4

3.1K 181 9
                                    

သူက ဘယ်လောက်ပဲ မြင့်မြင့်ကို ပျံသွားပါစေ မြေပြင်မှာ ကျန်နေရစ်ခဲ့မယ့် ပန်းကလေးတစ်ပွင့်ဟာ သူမဖြစ်တယ်။

" မုန့်စားမလား... "

အဲ့ဒီဖော်ရွေမှုတွေကို သူမ အမြဲမှတ်သားထားပါ့မယ်။

" ဟင့်အင်... "

ခေါင်းကို ယမ်းရင်း ဖြေခဲ့မိတယ်။ သူက မကြားသလို ဟန်ဆောင်ကာ သူမလက်ထဲထိ ချိုချဉ်တွေ ထည့်ပေးခဲ့တယ်။ ရောင်စုံ အိတ်ခွံအစွန်းနှစ်ဖက်ကို လိမ်ထားတဲ့ ချိုချဉ်လုံးကလေးတွေ။

" ကျေးဇူးပါ... "

သူမက မစားပဲ ကျောပိုးအိတ်ထဲ ထည့်ကာ အိမ်ယူသွားဖို့ လုပ်ခဲ့တယ်။ သူမဝါသနာကတစ်မျိုး... စုဆောင်းရတာ ဝါသနာပါတယ်လို့ပြောရအောင်လည်း ပိုက်ဆံတော့မစုတတ်ဘူး။ ကလစ်လှလှလေးတွေ ဘောပင်ခဲတံ စာအုပ်လှလှလေးတွေ ဘောကျတာ တွေ့တဲ့အခါ ဝယ်ပြီး မသုံးပဲ သိမ်းထားတတ်တာမျိုး။ စာကြည့်စားပွဲပေါ်မှာ ပစ္စည်းသေးသေးကလေးတွေ ထည့်ထားတဲ့ ဘူးတစ်ဘူးရှိတယ်။ ကလစ်ကလေးတွေ... ပလတ်စတစ်ရုပ်သေးသေးလေးတွေ စုထည့်ထားတာ။ သဘောကျတဲ့စာအုပ်တွေဘောပင်တွေဆိုလည်း မသုံးပဲ သိမ်းထားတတ်တာ။ ပျင်းတဲ့အခါ သိမ်းထားတဲ့ပစ္စည်းတွေထုတ်ကြည့်ကာ သဘောတွေကျနေတတ်တာ။ အခုလို သဘောကျတဲ့လူက ပေးတဲ့သကြားလုံးကို သူမ ဘယ်စားရက်ခဲ့မလဲ။ သိမ်းထားရမယ်... သိမ်းထားပြီး အမြဲထုတ်ကြည့်နေဖြစ်မယ်ထင်တယ်။

" မစားဘူးလား... "

" အချိုမကြိုလို့... "

အဲ့ဒါလည်း လိမ်တာ။ အိမ်မှာဆို သကြားလုံးကို ဘူးလိုက်ဝယ်ပြီး အားတိုင်းစားနေတတ်တာ။ အချိုတွေစားရင်ဝလိမ့်မယ်ဆိုပြီး မမတာတာက တားတာကိုပဲ သူမက အမြဲလိုစားနေတတ်တာ။

" ငါပေးတာက မချိုပါဘူး... "

မချိုတဲ့ သကြားလုံးရယ်လို့ ရှိလို့လားလို့ စိတ်ထဲက မေးမိသေးတယ်။ အပြင်ဘက်မှာတော့ ရယ်ပြလိုက်ပြီး...

" အိမ်ကျမှပဲ စားတော့မယ် "

သူဘာမှ ဆက်မပြောတော့ပဲ ပြန်လှည့်သွားတယ်။ နောက်ပြီး သင်္ချာစာအုပ်ပြန်လှန်ကာ တွက်နေတယ်။ သူနဲ့အတူထိုင်မှ နောက်ထပ်သူ့အကြောင်း တစ်ခုထပ်သိခဲ့ရတယ်။ အင်္ဂလိပ်စာထက် သူက သင်္ချာကို ပိုကြိုက်တာတဲ့။ အင်ဂျင်နီယာ ဖြစ်ချင်တယ်လို့လည်း သူပြောပြဖူးတယ်။

Dear Sunshine Where stories live. Discover now