[ 2 ]

246 22 1
                                    

// Unicode //
~~~~~~~~~~

ဒီနေ့လည်း မနေ့ကလိုပင် ကျောင်းတက်ရတာ ငြီးငွေ့စရာအတိ။ ဒီတစ်ပတ်လုံး ဘာမှမပြောင်းလဲရင် အိမ်မှာပဲနေတော့ဆိုတဲ့ မားနဲ့ ဒက်ဒီတို့ရဲ့ စကားကို သူနားထောင်ခဲ့သည်။ ဒါကြောင့်ပဲ ဒီနေ့မှာလည်း ပျင်းစရာကောင်းသည့် ကျောင်းခန်းထဲ ဝင်ထိုင်ဖို့ အက်ဒီ ဆုံးဖြတ်ထားလိုက်သည်။

ရေစိုနေတဲ့လှေကားထစ်များက ချော်နေသည်။ အက်ဒီတစ်ယောက် လက်ရန်းကိုကိုင်ပြီး ဂရုတစိုက်တက်ရမဲ့အစား ခြေထောက်တစ်ဖက်ကိုပင်မြှောက်ကာ တစ်ဖက်တည်းနှင့် ခုန်တက်လိုက်၏။ ကျန်သေးတဲ့ လှေကားသုံးဆင့်ကိုလည်း ခြေထောက်တစ်ဖက်တည်းနှင့်ခုန်တက်လာတာ နောက်ဆုံးအဆင့်ကိုရောက်မှ ခြေချော်သွားလေသည်။

အာ့..

အောက်ကိုတော့ ဒလိမ့်ခေါက်ကွေးပြုတ်ကျမသွားဘဲ လှေကားပေါ်မှာပင် လေးဖက်ထောက်လျက်ဖြစ်နေသည်။ ထိုအချိန် တစ်စုံတစ်ယောက်တက်လာသည့်ခြေသံကြောင့် လမ်းပိတ်ထားသလိုဖြစ်နေတာမို့ အက်ဒီ အားယူကာ ကုန်းထလိုက်၏။

သူက ဆက်မသွားဘဲ ချော်လဲနေတဲ့ အက်ဒီကို လက်တစ်ဖက်တည်းနှင့် လက်မောင်းကမ,ကာထူပေးသည်။

" ကျေးဇူးပဲ "

" လက်တွေညစ်ပတ်သွားပြီ "

ကြမ်းပြင်ကရေစိုနေတာမို့ လက်နှင့်ထောက်ပြီးကျသည့်အခါ လက်မှာညစ်ပတ်သွားခြင်းပေ။ ဒါက အရေးမကြီး။ ကြားလိုက်ရသည့်အသံက ရင်းနှီးသလိုခံစားရတာမို့ အက်ဒီရဲ့အကြည့်တွေက သူ့မျက်နှာဆီ ဖျတ်ခနဲရောက်သွားသည်။

ပင်လယ်ရေလိုကြည်လဲ့နေသည့် မျက်ဝန်းပြာတွေက သူ့အား စိုက်ကြည့်နေပြီး ခပ်ထူထူနှုတ်ခမ်းတို့က ပြုံးယောင်သမ်းနေသည်။ အက်ဒီရဲ့ အာရုံကို ဖမ်းစားထားသည်မှာ ရှည်လျားပြီးကော့တက်နေသည့် မျက်တောင်များဖြစ်၏။ အညိုရင့်ရောင်သမ်းသော မျက်ခုံးနှစ်ဖက်ကတော့ အနည်းငယ်ကွေးသယောင်ရှိသည်။

" ငါတို့.. အရင်ကတွေ့ဖူးလား "

အက်ဒီရဲ့ အမေးက ကြောင်တောင်တောင်နိုင်နေမလားမသိ။ သူကတော့ အပြုံးတစ်ခုနှင့် တုံ့ပြန်သည်။

Sye  [ Completed ]Where stories live. Discover now