ကျောင်းဝန်းကြီးအတွင်း ဟိုမှသည်မှ ရွေ့လျားနေသော ပုံရိပ်တချို့။ ပတ်ဝန်းကျင်သည် အန္တရာယ်တစ်စုံတရာကို ဖိတ်ခေါ်နေသည့်နှယ် အနည်းငယ် စိမ်းသက်လို့နေသည်။
ကျောင်းဝန်းထဲသို့ဝင်လိုက်လျှင် သုံးထပ်အဆောက်အဦကြီးက ခမ်းနားစွာတည်ရှိနေ၏။ ဤအဆောင်သည်ကား ကျောင်း၏ အထင်ကရဖြစ်သော ကျောင်းအုပ်ကြီး၏ ရုံးခန်းရှိရာနေရာဆိုလျှင်လည်းမမှားလှပေ။ ထိုမှ တဆင့် ကော်ရစ်တာလမ်းလေးအတိုင်းလျှောက်လာလျှင်တော့ Law ဌာန၏ အခန်းနှစ်ခန်းက ဆီးကြီုနေပေလိမ့်မည်။
"ဒီနေ့ IR တန်းနဲ့အတူတူတက်ရမယ်တဲ့"
အတန်းတွင်းပျံ့လွင့်လာသည့် တစ်စတစ်စအသံများကြောင့် မြတ်ဇေက ဇဏ့်ကို မျက်စပစ်လေသည်။ ဟောပြောပွဲတစ်ခုရှိလျှင် သူတို့မေဂျာနှင့် IR က ဤကဲ့သို့အတူတကွ တက်ရောက်ရခြင်းမှာ ယခင်တည်းကရှိဖူးသည်မို့ သူ့အနေနှင့်စိတ်ဝင်တစားတော့ သိပ်မရှိ။ သို့သော် အခုက ရှိန်းယံဆိုသော လူသားနှင့် အတူတကွ တက်ရောက်ရမည်ဖြစ်၍ ဇဏ်အနည်းငယ် စိတ်လှုပ်ရှားနေသည်ကိုတော့ဝန်ခံရပေလိမ့်မည်။
"ဇဏ် မင်း ဒီနေ့လှုပ်ရှားမှာလား"
"အခြေအနေကြည့်ဦိးမယ်"
နှစ်ဦးသားပြောပြောဆိုဆိုဖြင့် လူအခွင့်အရေးအကြောင်းဟောပြောမည့် Theater ဘက်သို့သာလျှောက်လာခဲ့ကြသည်။ ဥပဒေကျောင်းသားများအဖို့ လူအခွင့်အရေးဆိုသည်ကလည်း အရေးကြီးသော ဘာသာရပ်ထဲ ပါဝင်သည်မို့ တစ်ဦးမကျန် မပျက်ကွက်ဘဲ တက်ရောက်ကြပေလိမ့်ဦးမည်ကိုတော့ မပြောလည်း သိကြပါသည်လေ။
Theater ကြီးကား ကျောင်းသားတချို့ဖြင့် အနည်းငယ် စည်ကားစပြုနေပြီဖြစ်သည်။ ဟိုစုစု သည်စုစု ထိုင်နေသူများကြားရဟိုဟိုသည်သည်ဝေ့ကြည့်မိတော့ ထုံးစံအတိုင်း နားကြပ်လေးတပ်ကာ ထိုင်နေသည့်ကောင်လေး။ အနားက နေရာလွတ်နေသည်မို့ ဇဏ် မဆိုင်းမတွပြေးသွားလိုက်သည်။
"ဘာလဲ"
အလောတကြီးရောက်သွားသည့်သူ့ကြောင့်အနည်းငယ်အနှောင့်အယှက်ဖြစ်သွားပုံရသည့် ရှိန်းယံ။ မျက်ခုံးနှစ်ဖက်ကို တွန့်ကွေးထားသည်မှာ ထိစပ်လုနီးနီးပင်ဖြစ်နေသည်ကို ကြည့်ရင်း အကြောင်းပြချက်မရှိပါဘဲ ဇဏ် ကျေနပ်နေမိပြန်သည်မှာရော အဘယ်ကြောင့်နည်း။