SUN { 1 }

38.7K 623 50
                                    

မတ်လ၏ နွေးမြမြ တောင်လေသွေးဟာ
ပတ်ဝန်းကျင် တစ်ခွင် လှည့်လည် တိုက်ခတ်နေသည်။

ကျိုတို တက္ကသိုလ်အနှံ့ ဆာကူရာ ပွင့်ဖတ်တို့ ဝေ့ဝဲနေသော မြင်ကွင်းဟာ မကြာမီ ကျောင်းတော်ကြီးကို နှုတ်ဆက်ရတော့မည့် ကျောင်းသူ ကျောင်းသားတို့အတွက် လွမ်းမောဖွယ်ရာ ရှုမျှော်ခင်း တစ်ခု ပမာ။

ကျိုတို တက္ကသိုလ်၏ အထင်ကရ ပြယုဂ် တစ်ခု ဖြစ်သော ပရုတ်ပင်ကြီး ရှိရာ ကွင်းပြင် အရှေ့တွင် လူတွေ ထောင်ပေါင်းများစွာ စုဝေးနေကြသည်။ လွန်ခဲ့သည့် မိနစ်ပိုင်းက ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ ပြီးစီးခဲ့ပြီ ဖြစ်၍ ဘွဲ့ ယူခဲ့ကြသည့် တက္ကသိုလ် ကျောင်းသား ကျောင်းသူများ အားလုံး နာရီစင်ကြီး၏ ပင်မ အဆောက်အဦးမှ ဖြတ်၍ ကွင်းပြင် အရှေ့သို့ စုဝေး ရောက်ရှိလာခြင်း ဖြစ်သည်။ ထိုနေရာတွင် မိသားစု၊ သူငယ်ချင်းများ ဆုံတွေ့ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ယူကြသည်။

ဂျပန် နိုင်ငံ၏ ပညာရေး ယဉ်ကျေးမှုက တခြားသော နိုင်ငံများနှင့် မတူ။ တစ်မူ ထူးစွာ ကွဲပြား ခြားနားသည်။ ထို့ကြောင့် ဘွဲ့တံဆိပ် လက်ခံရန် ဝတ်စားလာသော ကျိုတို တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူတို့၏ အဝတ်အစားများက အနောက်တိုင်း ဘွဲ့ ဝတ်စုံတို့နှင့် မတူညီကြ။

အများစုက ရိုးရာ ယဉ်ကျေးမှု ဖြစ်သော ကီမိုနိုကို ဂုဏ်ယူစွာ ဝတ်ဆင်ကြသည်။ အနုပညာ မေဂျာ ကျောင်းဆင်းများက ဂျပန် နိုင်ငံ၏ ကမ္ဘာကျော် ကာတွန်း ဇာတ်ကောင်တွေအတိုင်း တူညီစွာ ဝတ်စားကြသည်။ Role Play ဟု ခေါ်နိုင်သည့် ဇာတ်ကောင်တို့ နေရာ၌ အစားဝင် သရုပ်ဆောင်ခြင်းပဲ ဖြစ်သည်။

သို့သော် အမြင့်ပိုင်း ဘွဲ့တံဆိပ်တို့ကို လက်ခံရမည့် ဂုဏ်ထူးဆောင် ထူးချွန် ကျောင်းသား၊ ကျောင်းသူများကတော့ အနောက်တိုင်း ယဉ်ကျေးမှုအတိုင်း ဘွဲ့ဝတ်စုံများ ဝတ်ဆင်ရသည်။ ထိုသူတို့က ဂုဏ်ထူးတန်း၊ မဟာတန်းနှင့် ပါရဂူ ဘွဲ့ စသည့်  အသိအမှတ်ပြု လက်မှတ်တို့ကို လက်ခံရမည့် ဂုဏ်ထူးဆောင် ထူးချွန် ကျောင်းသားများပဲ ဖြစ်သည်။

SUN { Season 2 }Where stories live. Discover now