SUN { 47 }

1.4K 71 24
                                    

အချိန်တွေ
တဖြည်းဖြည်း ကုန်ဆုံးလို့
ရာသီဥတုတွေ တဖွဲဖွဲ ပြောင်းလဲကာ
သက္ကရာဇ် တစ်ခုဆီ ရောက်လာခဲ့သည်။

ဆယ်နှစ် ကြာပြီးနောက် . . ။

"ပျော်စရာ တစ်ဆယ့်ငါး နှစ် ပြည့် မွေးနေ့ ဖြစ်ပါစေ"

"ဟက်ဗီ ဘက်ဒေးလ် မိုင်ဖရန့်ဒ်"

"အိုထန်ဂျိုဘီ အိုမဲ့(ဒ်)တို ဂိုးဇိုင်းမတ်စ်"

ပွဲလာ ဧည့်ပရိသတ် အပေါင်းက မွေးနေ့ရှင်လေးကို ဆုတောင်း စကားများ ဝိုင်းဝန်း ဆု ခြွေကျ၏။ လူပုံ အလယ် လျှောက်လှမ်းလာသည့် ကောင်ချောလေးက ဖော်ရွေသည့် အပြုံးနှင့် ဂုဏ်သရေရှိ လူကြီးမင်း အားလုံးကို ပြုံးပြုံးရယ်ရယ် နှုတ်ဆက်ခဲ့သည်။

"ကျေးဇူး"

"မိုင်လေဒီ ဒီနေ့ သိပ် လှနေပါ့လား"

"စားစရာတွေက အရသာ ရှိရဲ့လား၊ ပြင်သစ် ဟင်းပွဲလေး မြည်းကြည့်မယ်ဆို ဘယ်လိုလဲ၊ ဝိတ်တာ . . တစ်စိတ်လောက်"

ယဉ်ကျေးမှု ရှိသည့် ကောင်ငယ်လေးက စီးပွားရေး မိတ်ဖက်တွေအပေါ် ဧည့်ဝတ် ကျေပွန်ဖို့ မမေ့။ မာန မထားဘဲ လိုအပ်တာ မှန်သမျှ ဖြည့်ဆည်းဖို့ ဝိတ်တာတွေကို မှာကြားပေးသည်။

"ဒီဝိုင်းကို ဘူယာဘေ့စ်ဆာ တစ်ပွဲ ချပေးပါ"

"ဝိုး . . ပြင်သစ် အသံထွက် ပီသပါ့လား"

စားပွဲက ပြင်သစ် အမျိုးသမီးကြီးက ကောင်ငယ်လေးကို ချီးကျူး၏။ နံဘေးက သူဌေးကြီးတွေပါ ငဲ့ကြည့်လာကြသည်။ ပုလဲ ကုမ္ပဏီ၏ လုပ်ငန်း မိတ်ဖက် တော်တော်များများ ပွဲကို ရောက်နေကြတာ ဖြစ်သည်။ နှိမ့်ချစွာပဲ သူ တုံ့ပြန်လိုက်သည်။

"ဒယ်ဒီဆီက သင်ထားတယ် ဆိုပါတော့ . . ၊ စကားမစပ် မာမီ့ကို မြင်မိသေးလား"

"ကလပ်စစ်ဘားမှာ မြင်ခဲ့သလိုပဲ"

"အိုး . . မက်စီ ဘို့ကူ၊ ဒါဆို ခွင့်ပြုပါဦး"

ပြင်သစ်လို ကျေးဇူးတင်ကာ နှုတ်ဆက်ပြီးနောက် စားပွဲမှ ထွက်လာခဲ့သည်။ နောက်မှာ အချင်းချင်း တီးတိုး ပြောရင်း ကျန်နေခဲ့၏။ နားစွန်းနားဖျား ကြားလိုက်ရတာ အသက် ကြီးလေ ဖခင်နှင့် တူလေ ဆိုသည့် အပြု သဘောဆောင် မှတ်ချက် စကားများပဲ ဖြစ်သည်။

SUN { Season 2 }Where stories live. Discover now