မနေ့ညက အိပ်မက်မက်တယ် ။
" ပင်ပန်းတယ် ။ နားချင်တယ် " ဆိုတဲ့ နင့်စကားနဲ့တင် အိပ်မက်ထဲကငါက ဆောက်တည်ရာမရ ပူပန် ပြေးလွှားနေတာများ ။ ငါလန့်နိုးလာတော့ ၂ နာရီ ထိုးဖို့ ၁၂ မိနစ်လိုသေးတယ် ။ ဘယ်တုန်းကမှ အိပ်မက်ထဲမှာ ပြတ်ပြတ်ထင်ထင် မတွေ့ဖူးတော့ ဒီအိပ်မက်က ငါ့ကို ခြောက်ခြားစေတယ် ။ မနည်းအိပ်ပျော်အောင်ပြန်အိပ်ပေမယ့် နိုးတဝက်အိပ်တဝက်နဲ့ပဲ မိုးလင်းသွားတယ် ။
သိပ်စိတ်မာတဲ့ငါက အိပ်မက်လေးတစ်ခုကြောင့် တစ်မနက်လုံး ဝမ်းနည်းပက်လက် ငိုချင်နေပါသတဲ့ ။ ဒါက နင့် စိတ်ခံစားမှုရဲ့ တစိတ်တပိုင်းငါ့ကိုသက်ရောက်တာလို့ မှတ်ယူလိုက်တယ် ။ နင့်ဆီမှာအဆင်မပြေတာ တစ်ခုခု ဖြစ်လာတိုင်း ငါခံစား သိရှိနေမယ်လို့ လက်တွေ့မကျတဲ့ တဇွတ်ထိုးဆန်ဆန် ယုံကြည်မှုမျိုးလည်း ငါ့မှာ ရှိနေတယ် ။ ဒီခံစားချက်ကို မခံစားမိတာ ကြာပြီ။ နင် အဆင်ပြေနေတိုင်း နင့်အငွေ့အသက်တွေ ငါ့ဆီ အလည်မလာတာ ကြာပြီ ။
ဘာလို့ ငါလဲ .။ ငါလို့ ငါ့မှလဲ ။ သတိမရလက်စနဲ့ ရှိစေတော့လို့ ထားလိုက်သင့်ပြီ မဟုတ်ဘူးလား ။
ငါ တကယ် အဆင်မပြေဘူး ။
ငါတကယ်လုံး၀ အဆင်မပြေဘူး ။
ပြေးသွားကြည့်လို့ မရဘဲ ထိုင်စိတ်ပူနေရတာ အဆင်မပြေဘူး ။
နင့်ကို စိတ်ပူပေးမယ့်သူ သက်သက် ရှိနေမလား မသိဘဲ ငါကပဲ ပူလောင်နေရတာ အဆင်မပြေဘူး။ဒီစာကိုလည်း မကျေနပ်တဲ့ စိတ်က တဝက် ငိုချင်နေတဲ့ စိတ်က တဝက်နဲ့ ငါရေးထားတယ် ။
ဒီလိုတွေပဲဖြစ်နေမယ်ဆို နင် ငါ့ဆီလာပါ။ ငါ့အပိုင်ဖြစ်ပေးပါ ။ ကတိကဝတ်တွေကို ကြောက်တတ်တဲ့ငါက နင်နဲ့ ပတ်သတ်ရင် မကြောက်တတ်အောင် ကြိုးစားပေးမှာမို့ ငါ့လူဖြစ်ပေးပါ။ ဒီလောက်ပဲ..။ ဒီလောက်ပါပဲ။09.11.2021
12.35 PM