// Unicode //
~~~~~~~~~~" အက်ဒီ ဒီဘက်ကိုလာကြည့် "
ဆိုင်ခေါ်တဲ့အနား သွားလိုက်တော့ ကန်ထဲက ငါးအသေးလေးတွေကို ခေါ်ပြခြင်းပင်။
" ဒါတွေကရောင်းတာတဲ့ ၊ မင်းလိုချင်လား "
အက်ဒီ ခေါင်းညိတ်လိုက်သည်။
တခြားအိမ်မွေးတိရိစ္ဆာန်တွေထက် အက်ဒီက ငါးတွေကို ပိုချစ်သည်။ အလွယ်တကူဖမ်းလို့မမိနိုင်တဲ့ ငါးလေးတွေကို အက်ဒီ သဘောကျသည်။ ဒါကိုသိနေပြန်တဲ့ ဆိုင်က သူ့ကို ငါးပြတိုက်ဆီခေါ်လာပေး၏။ ထုံးစံအတိုင်း ကျောင်းပြေးပြီးတော့ပေါ့။
ကန်ထဲထည့်ထားပြီး ငါးတွေရောင်းတဲ့နေရာမှာ သူတို့နှစ်ယောက် ငါးနှစ်ကောင်ဝယ်ဖို့ စိတ်ကြိုက်ရွေးဖြစ်ကြ၏။
" ဒီတစ်ကောင်ရော "
အဖြူနှင့် အဝါရောင်အစင်းပါသည့် ငါးလေးကိုပြသည်။ ကြည့်နေရင်း ကန်ထဲကိုလက်ထည့်ပြီး ငါးလိုက်ဖမ်းတဲ့ ဆိုင် ။ တစ်ယောက်ယောက်မြင်ရင် အဟောက်ခံရမှာအသေချာပဲမို့ အက်ဒီ အလျင်အမြန်တားရ၏။
" အိတ်ထဲခိုးထည့်သွားမယ် "
" သေသွားမှာပေါ့ကွ ! "
" ပါးစပ်ထဲထည့်သွားမလား "
" စမနေနဲ့တော့ .. မင်းလက်ကိုပြန်ထုတ်လိုက် ဆိုင် "
ကန်ထဲက လက်ပြန်ထုတ်လိုက်တဲ့ ဆိုင် ။ အက်ဒီ ဘေးဘီဝဲယာကိုတစ်ချက်အကဲခတ်ပြီး ရေစိုသွားတဲ့ ဆိုင့်လက်ကိုသုတ်ပေးဖို့ အသင့်ဆောင်ထားတဲ့ ပုဝါကို အိတ်ထဲကထုတ်လိုက်၏။
သို့သော် ဆိုင့်ရဲ့လက်က ရေစိုမနေ။ အခုပဲ ငါးကန်ထဲ ကို လက်နှိုက်လိုက်တာတောင်လေ...။
" ဘယ်တစ်ကောင်ယူမလဲ အက်ဒီ "
" ဟမ်.. မယူတော့ဘူး တော်ပြီ "
" ဘာလို့လဲ "
" ငါကျောင်းသွားတဲ့အချိန် ငါးတွေကိုဂရုစိုက်မဲ့သူမရှိဘူးလေ "
" ဟုတ်သားပဲ "
ငါးပြတိုက်ကပြန်ထွက်လာကြတော့ အပြင်မှာ မိုးစက်တို့တဖွဲဖွဲကျနေသည်။ " မိုးရေထဲစက်ဘီးစီးလိုက်ရရင် ပျော်ဖို့ကောင်းမှာပဲ " ဆိုတဲ့ အက်ဒီရဲ့အတွေးတွေမဆုံးသေး ဆိုင်က မိုးစက်တွေအောက်ပြေးဝင်သွား၏။
YOU ARE READING
Sye [ Completed ]
Short Storyကတိပေးပါတယ်။ အသက်ရှင်နေသရွေ့ ငါ့နှလုံးသားမှာ မင်းကိုမှတ်မိနေပါ့မယ်။