ပတ်ဝန်းကျင်သည်ပိန်းပိတ်အောင်မှောင်မဲလျှက်ရှိသည်နှင့်အတူ လူလတ်တန်းစားတို့၏ ရပ်ကွက်လေးအတွင်း အိမ်လေးများသည်လည်း အိပ်မောကျလို့နေ၏။
လမ်းလေးအတွင်းမှာတော့ ညဉ့်လူငယ်များ၏ တိတ်တဆိတ်လှုပ်ရှားသံများနှင့် ရံဖန်ရံခါ အော်မြည်တတ်သည့် ညဉ့်ငှက်အသံမှလွဲ၍ အရာရာက ပကတိ တိတ်ဆိတ်လို့နေသည်။
အချိန်ကား မနက် လေးနာရီ လေးဆယ့်ငါးမိနစ်။
အတန်အသင့်ခေတ်မီစွာ ခပ်လတ်လတ်ဆောက်ထားသည့် နှစ်ထပ်အိမ်ကလေး။ အိမ်လေး၏ အပေါ်ထပ်ဝရံတာတွင်တော့ မီးရောင်ပျပျရှိနေသည်။ ရံဖန်ရံခါ ရဲခနဲဖြစ်သွားသည့် ဆေးလိပ်မီးပွင့်နှင့်အတူ မီးခိုးငွေ့တချို့က လေမတိုက်သည်မို့ ထိုနေရာတွင်သာ ဝေ့ဝဲလို့။
"ဇဏ်လား။ သား"
အိမ်အတွင်းမှ ထွက်လာသည့်အမျိုးသမီးကြီးက စီးကရက်ဖွာနေသည့် ကောင်လေးကို အမည်ခေါ်ရင်း နှစ်သိမ့်နေသည့်နှယ်။
"အစောကြီိးနိုးနေတာလား"
မိခင်ဖြစ်သူ၏အမေးကိုမဖြေပဲ ဇဏ်က အဝေးတစ်နေရာကိုငေးနေသည်။ မခို့တရို့ဝဲကျနေသည့် ဆံနွယ်တို့အောက် မျက်ဝန်းတစ်စုံဟာ ဆွေးမြည့်နေလို့။
"ဒီနေ့သုံးနှစ်ပြည့်ပြီ မေမေ"
ဇဏ့်စကားကြောင့် အမျိုးသမီးက သူ့ကို တင်းနေအောင်သိုင်းဖက်ရင်းအားပေးရှာသည်။ မျက်နှာတော့မကောင်းလှ။
"ဖိုးဖိုးကိုသတိရတယ်"
ငယ်စဉ်ကတည်းက အဖိုးဖြစ်သူနှင့် လက်ပွန်းတစ်တည်းနေခဲ့သူမို့ ဆုံးပါးသွားသည်ကို ယခုတိုင် အသားမကျနိုင်သည့် သားဖြစ်သူကို သူ ဘယ်လိုနှစ်သိမ့်ပေးရမည်နည်း။
"ဟိုလူတွေကြောင့်သာမဟုတ်ရင် ဖိုးဖိုး ခုထိ အသက်ရှင်နေဦးမှာ"
စီးကရက်ကို ထိုးချေရင်း နားကျည်းစွာဆိုလေသည်။ စောန ဝမ်းနည်းရိပ်သန်းနေသည့်မျက်လုံးအစုံက အခုတော့ မီးတောက်ပမာ။
"သူတို့ကြောင့်သာမဟုတ်ရင် ဖိုးဖိုး ခုလို ဆင်းဆင်းရဲရဲထွက်သွားရမှာ မဟုတ်ဘူး"