ်ထင်တယ်”
အဖြူအဖြေစကားကြောင့် ခင်လေးငိုင်သွားရသည်။
“ဟုတ်လား မမပြန်သွားရင်ခင်လေးလွမ်းနေတော့မှာပေါ့”
“လာညာနေသေးတယ် ဆရာလေးကိုပဲ လွမ်းနေမှာပါ”
“မညာပါဘူးမမရယ် ခင်လေးမမကိုချစ်တယ် ဆရာလေးကိုလဲချစ်တယ်”
“အယ်လယ့် နှစ်ယောက်စလုံးကိုလဲချစ်တယ် နှစ်ယောက်စလုံးကလဲချစ်တယ် ဟဲဟဲ အဲ့ဒီလိုပေါ့နော်”
အဖြူက စိုင်းစိုင်းသီချင်းစာသားရွတ်ပြလိုက်သည်။
“ဟုတ်တယ်လေ မမလဲခင်လေးကိုချစ်တယ်မလား”
“ချစ်တော့ချစ်တယ် ဒါပေမယ့် ဘဝခြင်းမတူတော့ ဒီအတိုင်းစကားပြောလို့ပဲရတာလေ အတူတူနေလို့မှမရတာ အခုဆို ခင်လးကိုမမက အလှတွေပြင်ပေးချင်တယ် အပြင်အတူတူသွားချင်တယ် လျှောက်လည်ချင်တယ် မုန့်အတူတူ စားချင်တယ် အကျီင်္ဆင်တူတွေဝတ်ချင်တယ် စဉ်းစားကြည့်စမ်း အဲ့ဒီလိုသာဆို ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ အခုလိုမျိုးကျတော့”
အဖြူစကားကို စဉ်းစားသလိုပုံစံလေးနဲ့တွေဝေသွားတဲ့ခင်လေးမျက်နှာကို အကဲခတ်ရင်းဆက်ပြောလိုက်သည်။ ခင်လေးကို သရဲဘဝကနေ ကျွတ်လွတ်စေချင်မိသည်။ ဒါကြောင့် တတ်နိုင်သလောက်ဆွယ်ဖို့ စဉ်းစားထားသည်။
“အခုလိုမျိုးကျတော့ ဘာမှတူတူလုပ်လို့မရဘူးလေ အဲ့ဒီတော့”
“ခင်လေး ဆရာလေးကိုစောင့်ချင်သေးတယ်မမရယ်”
အဖြူမှာ ဘာဆက်ပြောရမယ်မှန်းမသိဖြစ်သွားသည်။
“ပြောတော့ မမကိုချစ်တယ်ဆို အခုတော့ သူ့ဆရာလေးကိုပဲချစ်တာကိုများ”
“မမကိုချစ်ပါတယ် ဒါပေမယ့် ဆရာလေးကိုပိုချစ်တယ်”
“အင် ကောင်းတာ သွား သွား မလာခဲ့နဲ့စိတ်ကောက်တယ်”
“စိတ်မကောက်ပါနဲ့မမရယ် ခင်လေးအမှန်အတိုင်းပြောတာပါ ဆရာလေးကိုခင်လေးအရမ်းချစ်ခဲ့ရတာ”
အဖြူက ခင်လေးကို မကျေမနပ်မျက်စောင်းတထိုးထိုးနဲ့ ကြည့်နေသည်။ ဟိုဆရာလေးဆိုတဲ့လူက သူ့ဆီအရိပ်တောင် ပေါ်မလာခဲ့ပဲနဲ့များဘာလို့ အဲ့ဒီလောက်ချစ်နေရလဲမသိပေ။ အင်းလေ အဖြူလဲဦးထင်ကိုချစ်တာပဲ။ စာနာပေးရမှာပေါ့။ စိတ်ကိုပြန်ဆွဲဆန့်လိုက်ရင်း။
“ပြီးရော မကောက်တော့ဘူး ဆရာလေးကိုချစ်တာလဲချစ်ပေါ့ နည်းနည်းပါးပါးဦးနှောက်လေးနဲ့စဉ်းစားဦး လူ့ဘဝက ဦးနှောက်က သရဲဘဝကိုပါလာခဲ့ဘူးထင်တယ်”
“အဟိ ပါလာပါတယ်မမရဲ့ ခင်လေးအားလုံးကိုသေသေချာချာကြီးမှတ်မိနေပါတယ်”
မမှတ်မိရင်ပိုကောင်းမည်ထင်ပါသည်။ အဲ့ဒီလိုမှတ်မိနေလို့ပဲ အစွဲအလန်းကြီးစွာ ဆရာလေးကိုစောင့်နေခဲ့ရတာမလား။ အဖြူရန်ကုန်မပြန်မချင်းလက်မလျော့စတမ်း ခင်လေးကို သရဲဘဝကကျွတ်အောင် ဆွဲဆောင်ဖို့ဆုံးဖြတ်လိုက်ပါတော့သည်။
================================================================
“အဖြူလေး ဦးထင်နောက် တပါတ်လောက်နေရင် ရန်ကုန်ပြန်ရောက်မယ် ရောက်ပြီးလေးငါးရက်နေရင် အဖြူတို့ကို လာခေါ်မယ်နော် ပစ္စည်းလိမ်သွားတဲ့လူတွေနေရာကို သိရပြီလို့ပြောတယ် သိပ်မကြာခင် ဖမ်းမိတော့မှာပါ အန်တီကို စိတ်မပူဖို့ပြောပေးဦးနော် အဖြူ အခုတလော ဦးထင်ကိုစိတ်မကောက်ဘူး အရမ်းလိမ်မာနေတယ်နော် Sorry ကွာ အလုပ်တွေလဲရှုပ်နေတာနဲ့ အဖြူကိုပစ်ထားမိသလိုဖြစ်နေတယ် အရမ်းသတိရတယ်ကလေးရယ်”
ဦးထင်ရဲ့အသံကို ခနခနဖွင့်နားထောင်ရင်းပီတီဖြာနေမိသည်။ အခုတလော ခင်လေးကို ဆရာလုပ်နေရလို့အဖြူမှာ ဦးထင်ကို စိတ်ကောက်ဖို့သတိတောင်မရပေ။ တစ်ယောက်ထဲပျင်းနေရင် ဦးထင်ကတော့ မအားတဲ့ကြားထဲက အဖြူကို ချော့ရပေဦးမည်။ ဒါပေမယ့် အခုတလော အဖြူလူကြီးဆန်လာပါပြီ။ အဖြူထက်ငယ်တဲ့ ခင်လေးကို ညတိုင်း ဆရာ လုပ်နေရသောကြောင့် ဖြစ်မည်ထင်။ မကြာခင်ဘွဲ့ယူပြီး အိမ်ထောင်ပြုတော့မှာကို ကလေးလဲမဟုတ်တော့ဘူးလေ။
အဖြူမှာ အခုအချိန်ကြွားစရာဆိုလို့ ခင်လေးတစ်ယောက်သာရှိလို့ သူ့ကို ဦးထင်အကြောင်းပြောပြလိုက်သည်။ ခင်လေးကတော့ စစချင်းမို့လို့လားတော့မသိ။ အဖြူသူငယ်ချင်း ဟိုနှစ်ကောင်လိုမဟုတ်ပဲ ဦးထင်အကြောင်းကို စိတ်ဝင်တစား နားထောင်ပေးရှာသည်။
“ဒါဆို မမက သီတင်းကျွတ်ရင် မင်္ဂလာဆောင်တော့မှာပေါ့”
“အင်း နည်းနည်းလိုပါသေးတယ် သီတင်းကျွတ်ပြီး နှစ်လလောက်နေမှ ဆောင်မှာပါ”
“မကြာခင်သီတင်းကျွတ်တော့မယ် ဆရာလေးလဲပြန်လာတော့မှာပဲ”
“ဟဲ့ နင် လမ်းပေါ်ထွက်ပြီး ဆရာလေးပြန်ရောက်ပြီလားဆိုပြီး သွားမေးမနေနဲ့ဦးနော်”
ခင်လေးကို သူ့ဆရာလေးဆိုတဲ့လူ ဘယ်တော့မှမလာတော့ဘူးဆိုတာကို အဖြူ ဘယ်လိုပြောပြရမယ်မှန်းမသိ။ ဒီလောက် နှစ်ပေါင်းများစွာကြာနေပြီကို သူ့ဆရာလေးဆိုတဲ့လူက ဘဝတပါးသို့ကူးပြောင်းကာ အရိုးတောင်ဆွေးနေလောက်ပြီ။ အဲ့ဒီလူကလဲ ဆုံးသွားရင်တောင် သူ့ကိုမျှော်လင့်စောင့်စားနေတဲ့ခင်လေးဆီကို ဝိညာဉ်ဘဝနဲ့ပဲဖြစ်ဖြစ်ခဏတော့ လာတွေ့ သင့်တယ်လို့ အဖြူထင်ပါသည်။ အင်းလေ ကိုယ့်ဘာသာထင်နေတာ။ ဟိုလူရဲ့သဘောထားကဘယ်လိုရှိခဲ့မှန်းမှမသိတာ။
“ခင်လေး ထွက်မမေးတော့တာ အရမ်းကိုကြာနေပါပြီမမရယ်”
အားလျော့တဲ့လေသံနဲ့ပြောနေတဲ့ခင်လေးကြောင့် အဖြူစိတ်မကောင်းဖြစ်သွားရပြန်သည်။
“အေးပါ ခင်လေးက လိမ်မာတယ်”
“အဲ့ဒီလူက မမကိုအရမ်းချစ်တယ်မလားဟင်”
“ချစ်တာပေါ့ မမလဲ ဦးထင်ကိုအရမ်းချစ်တာ”
“ဆရာလေးကလဲ ခင်လေးကိုအရမ်းချစ်တာ”
“အင်းပေါ့ ချစ်မှာပေါ့ ခင်လေးကဒီလောက်လှတာကို မချစ်ပဲနေပါ့မလား ဆရာလေးက အခုဆိုလူပြန်ဖြစ်နေမလားမသိဘူး ခင်လေးလူပြန်ဝင်စားရင် ဆရာလေးနဲ့တွေ့ချင်တွေ့မှာပေါ့”
ခင်လေးက ခေါင်းကိုဆက်တိုက်ခါယမ်းကာ။
“ဟင့်အင်း သေချာပေါက်တွေ့ပါမယ်လို့ဘယ်သူကပြောနိုင်မှာလဲ ခင်လေးဒီကနေပဲစောင့်မှာ”
အဖြူမှာ သက်ပြင်းကြိတ်ချလိုက်ရင်း။
“ခင်လေး မမလိုအကျီင်္တွေမဝတ်ချင်ဘူးလား အလှကောမပြင်ချင်ဘူးလား ဒီလိုဆံပင်တွေကောမကောက်ချင်ဘူးလား”
“မမလိုနေချင်ပေမယ့် ဆရာလေးလာလို့ခင်လေးကိုမတွေ့ရင် အရမ်းဝမ်းနည်းသွားလိမ့်မယ် မဖြစ်ပါဘူးမမရယ်”
ဘယ်လိုနည်းနဲ့ဆွဲဆောင်ဆောင် ခေါင်းမာလွန်းတဲ့ခင်လေးကို ကိုင်ပေါက်ပစ်ချင်စိတ်ပင်ပေါက်လာခဲ့သည်။ ဟိုလူက လုံးဝမပေါ်လာတော့မှာကို အဖြူ ရာနှုန်းပြည့် အာမခံနိုင်ပါသည်။ ဒါကို ခင်လေးနားလည်အောင် ပြောပြဖို့စကားလုံးတွေ ရှာရပေဦးမည်။ သူတို့အကြောင်းစုံကိုသိမှပဲ ခင်လေးကိုသရဲဘဝမှကျွတ်လွှတ်အောင် ဆွဲဆောင်နိုင်မယ့်နည်းလမ်း တွေ့မည်လို့ အဖြူ တွေးမိသွားသည်။
“အိုကေ အိုကေ ဒီတိုင်းဆက်နေချင်လဲနေ ခင်လေးရဲ့ဆရာလေးအကြောင်းမမကိုပြောပြပါလား မမလဲသိချင်တာပေါ့”
“ဟုတ်ကဲ့မမ ခင်လေးကပြောပြချင်နေတာ မမနားမထောင်ချင်မှာစိုးလို့”
အဖြူက ဦးထင်အကြောင်းတွေပြောပြတော့ ခင်လေးရဲ့သူမရဲ့ဆရာလေးအကြောင်းကို ပြောပြချင်ပုံရသည်။
“နားထောင်ချင်တာပေါ့ ခင်လေးဒီလောက်ချစ်ရတဲ့ဆရာလေးအကြောင်းကို အရမ်းကိုနားထောင်ချင်ပါတယ်ရှင်”
ခင်လေးမျက်နှာလေးဝင်းပသွားရရင်း အတိတ်ကိုလဲသတိရသွားဟန်တူသည်။ သူ့မျက်လုံးများက အဖြူမျက်နှာကို ကြည့်နေပေမယ့် အဖြူကို မြင်ပုံမရ။ သူမပိတ်လှောင်နေတဲ့အတိတ်ထဲသို့ ပြန်ရောက်သွားပုံပေါ်သည်။
“ခင်လေးရဲ့ဆရာလေးကလေ”
================================================================
N. Maria Seng
YOU ARE READING
2️⃣ ကျွန်မနဲ့သရဲမ [ The ghost and me ]
Romanceခေတ်မတူတဲ့ ဆယ်ကျော်သက် မိန်းကလေးနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ အဖြူရဲ့ဦးထင် နဲ့ ခင်လေးရဲ့ဆရာလေး တို့အကြောင်းကို ဖတ်ပေးကြပါဦးရှင်