6

111 14 12
                                    

သူ့ ပန်းကန်ထဲ ရောက်လာတဲ့ နွှင်ပြီးသား ကြက်သားကြော်အချို့ကြောင့် သူ ငုံ့စားနေရာကနေ Lin ZiHong ကို မော့ကြည့်လိုက်တယ်။

"စားတယ်မလား"

ရယ်ပြရင်း မေးနေတဲ့ ဒီလူကို သူ ပြုံးကာ ခေါင်းညိတ်ပြလိုက်တယ်။

အမိုးအကာ ဟာလာဟင်းလင်း လမ်းဘေးဆိုင်မှာ စားနေကြတာဆိုပေမဲ့ Lin ZiHong ဦးဆောင် မှာပေးတဲ့ ဟင်းအမယ်တွေကို သူ ခံတွင်းတွေ့တယ်။ ဟိတ်ဟန်မလိုပဲ လွတ်လွတ်လပ်လပ်ရှိတဲ့ ခံစားချက်ကိုလည်း သဘောကျတယ်။

ထည့်ပေးလာတဲ့ ကြက်သားတစ်ဖတ်ကို သူ တူနဲ့ ညှပ်စားလိုက်တော့ ကျေနပ်စွာ ပြုံးသွားတဲ့ Lin ZiHong က ထပ်နွှာပေးနေပြန်တယ်။

"မင်းလည်း စားလေ... မနွှာနဲ့တော့"

Lin ZiHong အစားပျက်မှာစိုးလို့ သူ တားပြန်တော့။

"ဒါငါ့အတွက် နွှာနေတာပါ"

ပြောပြောဆိုဆိုနဲ့ ကြက်သား ဆက်နွှာနေတဲ့ Lin ZiHong ကို သူငေးကြည့်နေမိတယ်။ "ငါ့အတွက်" လို့ ပြောပေမဲ့ ပြီးရင် သူ့ပန်းကန်ထဲ ထည့်လာဦးမယ်ဆိုတာလည်း သူ ခံစားမိနေတယ်။ သူကိုယ်တိုင်လည်း နှုတ်က တားပေမဲ့ တကယ်တော့ ကျေနပ်နေမိတာပါပဲ။

ဒါလေးကို ကျေနပ်နေရအောင် သူ့ဘဝမှာ အသားနွှင်ကျွေးခြင်း မခံရဖူးဘူးလားဆိုတော့ မဟုတ်ဘူး။ မေမေရှိစဉ်က နွှင်ပေးဖူးတာရော၊ ဘဝတစ်လျှောက်လုံး အိမ်က ဝန်ထမ်းတွေ အဆင်သင့် နွှင်ပေးဖူးတာရော ကုန်ကုန်ပြောရရင် အိမ်ထောင်မကွဲခင်က ဇနီးဖြစ်သူ နွှင်ပေးတာက အစ စားဖူးခဲ့ပါတယ်။

ဒါပေမဲ့ သူ့စိတ်ထဲ ကျေနပ်ပြီး နွေးထွေးနေစေတာကတော့ မေမေပြီးရင် ဒီလူပဲ။ ဒီလူဖြစ်နေလို့ နွေးထွေးတာလား။ ဒီလူက နွေးထွေးအောင် လုပ်ပေးတတ်တာလားတော့ သူမသိ။

"မင်းအတွက်ဆို..."

အတွေးမဆုံးခင် သူ့ပန်းကန်ထဲ ထပ်ရောက်လာတဲ့ ကြက်သားဖတ်ကြောင့် သူ မေးလိုက်တယ်။ စပ်ဖြီးဖြီး ရယ်ပြလာတဲ့ Lin ZiHong က။

"များနေလို့ပါ... ကျန်တာ ငါစားမှာ"

ပြောပြောဆိုဆိုနဲ့ ခေါင်းမဖော်တမ်း စတင်စားတော့တဲ့ ဒီလူကို သူ ငေးကြည့်ရင်း လောဘတက်လာတယ်။

The Last Flame : LoveWhere stories live. Discover now