Episode 7

5 1 0
                                    

"ကိုကိုကြီး.... "

နွေဦး အိမ်ကို ပြန်ရောက်ချိန် အော်ကာ ပြေးလာသော
သူ့ရဲ့ တစ်ဦးတည်းသော ညီမလေး နွေဦးမေ အား ပွေ့ချီကာ ပါးလေးကို နမ်းလိုက်သည်။

"အား.. မွှေးနေတာပဲကွာ... သနပ်ခါးတွေ ဘယ်သူလိမ်းပေးထားတာလဲ "

"မီးဘာသာ လိမ်းထားတာ "

အသက်၈ နှစ်အရွယ် နွေဦးမေလေး သည် လူကောင်သေးသေးလေး နှင့် ပုပုလုံးလုံးလေးဖြစ်ကာ နွေဦးအတွက် အသည်းကျော်လေးဖြစ်သည်။ မေမေက နွေဦးမွေးပြီး အတော်ကြာမှ ညီမလေးကို ကိုယ်ဝန်လွယ်ခဲ့ရတာကြောင့် အသက်ကွာသည်ဟုပြောရမည်။ အသက် ၁၂နှစ်တိတိကွာကာ အရမ်းချစ်ကြသော မောင်နှမနှစ်ယောက်အား ပြုံးကာကြည့်ရင်း ဒေါ်နီလာသစ်လွင် တစ်ယောက် မီးဖိုချောင်ဘက်မှ ထွက်လာသည်။

"သား... ဗိုက်ဆာပြီလား.. သားကြိုက်တဲ့ ကြက်ကချင်ချက်လေး မေမေချက်ထားတယ် "

နွေဦးတို့ မိသားစုသည် ငွေကြေးပြည့်စုံသော်လည်း မေမေက ဟင်းချက်ဝါသနာပါသူမို့ ကိုယ်တိုင်မကြာခဏချက်လေ့ရှိသည်။ အလုပ်များတဲ့အချိန်မှသာ အကူအနေနဲ့ခေါ်ထားတဲ့ ဒေါ်နှင်းမြ က တာဝန်ယူချက်ပြုတ်ရတာ ဖြစ်သည်။ နွေဦးတစ်ယောက် ညီမလေးအား ပွေ့ချီထားရာမှ အသာပြန်ချပေးလိုက်ပြီး

"ဟုတ်... သားရေချိုးလိုက်အုံးမယ်.. ဒါနဲ့ ဖေဖေရော "

"သားဖေဖေက ဆိုင်ခွဲထပ်ဖွင့်ဖို့ နေရာသွားကြည့်တယ် ခဏနေတော့ ပြန်လာမယ်ထင်တယ်... သားရေချိုးမှာဆို မြန်မြန်ချိုးနော် ...အအေးမိမယ်"

"ဟုတ်...သား ခဏနေပြန်ဆင်းလာပါ့မယ် "

နွေဦး မေမေ့အား ပြောပြီး အပေါ်ထပ်သူ့အခန်းဆီသို့သာ ပြန်တက်လာလိုက်သည်။ ဖေဖေ ဦးခန့်နွေ နဲ့ မေမေ ဒေါ်နီလာသစ်လွင် တို့ဟာ မျိုးရိုးစဉ်ဆက်လုပ်ကိုင်လာကြတဲ့ ရတနာဆိုင်လုပ်ငန်းကိုပဲ သူတို့လက်ထက်မှာ ဆိုင်ခွဲများစွာနဲ့ ပိုအောင်မြင်အောင် လုပ်ကိုင်နိုင်ခဲ့သည်။ မေမေတို့ ရှာသမျှက ငါ့သားနဲ့ သမီးလေးတို့အတွက်ပဲလေ မေမေ မကြာခဏပြောသော်လည်း နွေဦးကတော့ ရတနာဆိုင်လုပ်ငန်းအား စိတ်မဝင်စားပါ။ ငယ်ငယ်ကတည်းက ကားတွေကိုအရမ်း ခရေဇီဖြစ်တဲ့နွေဦးကတော့ car showroom များစွာပိုင်တဲ့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်အနေနဲ့သာ ရပ်တည်ချင်တာ သူ့ရဲ့ ရည်မှန်းချက်ဖြစ်သည်။ နွေဦးရဲ့ မိဘများကလည်း သားသမီးဝါသနာပါရာလမ်းကိုသာ လျှောက်လှမ်းစေချင်သူတွေမို့ မိဘတွေရဲ့ လုပ်ငန်းနဲ့ နွေဦးရဲ့ ရည်မှန်းချက်တစ်ထပ်တည်း မကျတာက ပြဿနာမရှိပါ။ နွေဦး ရေချိုးပြီး အောက်ထပ်ပြန်ဆင်းလာတော့ ဖေဖေပါ ပြန်ရောက်နေပြီဖြစ်ပြီး မိသားစု လက်ဆုံထမင်းအတူစားကြသည်။

Dear,Caesar ( Hiatus )Where stories live. Discover now