// Unicode //
~~~~~~~~~~ဆိုင်နဲ့ ရင်းနှီးသွားတဲ့နောက်မှာ အက်ဒီရဲ့ နေ့ရက်တွေဟာ တဖြည်းဖြည်းပြောင်းလဲလာသည်။ ပျင်းစရာကောင်းသော်လည်း ဆိုးရွားစွာငြီးငွေ့နေခြင်းမဟုတ်တော့။
ကျောင်းလာတိုင်းမှာ ဆိုင်က အနားကိုရောက်လာတတ်သည်။ ထူးဆန်းတဲ့ဟာသတွေပြောပြီး သူတစ်ယောက်တည်း ရယ်မောတတ်၏။ တစ်ခါတလေမှာ သူ့ရဲ့ဟာသတွေကို အက်ဒီ နားလည်အောင်ပြန်ရှင်းပြတတ်သည်။ ဒီလိုအခါမျိုးမှာတော့ နှစ်ယောက်သား ထပ်တူရယ်ဖြစ်ကြသည်။
" ဟေး "
တွေးနေရင်း ကြားလိုက်ရတဲ့အသံဟာ ဆိုင့်အသံ။ ကျောပိုးအိတ်ကို လျော့တိလျော့ရဲလွယ်ထားရင်း ခပ်မှန်မှန်လျှောက်လာသော အက်ဒီလည်း အနောက်ကို ပြန်လှည့်ကြည့်လိုက်သည်။
" ဘာလို့နောက်ကျနေတာလဲ ၊ ငါမင်းကိုပြစရာရှိတယ် "
ဆိုကာ အက်ဒီရဲ့ လက်တစ်ဖက်ကိုဆွဲလို့ စာသင်ဆောင်များအနောက်ဘက်ကိုခေါ်လာသည့် ဆိုင်။ ရောက်လာသည့်နေရာက ကျောင်းဆောင်များရဲ့အနောက်ဘက်က အသုံးမပြုတော့တဲ့ သန့်စင်ခန်းဖြစ်သည်။
" ဒီနေရာမှာ ဘာရှိလို့လဲ "
မေးလိုက်တော့ နှုတ်ခမ်းဖျားပေါ် လက်ညှိုးတင်ကာ အသံတိတ်နေရန် အချက်ပြသည်။ အက်ဒီလည်း သူ့အလိုကျ ငြိမ်သက်နေပြီး အနောက်မှ ဆက်လိုက်လာခဲ့၏။
အသုံးမပြုတာကြာပြီဆိုတဲ့အတိုင်း သန့်စင်ခန်းများက အနံ့သက်သိပ်မကောင်း။ ကျောင်းသားတချို့ရဲ့ပါးစပ်ဖျားက များစွာသောသရဲပုံပြင်တွေကြောင့် ဒီနေရာက လူအသွားအလာမရှိ။
ဟောင်းနွမ်းနေသည့်အဆောက်ဦးဟာ အလင်းရောင်ကောင်းစွာမရပေ။ ဆိုင်က ခြေသံဖွကာဝင်တာမို့ အက်ဒီလည်း သူ့အတိုင်း အတတ်နိုင်ဆုံးအသံမထွက်အောင် လိုက်ဝင်သည်။
ထိုအချိန် ရုတ်တရက် ကြားလိုက်ရသည့်အသံတချို့မှာ ညည်းသံနှင့်တူသည်။ သူပဲ နားကြားမှားသလားလို့ ပြန်နားစွင့်ကြည့်လိုက်တော့ အမှန်ပင် ခပ်ကြိတ်ကြိတ်ညည်းသံတွေဖြစ်၏။
နံရံအကွယ်ကနေ ဆိုင်က ချောင်းကြည့်နေသည်။ အက်ဒီလည်း စိတ်ဝင်စားကာ ဆိုင့်ရဲ့ပုခုံးကနေ ကျော်ပြီးကြည့်လိုက်တဲ့အခါ တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် အက်ဒီ ချက်ချင်းပဲအကြည့်ပြန်လွှဲလိုက်ရ၏။
YOU ARE READING
Sye [ Completed ]
Short Storyကတိပေးပါတယ်။ အသက်ရှင်နေသရွေ့ ငါ့နှလုံးသားမှာ မင်းကိုမှတ်မိနေပါ့မယ်။