နေနိုင် မျက်လုံးကို မနည်းဖွင့်ပြီး သူ့အခန်းရှေ့တွင် ပြုံးတုံ့တုံ့မျက်နှာထားနှင့် ရပ်နေသည့် လင်းသန့်ထည်ဝါကို အားစိုက်၍ ကြည့်နေရသည် ။ နံနက်အစောလေးနာရီကျော်ကြီး အခန်းတံခါးလာခေါက်၍ ပြောလိုက်သည်က " ကားလျှောက်မောင်းရအောင် "ဆိုသည့် စကားပင် ။
နေနိုင့်လက်မောင်းကို ခပ်ဖွဖွထိုးလိုက်ရင်း ရယ်သံသဲ့သဲ့ဖြင့်
" ဘာကြောင်ကြည့်နေတာလဲ... ခင်ဗျားရဲ့ ၊ ကားလျှောက်မောင်းကြမယ်လို့ ၊ မျက်နှာမြန်မြန်သစ်လိုက် ၊ မြန်မြန်လုပ်ပါဆို...ဒီလူကြီးကတော့ "
" ဘယ်သွားမှာလဲ "
" ဘယ်နေရာဆိုတာထက် ခင်ဗျားနဲ့အတူတူ ကားလျှောက်စီးချင်တာ ၊ ဒီရက်ပိုင်း ရာသီဥတုသာယာနေတာဆိုတော့ မနက်နေထွက်တာကိုသွားကြည့်ကြရအောင် "
" ကားအောက်ပိုင်းလဲ မစစ်ရသေးဘူး "
မျက်နှာက သိပ်မကြည်ချင်တော့ ။ နှုတ်ခမ်းကလည်း စူထော်လာသည် ။
" ခင်ဗျားက သိပ်အတွေးများတာပဲ ၊ အဝေးကြီးသွားမှာလဲ မဟုတ်ဘူး ၊ တောင်ငူလောက်အထိပဲ သွားမှာကို ဘာတွေတွေးကြောက်နေလဲ မသိဘူး ၊ အလကား...အဘိုးကြီး "
စိတ်ဆိုးသွားချေပြီ ။ ဆောင့်အောင်ပြီး ထွက်သွားသည့် နောက်ကျောပြင်ငယ်လေး ။ ပခုံးကိုဖမ်းဆွဲလိုက်ပြီး မျက်နှာချင်းဆိုင်ဖြစ်သွားအောင် ဆွဲလှည့်လိုက်တော့ စူပုပ်ပုပ်မျက်နှာနှင့် စိုက်ကြည့်နေလေသည် ။ အရပ်ချင်းက မကွာသော်လည်း ခန္ဓာကိုယ် အချိုးအစားချင်းကွာသော ဖြူ ဖျော့ဖျော့ကောင်လေးကို ပြုံးကြည့်လိုက်ရင်းနှင့်
" အဘိုးကြီးတဲ့လား ၊ အသက်ဆယ်နှစ်ကျော်လေး ကွာတာကို အဘိုးကြီးလို့ခေါ်တယ်ပေါ့... ကိုလင်းသန့်ထည်ဝါ "
နှာခေါင်းကို ရှုံ့ ၊ မျက်စောင်းတစ်ချက်ပိတ်ထိုး ၊ နှုတ်ခမ်းကို တစ်တောင်လောက်ထော်ပြီးတော့မှ
" ဘာလဲ...ခင်ဗျားက စိတ်ဆိုးတာလား ၊ ဟုတ်တယ်လေ...တစ်ခုခုဆိုရင် တွေးနေတာ မပြီးတော့ဘူး ၊ နောက်ပြီးတော့ ဘယ်အချိန်ထိ ကိုလင်းသန့်ထည်ဝါလို့ ခေါ်နေမှာလဲ...ဟမ်..."
ESTÁS LEYENDO
မုန်း /မုနျး (Complete)
Romanceမုန်းသည်... ထို့ထက်ပို၍ ချစ်မြတ်နိုးသည်... မုန်းသည်... ထို့ထက်ပို၍ ချစ်မြတ်နိုးသည်...