"အစ်ကို နင့်ကိုဘယ်သူဘာလုပ်လဲ ပြော"
ရပ်ကွက်လမ်းကြားလေးက အချိန်နှင့်တစ်ပြေးည်ီလှူပ်ရှားရုန်းကန်သူတို့ကြောင့် စောစီးစွာပင် စည်ကားလျှက်ရှိနေ၏။
"ငါမေးတာဖြေစမ်းပါ။ ဟေ့ကောင်"
ပခုံးနှစ်ဖက်ကို လှုပ်ခါရင်း အားမလိုအားမရဖြစ်စွာမေးနေသည့် မြတ်ဇေကြောင့် မိခင်ဖြစ်သူက ဝင်တားရတော့သည်။
"သားငယ် စိတ်လျှော့စမ်း။ ကိုကြီးကို အခက်တွေ့အောင်မလုပ်စမ်းပါနဲ့"
ပျဉ်ထောင်အိမ်လေးဆီိမှ ထွက်လာသည့်ဆူဆူညံညံအသံတို့ကြောင့် ဖြတ်သွားဖြတ်လာ ဈေးသည်ကအစ ခေါင်းငဲ့ကာ စူးစမ်းကုန်ကြ၏။
"သားကြီး အမေ့ကိုပြော၊ အမေက ပိုက်ဆံမရှိပေမဲ့ ငါ့သားတွေအတွက်လူပါသတ်ရဲတယ်ဆိုတာ မင်းသိတယ်မလား။ အမေ့ကိုပြောစမ်းပါ။ မင်းကိုဘယ်သူဘာလုပ်လဲ"
စာရွက်ကလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်းအံတင်းတင်းကြိတ်နေသည့် မြတ်မင်း။ မျက်ရည်သွင်သွင်စီးကျနေသည့် မျက်ဝန်းအစုံက နာကျည်းမှုကြောင့် စူးရဲလို့နေသည်။ နှုတ်ခမ်းနီပါးပါးဆိုးထားသည့် နှုတ်ခမ်းတစ်စုံဟာ နိုင့်ထက်စီးနင်းအပြုအမူများကြောင့် တုန်ယင်လို့။
"အလုပ်မှာအဆင်မပြေရင် ထွက်လိုက်။ ငါ လုပ်ကျွေးနိုင်တယ်"
ကရုဏာ ဒေါသဖြင့် မြတ်ဇေအသံတို့က အက်ကွဲစွာထွက်၍လာသည်။ ဤအခြေအနေကို သူ အနည်းနှင့်အများတော့ သဘောပေါက်သည်မလား။ သဘာဝတရားကြီးနှင့်ဆန့်ကျင်သည်ဟု အများကယူဆကြသည့် သူ့အစ်ကို။ လုပ်ငန်းခွင်တွင် မည်မျှ ဖိနှိပ်ခံရ၍ သေတမ်းစာကဲ့သို့ပင် ဒိုင်ယာရီရေးမှတ်ထားမည်နည်း။
"သဘာဝတရားနဲ့ဆန့်ကျင်တာချင်းအတူတူ ပိုက်ဆံရှိတဲ့လူတွေကတော့ အမှန်၊ ဆင်းရဲတဲ့ငါတို့ကျတော့ မှားတယ်တဲ့"
မြတ်မင်းစကားကြောင့် မိခင်က သူ့သားကြီးကို ခပ်တင်းတင်းပွေ့ဖက်လိုက်မိသည်။ ကံတရား၏ ဘက်လိုက်မှုကို ခံစားကြရသည့် လူသားတို့ထဲ သူတို့မိသားစုလည်း ပါဝင်နေသည်မလား။