သူမကို လူတွေက မေမေ့နေတတ်ကြတယ်။
အသံတိတ်ကာ နေတတ်သူမို့ အဲ့ဒီနေရာမှာ သူမ ရှိနေမှန်းကို သတိမထားမိကြတာ ဖြစ်နိုင်ပါတယ်။
ကြယ်မှုန်ရီဆိုတဲ့သူမက သူများသင်ပေးတဲ့အခါ မတတ်လွယ်ဘူး။ အဲ့ဒီလိုနဲ့ ညံ့တယ် ဖြစ်သွားခဲ့ရတယ်။ တကယ်က တစ်ယောက်ယောက်က တစ်ခုခုကို သင်ပေးတဲ့အခါ သင်ပေးတဲ့အတိုင်း တသွေမသိမ်း လိုက်လုပ်ရမယ်... ခြောက်ပစ်ကင်း သဲလဲစင်ရမယ်လို့ သူမ စိတ်ထဲမှာ စွဲနေတာမို့ အရာရာဟာ ခက်ခဲနေခဲ့တာပါ။
အဲ့ဒါကြောင့်ပဲ တတ်မြောက်ချင်တဲ့ ပညာရပ်တွေဆို ကိုယ်တိုင်ပဲ လေ့လာသင်ယူတယ်။ တစ်ယောက်ထဲဖြစ်အောင်လုပ်တယ်။ အဲ့ဒီလိုနည်းနဲ့ပဲ အရာရာ သူမတတ်မြောက်ခဲ့ရပါတယ်။ ကိုယ့်ဘာသာ လေ့လာရသူမို့ တတ်မြောက်ဖို့ကလည်း ကြာပါတယ်။ တတ်မြောက်သွားချိန်မှာလည်း တစ်ဖက်ကမ်းခတ်သွားတာမျိုး...
ဒါပေမယ့် သင်ယူနေဆဲအချိန်မှာတော့.... သူမကို ကြည့်မနေနဲ့ပေါ့။ သူမလုပ်သမျှကို မျက်ကွယ်ပြုထားစေချင်တယ်။ မသိချင်ယောင်ဆောင်ပေးထားစေချင်တယ်။ အဲ့ဒီလိုမှ သူမ လွတ်လပ်စွာ ရှေ့ဆက်နိုင်လိမ့်မယ်။
အဲ့ဒီလိုနဲ့ လူတွေအာရုံမစိုက်ခံချင်လို့ တိတ်တိတ်နေခဲ့ရင်းက လူတွေကြားထဲမှာ အသားမကျတော့ပဲ ဖြစ်တည်မှုဟာ သေးမွှားသထက် သေးမွှား သိမ်ငယ်လာခဲ့ပြီး ပျောက်ရှလုနီးပါးပါပဲ။ အဲ့ဒီလိုဆိုရင်တောင် သူမက အဆင်ပြေပါတယ်။
နောက်ပြီးတော့ သူမကို မေ့မေ့သွားပေမယ့် အမြဲ ပြန်လှည့်ကြည့်တတ်သော သူငယ်ချင်းတွေလည်း ရှိပါတယ်။
" ကြယ်မှုန်ရီ.... "
" ကြယ်ပျင်းရေ.... "
" မှုံမှုံ.... "
သူမ သူငယ်ချင်းတွေက မတော်ပါဘူး။ ဒါပေမယ့် ပျော်ရွှင်တတ်ကြတယ်။ အသံသိပ်မထွက်တဲ့သူမကိုလည်း အတူ ရယ်မောအောင် လုပ်နိုင်ကြတယ်။ သူမက သူတို့အနားမှာဆို လွပ်လပ် ပျော်ရွှင်ရပါတယ်။
" ကြယ်မှုန်ရီ.... နင် အရုဏ်လင်းကို ငေးနေတာလား.... "
" ဟင်.... မဟုတ်ပါဘူး..."