- U -
" ကျန့်ကျန့် မစားနိုင် မသောက်နိုင် နဲ့ မင့် ဘာတွေဖြစ်နေတာတုန်း "
ဒေါ်နန့်စံ က တမှိုင်မှိုင် တထွေထွေ ဖြစ်နေသည့်
သူမ၏ သားအား ကြည့်မရတော့။အမြဲတမ်း ဖျတ်လတ်တက်ကြွနေသည့်ကလေးက အခုတော့ မှိုင်တွေနေ၏။
" ဘာမှမဖြစ်ပါဘူး "
" ဘာမှမဖြစ်ရင်လဲ ထမင်းလာစား "
" မစားချင်ဘူး "
" ကျန့်ပီ မေမေ့ကို စိတ်တိုအောင် လာမလုပ်နဲ့နော်"
ဒေါ်နန့်စံ က သူမ၏ သားကိုတော့ သိပ်ချစ်ရှာသည်။
အသက်ကြီးမှ ရလာသည့် ကလေးပေမို့ ဒေါ်နန့်စံတို့ လင်မယားမှာ သည်းသည်းလှုပ်ဖြစ်နေရခြင်းပင်။
" မစားချင်ပါဘူးဆို "
ရှောင်းကျန့် ၏ အသံလေးက တိမ်ဝင်သွား၏။
ဆရာလေး နဲ့ စကားများခဲ့တာက တစ်ပတ်လောက်တောင် ရှိနေပြီ။
တစ်ပတ်အတွင်း ရှောင်းကျန့် အဘွားစုန်၏ အိမ်သို့ မသွားဖြစ်သလို ဆရာလေးရှိနေမည့် ကျောင်းနားသို့လဲ မသွားဖြစ်ခဲ့။
ဆရာလေးက နေနိုင်ပေမဲ့ ရှောင်းကျန့် ကတော့ စားမဝင် အိပ်မပျော် နဲ့ လွမ်းတသသဖြစ်နေသည်။
ဒါကို ဆရာလေးက သိနိုင်မည် မထင်။
" ဒီကလေးကတော့ ပြောရခက်ပါ့အေ နေမကောင်းဖြစ်ရင် ဒီအမေကြီးကဘဲ ပူရမှာ "
အမေစိတ်ပူတာကို ရှောင်းကျန့် နားလည်ပါသည်။
သို့ပေမဲ့ ရင်ထဲကအပူက ပိုပြင်းထန်၍ အမေ့စကားများအား လျစ်လျူရှူ့၍သာ ထွက်လာခဲ့တော့၏။
----
ကျောင်းရှေ့ကို ခဏခဏ မျှော်ကြည့်နေမိတာက ဒီနေ့နဲ့ပါဆို တစ်ပတ်တိတိရှိနေပြီ။
ဟိုကလေးကတော့ ရောက်မလာခဲ့ပေ။
ညဘက် ထမင်းစားချိန်ရောက်ရင် အရင်လို ငါးဟင်းဖွယ်ဖွယ်ရာရာလေးတွေ လာပေးမဲ့ ကလေးက ပျောက်ချက်သားကောင်းနေ၏။
ထိုငါးဟင်းတွေထက် ဝမ်ရိပေါ် ကြားချင်သည့် စကားက ကျနော်လိမ်မာပါ့မယ် ဆိုတဲ့စကားလေးတစ်ခွန်းသာ။