SUN { 23 }

1.6K 75 6
                                    

တိုင်ဖွန်း ရာသီ နှောင်းပိုင်း
သြဂုတ်လ အစတွင် မိုးများက

ဟို တစ်နေရာ ဒီ တစ်နေရာ
အဆက်မပြတ် ရွာသွန်းဖြိုးဆဲ။

တီဗွီမှာ မုန်တိုင်းနှင့် ပတ်သက်သည့် နောက်ဆုံးရ သတင်းတို့ကို ပြည်သူတွေ သိရှိအောင် မကြာခဏ ထုတ်လွှင့် ပြသလျက် ရှိသည်။ မေလမှ အောက်တိုဘာ အထိက ဂျပန်၏ မုန်တိုင်း ရာသီ စက်ဝန်းပဲ ဖြစ်သည်။ မုန်တိုင်း တိုက်ခတ်မှု အမြင့်ဆုံး ရာသီက သြဂုတ်နှင့် စက်တင်ဘာပေါ့။ သို့ပေမယ့် ထိုကာလတွေမှာ ခရီး သွားလာခြင်းကို ရှောင်ရှားဖို့ မလို။

တိုင်ဖွန်း မုန်တိုင်း အများစုက ပစိဖိတ် သမုဒ္ဒရာထဲမှာပဲ တိုက်ခတ်လေ့ ရှိသည်။ တစ်နှစ်မှာ မုန်တိုင်း အရေအတွက် သုံးဆယ်လောက် ဖြစ်ပေါ်လေ့ ရှိပေမယ့် ရှစ်ခုကသာ အိုကီနာဝါ ကျွန်းပေါ် ကျရောက်တာ ဖြစ်သည်။ ကံကောင်းတာက မုန်တိုင်း သုံးခုလောက်သာ ဂျပန်၏ ပင်မ မြို့ကြီးများဆီ ဝင်ရောက်တာ ဖြစ်သည်။ တကယ်တော့ မြို့ပြမှာ နေထိုင်သည့် ပြည်သူတွေက သဘာဝ ဘေးအန္တရာယ်၏ ခြိမ်းခြောက်မှုကို ခံရဖို့ ရာခိုင်နှုန်း သိပ်ကို နည်းသည်။

သို့ပေမယ့် အသက်၊ အိုးအိမ်နှင့် စည်းစိမ်တွေကို ကံတရားအပေါ် ပုံအပ်မထားသည့် ဂျပန်တွေက သဘာဝ ဘေးအန္တရာယ်၏ ရိုက်ချက်ကို အန်တုဖို့ ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်ထားကြသည်။ ငလျင်၊ ဆူနာမီ၊ တိုင်ဖွန်း စသော မိခင် သဘာဝတရားကြီးက ပေးအပ်လာသည့် ဘေးအန္တရာယ်တွေကို တွန်းလှန်ဖို့ လုံခြုံရေး စီမံမှုများ အသင့် ပြင်ဆင်ထားကြ၏။

တည်ဆောက်ထားသည့် ကာကွယ်ရေး စီမံမှုတွေက မြေပြင်၏ တုန်ခါမှု၊ လေတိုက်နှုန်း၊ တိုင်ဖွန်း အန္တရာယ်နှင့် နှင်း ထူထပ်မှု၊ ရေကြီးမှု စသည်တို့ကိုပါ ခုခံနိုင်စွမ်း ရှိသည်။ ဖြစ်ပေါ်တတ်သည့် အရေးပေါ် အခြေအနေတိုင်းအတွက် နိုင်ငံတော် အစိုးရက ပြည်သူ တစ်ရပ်လုံးကိုပါ ကြိုတင် လေ့ကျင့်မှုများ ပြုလုပ်ထားစေသည်။

အထူးသဖြင့် မူကြိုအရွယ် ကလေးသူငယ်များ၏ ပညာရေး သင်ရိုးထဲ ဘေးကင်း လုံခြုံရေး လမ်းညွှန်ချက်တွေကို ကျောင်းစာအဖြစ် ပြဌာန်းထားခြင်းပဲ ဖြစ်သည်။ ပြည့်ပြည့်စုံစုံ ကြိုတင် ကာကွယ်ရေး အစီအစဉ်တွေက စိတ်ချစရာ ဖြစ်တာမို့ မုန်တိုင်း အန္တရာယ် ဖြစ်လာတောင် ခရီး သွားလာမှုကို စိုးရိမ်ဖို့ မလိုတော့ပေ။

SUN { Season 2 }Where stories live. Discover now