မှောင်မဲနေသည့် ဆေးရုံခန်းလေးအတွင်း နီယွန်မီးရောင်မှုန်ပျပျသာရှိနေသည်။ ညရှစ်နာရ်ီိတိတိကိုညွှန်ပြနေသည့် နာရီကြီိးဆီမှ တချောက်ချောက်အသံနှင့်အတူ နှလုံးခုန်စက်မှ တတီတီအော်နေသည့်အသံကလွဲလို့ ပတ်ဝန်းကျင်မှ အရာအားလုံးကတော့ တိတ်ဆိတ်လို့နေ၏။
"......"
ကုတင်ပေါ်က ကောင်လေးလှုပ်ရှားမှုနောက်မှာတော့ အနည်းငယ်တီးတိုးပြောဆိုသံများက အခန်းတွင်းပျံ့လွင့်လာသည်။
"ညီလေး အစ်ကို့အသံကိုကြားရလား"
"အဟွတ် အဟွတ်"
ချောင်းဟန့်သံနှင့်အတူ ဆေးပိုက်တန်းလန်းနှင့် လက်ချောင်းများက လှုပ်ရှားစပြုလာသည်။ ထို့အတူ မျက်မှောင်ကုတ်ထားသည့် မျက်လုံးအစုံက အလိုမကျဟန် ဖြည်းဖြည်းချင်း အားယူရင်း ပွင့်လာတော့သည်။
"heart rate လည်းကောင်းတယ်။ SpO2 လည်း ပုံမှန်ပဲ။ ညီလေး အစ်ကို့အသံကိုကြားရရင် လက်ညိုးလေးလှုပ်ပြပါ"
ဆေးသွင်းထားရသည့် လက်ညိုးလေး ခပ်ယဲ့ယဲ့လှုပ်ရှားလာသည်ကို တွေ့ရတော့မှ မြတ်ဇေနှင့်ဓနတို့ သက်ပြင်းချသံက အခန်းထဲ လွှမ်းသွားတော့သည်။
"စိုးရိမ်စရာတော့မရှိတော့ပါဘူး။ နည်းနည်းမူးတာတော့ရှိလိမ့်မယ်။ ဒါပေမဲ့ ကောင်းသွားမှာပါ"
ဆရာဝန်ထွက်သွားပြီဆိုကာမှ နှစ်ဦးသား ဇဏ့်အနားသို့အပြေးအလွှားချဉ်းကပ်လာကြတော့သည်။
"ဇဏ် ငါပြောတာ ကြားလား"
"ဟေ့ကောင် ကြားတယ်မလား"
ပွင့်အံလာသည့်နှုတ်ခမ်းပါးမှစကားတို့က တိုးညှင်းစွာ၊ အပြင်ဘက်ဆီိမှ အရေးပေါ်ပြေးလွှားသွားသံတို့နောက် စကားသံက ပျောက်ကွယ်သွားသည်။
"ဇဏ် ဘာပြောတာလဲ"
လေသံသဲ့သဲ့သာထွက်နိုင်သည့် နှုတ်ခမ်းပါးက စိတ်မရှည်ဟန်စုတ်တစ်ချက်သပ်သည်။
"ဟိုမေဘေးရှိန်းယံရောလို့"
ဇဏ့်စကားအဆုံး ကျန်သူငယ်ချင်းနှစ်ဦးက အံ့ဩဟန်ပြုသည်။ အမှန်ဆို သည် ဆေးရုံရောက်ကတည်းက သူတို့နှစ်ဦးကလွဲ၍ မည်သူမျှရှိမနေခဲ့ဘူးမလား။