နွေမက၊ မိုးမကျသေးသည့်ရာသီဥတုက အနည်းငယ်နေလို့ကောင်းနေသည်။ အုံ့မှိုင်းမှိုင်း ကောင်းယေကင်အောက်တွင် ဟိုသည် ဝီခေါ်နေသော ကားများကတော့ ပြည်လမ်းတောက်လျှောက်ပြည့်နှက်လို့။ရန်ကုန်မြို့၏ အထင်ကရနေရာတွင်တည်ရှိနေသော သူတို့ကျောင်းကြီးက ရာသီိဥတုနှင့်လိုက်ဖက်စွာထည်ဝါလို့နေသည်။ ပုဂ္ဂလိကကျောင်းဖြစ်သည့်အလျောက် စည်းမျဉ်းစည်းကမ်းအတော်ကြီးသောကျောင်းဆိုလျှင်လည်း မမှားလှ။
သို့သော် ဤကျောင်း၏ ထူးခြားချက်ဟုသာဆိုကြပါတော့။ ကျောင်းသား၊ ကျောင်းသူများ၏ အဆင့်သတ်မှတ်ချက်ကား နောက်ခံ မိသားစု၏ ရာထူးအဆင်အတန်းပေါ်သာ မူတည်နေသည်တဲ့လေ။
"ယူ အရမ်းလန်းနေပါလား"
"အင်း ဖေဖေမနေ့က ပါရီက ပို့လိုက်တာ"
ကျောင်းယူနီဖောင်းစကတ်တိုများကိုပင် တိုသထက်တိုအောင် ဝတ်ဆင်ထားသည့် အမျိုးသမီးငယ်လေးများက ကော်ရစ်တာအပြည့်နေရာယူထားကြသည်။
"ဘယ်သူ့ကားလဲ"
ကျောင်းဝန်းထဲသို့ ထိုကားလေး ကျွီခနဲ ထိုးရပ်လာသည်နှင့် ရှိသမျှ ကျောင်းသား၊ ကျောင်းသူများ၏ မျက်လုံးများက ထိုကားလေးဆီမှာသာ ဝေ့ဝဲလို့။ကားတံခါးပွင့်လာသည်နှင့်အတူ မြေပြင်ပေါ်သို့ ခပ်ကြွကြွ ခြေထောက်တစ်ဖက်က နင်းချလာသည်။
"သူ ဘယ်မေဂျာကလဲ သိလား"
"IR ကထင်တာပဲ။ နင် မသိဘူးလား"
ယောက်ျားပီသသည့်ကျစ်ကျစ်လစ်လစ်ခန္ဓာကိုယ်အချိုးအစားက ခြေလှမ်းလေတိုင်း ထည်ဝါလို့နေသည်။ တစ်လှမ်းချင်းလျှောက်လာသည့်ကောင်လေးက နားကြပ်လေးတပ်ထားသော်လည်း သူ့အကြောင်းတီးတိုးပြောဆိုနေသံများကို ကြားရပုံပေါ်၏။ မျက်လုံးကလေးက လှစ်ခနဲ ပြုံးယောင်သန်းသွားသေးသည်။
"အင်း မသိဘူး။ မိုက်တော့ မိုက်တယ်နော်"
ဆံပင်ကို သပ်ရပ်စွာ ပုံသွင်းထားပုံပေါ်သည်။ သန့်ပြန့်နေသည့် ရုပ်ရည်က အုံ့ဆိုင်းဆိုင်း ရာသီဥတုတွင်ပင် ထင်းလင်းလို့နေ၏။