SUN { 25 }

1.8K 78 6
                                    

ကောင်းကင်ဝယ် ငှက်တို့ အတန်းလိုက် ပျံနေ၏။

တိမ်တို့ အရောင်က ကြည်ပြာပြာ။ ဖွေးဖြူဖြူ တိမ်စိုင်တို့ စုရုန်းနေသည်။ အနည်းငယ် နွေးထွေးဆဲ နေရောင်က စိမ်းမြမြ ကမ္ဘာထဲ ခိုးဝင်နေ၏။ သစ်ရွက်သစ်ခက်တို့ အကြား ထိုးထွက်လာသည့် နေပြောက်လေးများက လင်းလဲ့ မှုန်ရီစွာ။

စံအိမ် နောက်ကျော စည်းရိုးမှာ ခြောက်လခံ ပန်းပင်တို့ ပျော်စံရာ ဥယျာဉ် တစ်ခု ရှိနေသည်။ ထူထဲထဲ သစ်ခက်တို့ကြောင့် ပေါင်းမိုးလေး ဖြစ်နေသည့် နားခိုရာက စိမ်းစိုစို သစ်ရိပ်ဝါးရိပ်တို့နှင့် ပြည့်လွှမ်းနေ၏။ ညှို့ဆိုင်း စိမ်းမြမြ သစ်ပင်ကြီးတွေ အောက် ရှိနေတော့ ဝေ့လည်လည် လေညင်းလေးက လူ တစ်ကိုယ်လုံးကို အေးမြ လန်းဆန်းသွားစေသည်။

လူ တစ်ရပ်စာ မြင့်မတ်သည့် အုပ်ဆိုင်းဆိုင်း ပန်းပင်အုပ်က ခရမ်းပြာ၊ ပန်းဆီ၊ အဖြူ အသီးသီး ရှိပြီး ချမ်းမြေ့ဖွယ် အရောင်အစင်းတွေ ပေးစွမ်းထား၏။ စည်းရိုးထံ နီးနီးကပ်ကပ် ပွင့်လန်းနေတာမို့ သက်တံတွေ ဖြာစင်းသည့်နှယ် နှစ်လိုဖွယ်ရာ ကောင်းနေတော့၏။

ပန်းချုံပင် ရှိရာ ပေါင်းမိုး အောက်က မြက်ခင်းစိမ်းမှာ စားပွဲ တစ်လုံးနှင့် ထိုင်ခုံတို့ ချခင်းထား၏။ စက်လုံးလို ဝိုင်းစက်စက် စားပွဲပေါ် ပင့်အပ်၊ ချည်လုံး ရောင်စုံ၊ လက်ကိုင်ပဝါ၊ ကတ်ကြေးနှင့် ပန်းချီ ခဲတံတို့ ရှိနေကြသည်။ ထိုပစ္စည်းများက ပန်းထိုးရာမှာ သုံးသည့် လက်မှု ကိရိယာလေးများပဲ ဖြစ်သည်။

ဝေယံက ခဲနက်လေး ကိုင်ပြီး ပဝါပေါ် ပုံတွေ စိတ်ဝင်တစား ရေးဆွဲနေ၏။ သန်းခေါင်ယံ လပြည့်ညထဲ ဆွဲငင်စွာ အူနေသည့် ဝံပုလွေက ဝေယံ ခဲရာ ပေးသလို ဖြူဖျဖျ ပဝါစထက် လှပစွာ ဖြစ်တည်လာသည်။ ရေးဆွဲပြီးစ လက်ကိုင်ပဝါတို့ကိုတော့ ဒေါ်စန္ဒာခင်က ကြိမ်အဝိုင်းလေးထဲ ညှပ်လို့ ပန်း ထိုးနေ၏။

သေးငယ်ငယ် ပင့်အပ်လေး ဒေါ်စန္ဒာခင် လက်ထဲ ကျွမ်းကျွင်စွာ လှုပ်ရှားနေသည်။ သူမ ပန်း ထိုးလက်စ လက်ကိုင်ပဝါက ဖြည်းဖြည်းချင်း ရုပ်လုံး ပေါ်လာပြီ။ ခရမ်းပြာ ချည်မျှင် များများ သုံးထား၍ ဆန်းကြယ်ကြယ် ဖန်တီးမှုက အောက်ခံ ပိုးသားစကြောင့် ထင်းလွန်းနေသည်။ မသိပါက ပင်လယ်ပြာဝယ် ကူးခတ်နေသည့် ရေသူမငယ် ရုပ်သွင်လေးကို အစစ်အမှန်လို့ ခံစားရသည်။

SUN { Season 2 }Where stories live. Discover now