( 1 )

43 9 0
                                    

Unicode version

တစ်ဝှီဝှီဖြတ်သွားနေတဲ့ ကားသဲတွေကိုမကြားတော့ဘူး ။ လူသွားတံတားကနေ လက်ဆွဲအိတ်လေးကိုင်ကာ မျက်မှန်ကိုင်းလေးပင့်တင်ရင်း လျှောက်လာတဲ့ ကောင်လေးရဲ့ မျက်ဝန်းတွေထဲ ပျော်ရွှင်မှုတွေလည်းမရှိဘူး ။

အမှတ်တမဲ့ ကောင်းကင်ကိုကြည့်မိတော့ သူ့နည်းတူ အထီးကျန်နေပုံရတဲ့ လမင်းကြီးကိုတွေ့တယ် ။ သက်ပြင်းတစ်ချက်ချရင်း လမ်းလျှောက်နေရာက ရပ်လိုက်တယ် ။

လက်ထဲက အိတ်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း နှုတ်ခမ်းတွေကို ကိုက်ခဲထားသည့်တိုင် ကျဆင်းလာတဲ့မျက်ရည်တွေကို မထိန်းချုပ်နိုင်ခဲ့ဘူး ။

ရောင်းစားခံလိုက်ရတဲ့ အိမ် ၊ ဖခင်ဖြစ်သူရဲ့ ပယောဂမကင်းဘဲ ဆုံးသွားခဲ့တဲ့ မိခင် ၊ လက်ရှိ သူ့မှာ ဘာဆိုဘာမှမရှိတော့ဘူး ။ ဘွဲ့ရပြီးချိန်က ပိုက်ဆံစုပြီးဖွင့်ထားတဲ့ ကိတ်မုန့်ဆိုင်ကလွဲရင် ကျန်တာဘာမှမရှိတော့ဘူး ။ အဖေတစ်ယောက်က အဲ့သလောက်တောင်ပဲရက်စက်ရသလား ။

ဘယ်လိုမှ တောင့်ခံမထားနိုင်တော့တဲ့အဆုံး ငွေရောင်မျက်မှန်အောက်က မျက်လုံးတွေကိုမှိတ်ချပစ်လိုက်တယ် ။ အားရသလောက်သာ ငိုမိပါစေတော့ ။

ကံဆိုးခြင်းတွေက အဆက်မပြတ်ကျရောက်လာသလိုပဲ ။ အချိန်ကိုက်သည်းသည်း မည်းမည်းရွာချလာတဲ့မိုးကြောင့် ခန္တာကိုယ်တစ်ခုလုံးရွှဲရွှဲစိုသွားခဲ့တယ် ။ မိုးရေကြောင့် မျက်မှန်ကဝေဝါးလာတယ် .. မဟုတ်လဲ မျက်ရည်တွေကြောင့် မှုန်ဝါးနေတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ် ။

အရှုံးပေးလိုက်လို့လည်း မဖြစ်သေးဘူးမလား ။ ဘယ်လိုပဲဖြစ်ဖြစ် အသက်ဆက်ရှင်နေမှဖြစ်မယ်လေ ။

မျက်မှန်ကို လက်နဲ့ပွတ်သတ်ပြီး မိုးရေထဲ ဆက်လျှောက်လိုက်တယ် ။ ခဏနေရင်တော့ သူ့ဆိုင်ဆီကိုရောက်မှာပဲလေ ။ သည်းနေတဲ့မိုးနဲ့အတူ မျက်ရည်တွေကလည်းတိတ်မသွားဘူး ။ လူရှင်းတဲ့နေရာရောက်ရင် ထွက်လာတဲ့ရှိုက်သံတွေကိုလည်း မဖုံးကွယ်မိတော့ဘူး ။

ဆိုင်တံခါးရဲ့သော့ကိုဖွင့်ပြီး အထဲကိုဝင်သွားလိုက်တော့ စိုရွဲနေတဲ့ ခန္တာကိုယ်ကြောင့် ကြမ်းပြင်တွေပါ စိုကုန်တယ် ။ မနက်ကြရင်တော့ အစောကြီး ထပြီး သုတ်ရဦးမှာပဲ ။ ဘဝကဆက်သွားနေမှာမို့ အားငယ်တာမှန်ပေမယ့် ပြိုလဲမသွားချင်ဘူး ။ ရှိသလောက်အင်အားနဲ့ ထိန်းထားချင်သေးတာ ။

DIMPLE | MII2Where stories live. Discover now