[Zawgyi]
“ 𝗘𝗧𝗛𝗔𝗡𝗣𝗛𝗢𝗕𝗜𝗔 ”
☕︎
“ ကိုယ်တို့ တွဲကြမလား ဂျယ်ယွန်း ”
စားလက်စ ခေါက်ဆွဲလုပ်လေးခမျာ ပါးစပ်ထဲပင်မရောက်လိုက် ။ လေထဲမှာတင် တန့်သွားကာ စိတ်အာရုံအလုံးစုံသည် လေဟာနယ်ထဲ ပြုတ်ကျသွားသလိုပဲ ။
ဂျယ်ယွန်း ကြားလိုက်ရတဲ့ စကားကို ကိုယ့်နားတောင်ကိုယ် မယုံကြည်နိုင် ။ မျက်စိရှေ့ကလူကတော့ ပေါ့ပါးနေလိုက်တာများ အပြုံးပင်မပျက် ။
“ အကိုအီသန် စနောက်နေတာဆိုရင် ဒီလိုထပ်မစနောက်ဖို့ တောင်းဆိုချင်တယ် ”
" ကိုယ့်ပုံစံက စ,နေတဲ့ ပုံပေါက်နေလို့လား ”
“ ပြန်ကြမယ် အိမ်မှာ အစ်မရီရာ စောင့်နေမှာ ”
“ ကိုယ်မင်းဆီက အဖြေကိုမကြားမချင်း ဒီနေရာက ခြေတစ်လှမ်းမှ မရွေ့ဘူး ”
“ တကယ်ကို စိတ်လွတ်သွားတာလား အကိုအီသန် .. သဘက်ခါနေရင် အကိုလက်ထပ်ရတော့မယ့် ကျွန်တော့်အစ်မ ရီရာ့ကို အားနာသင့်တယ် ”
“ ကျစ် ကိုယ်အခုပြောနေတာ မင်းနဲ့ကိုယ့် အကြောင်းပဲ ဂျယ်ယွန်း ... ”
“ မတွဲနိုင်ဘူး .. ဒီအဖြေဆိုရင် လုံလောက်ပြီမလား ”
ကွက်ကနဲပျက်ကျသွားတဲ့ မျက်နှာက လုံးဝကို နာကျင်သွား သယောင် ။ အကိုအီသန် ကဘာဖြစ်နေတာလည်း ။ ဒီနေ့ သူလိုချင်တဲ့ စာအုပ်လေးတွေ ဝယ်မှာမလို့ အကို့ကို လိုက်ပို့ခိုင်းမိတာကိုပင် နောင်တရချင်လာသလိုလို ။
ကားတံခါးဖွင့်ပေးတော့လည်း မျက်နှာသေနှင့် အကိုအီသန် က ခါးပတ်ကို ဂျယ်ယွန်း မျက်နှာအား စေ့စေ့ကြည့်ကာ တပ်ပေးလာသည် ။ နီးကပ်လွန်းလို့ ဂျယ်ယွန်း နှုတ်ခမ်းသားများပင် အကိုအီသန့်နှာဖျားနဲ့ ထိမိတော့မယောင် ။
“ အကိုအီသန် ဒီလိုဆက်လုပ်နေရင် ကျွန်တော် ကိုယ့်ဘာသာကိုယ် အိမ်ပြန်လိုက်ပါ့မယ် ”
“ သဘောပဲလေ ”
ထိုစကားကြောင့် အံ့ဩမှုနှစ်ဆတိုးသွားရပြန်သည့် ဂျယ်ယွန်း ။ အီသန်လီ ဆိုတဲ့ လူဟာ ဒီနေ့ဘာဖြစ်ချင်နေတာလည်း ။ အကြာသေးခင်ကတင် နူးညံ့နေတဲ့လူက အခုကျ ချက်ချင်းကြီး အေးစက်သွားပြန်သည် ။ မာနအခံလေးက ကြွလာတော့ seat belt ကိုပြန်ဖြုတ်ပြီး ကားပေါ်က ဆင်းလာခဲ့လိုက်သည် ။ တံခါးပင် သေချာပြန်မပိတ်ရသေး အရှိန်နဲ့မောင်းထွက်သွားသည့် အကိုအီသန် ။