ယခင်က အပေါင်းအသင်းများနှင့် ကလပ်တက်လိုက် ၊ ဈေးဝယ်ထွက်လိုက်လုပ်ခဲ့သည့် အချိန်များကို ပြန်သတိရမိတိုင်း စိတ်ကမပျော်ရွှင်တော့ ။ နေ့စဉ် လူအနည်းငယ်နှင့်သာ အမြဲတွေ့နေရသည်ကို စဉ်းစားမိတိုင်း ငိုချင်စိတ်ပင်ပေါက်လာတော့သည် ။ မွေ့ရာပေါ်မှာ ဟိုဘက် သည်ဘက်လှိမ့်နေရင်းနှင့် တစ်ခန်းလုံးနှံ့အောင် မျက်လုံးကစားလိုက်ရင်း သက်ပြင်းချမိသွား၏ ။ ရုပ်ဝတ္ထုပစ္စည်းများပြည့်စုံနေပါရက်နှင့် တစ်ခုခုလိုအပ်နေသလို အမြဲခံစားနေရသည် ။ အနားတွင်ရှိပေးနေသည့်လူများက သိပ်ကောင်းသည်ဆိုသော်လည်း သွေးရင်းသားရင်းများ မဟုတ်ပေ ။ ခိုလှုံစရာရင်ခွင်မဲ့နေသည့်ကလေးတစ်ယောက်လိုပင် ။ တွေ့ရသမျှအရာအားလုံးက စိတ်ဆင်းရဲစရာတွေချည်းသာ ။အခန်းထဲကနေထွက် ၊ အောက်ထပ်ဆင်းရန်လှေကားနားရောက်သည့်အချိန် ဘုရားဆွမ်းတော်ကပ်ရန်အပေါ်ထပ်သို့တက်လာသည့် ဒေါ်အေးခိုင်နှင့် မျက်နှာချင်းဆိုင်ဆုံမိ၏ ။ ဒေါ်အေးခိုင်က ဦးထွန်း၏ဇနီးဖြစ်သလို လင်းသန့်ထည်ဝါအပေါ်ဝယ် သားတစ်ယောက်ကဲ့သို့ ပြုစုဂရုစိုက်ပေးသည့် အမျိုးသမီးတစ်ယောက်လည်းဖြစ်ပြန်သည် ။
အိပ်ရေးမဝသလို မျက်နှာမျိုးဖြစ်နေသည့် လင်းသန့်ထည်ဝါကို
" သားထည်...ညက အိပ်မရဘူးလား ၊ မျက်ကွင်းတွေညိုနေတယ်နော် ၊ အေးအေး... ဘာလုပ်ပေးရမလဲ "
လင်းသန့်ထည်ဝါ မိမိမျက်နှာပေါ်ကျနေတဲ့ဆံပင်များကို နားနောက်ဘက်သို့ညှပ်လိုက်ပြီးမှ
" အိပ်မရဘူး အေးအေး ၊ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်မရဘူး ၊ အိမ်မယ်လုပ်လိုက်...လန့်နိုးလိုက်ပဲ ၊ ကျွန်တော်လဲ တော်တော် စိတ်ညစ်နေပြီ "
" အိပ်ဆေးရော မသောက်ဘူးလား "
လင်းသန့်ထည်ဝါ စိတ်ပျက်လက်ပျက် ခေါင်းခါပြလိုက်သည် ။ ထိုအိပ်ဆေးများကိုလည်း မသောက်ချင်တော့ ။ သောက်နေတုန်းပဲ အိပ်ပျော်တာလေ ။ နောက်ပြီးတော့လဲ ပြန်နိုးတာပဲ ။ ဘာမှထူးထူးခြားခြား ကောင်းသွားတာမှ မဟုတ်တာ ။
ဒေါ်အေးခိုင် လင်းသန့်ထည်ဝါ၏ ညိုးငယ်နေသောမျက်နှာထားကြောင့် စိတ်ထဲအလွန်သနားမိသည် ။ ဒီကလေးရဲ့ စိတ်အခြေအနေအားလုံးကို ဒေါ်အေးခိုင် အသိဆုံးပဲ ။ မွေးကတည်းက မိမိလက်ပေါ်ကြီးပြင်းလာသည့် လင်းသန့်ထည်ဝါကို သားအရင်းနှင့်မခြား တန်ဖိုးထားချစ်မြတ်နိုးရသည် ။ ထွေးပွေ့လိုက်ချင်သော်လည်း လက်ထဲတွင်ကိုင်ထားသည့် လင်ပန်းကြောင့် အခွင့်မသာချေ ။
YOU ARE READING
မုန်း /မုနျး (Complete)
Romanceမုန်းသည်... ထို့ထက်ပို၍ ချစ်မြတ်နိုးသည်... မုန်းသည်... ထို့ထက်ပို၍ ချစ်မြတ်နိုးသည်...