ఌ︎ 𝗓𝖺𝗐𝗀𝗒𝗂 _
" ကိုကို မင်းကို စတွေ့တဲ့နေ့လေးကို အခုထိ မှတ်မိသေးတယ် ... စာအုပ်ထဲမှာ ဈာန်ဝင်နေတော့ မင်းခေါင်းလုံးလုံးလေးက တအားအသည်းယားဖို့ကောင်းခဲ့တာ "
Jaeyun လက်ဖမိုးကလေးကို ရေစိုဝတ်နဲ့ သန့်စင်ပေးရင်း Heeseung တစ်ကိုယ်ထဲ ပြောနေမိသည် ။ နေမထိလေမထိ တစ်လကျော် ဆေးရုံခန်းထဲ နေလာရတာမလို့ နဂိုရှိရင်းစွဲအသားရည်ထက် ပိုကာ ဖြူပြီး ကြည်လင်နေတဲ့ မျက်နှာကလေး ။ အိပ်ရတာကို သဘောကျတဲ့ ကလေးလေးက မျက်နှာလေးတောင် အနည်းငယ် ပြည့်လာသလိုပဲ ။ Jaeyun နဲ့ဆန့်ကျင်ဘက် Heeseung ကတော့ အတော်လေးပြိုသွားသည် ။ ချောင်ကျနေသော မျက်တွင်းတွေနှင့် နှုတ်ခမ်းမွှေးခပ်ရေးရေးတွေက မည်မျှ စိတ်ပင်ပန်းနေသလည်း အသိသာကြီး ။
" အဲ့နေ့ကစပြီး နောက်ရက်တွေတိုင်း မင်းနောက် ကိုကို လိုက်ခဲ့တာ ... ထမင်းမေ့ဟင်းမေ့ မင်းမျက်နှာလေးပဲ လိုက်မော်ဖူးခဲ့တာလေ ... "
လက်ဖမိုးကလေးပြီးတော့ စောင်ဖြူဖြူအောက်က ဆေးရုံဘောင်းဘီထဲ မြုပ်နေတဲ့ ခြေဖမိုးဖြူဖြူလေးတွေကို ဆက်ပြီး သန့်စင်ပေးနေသည် ။ အသည်းယားစရာ Jaeyun ခြေထောက်ကလေးက Heeseung လက်ဖဝါးကျယ်ကျယ်ထဲ အံဝင်ဂွင်ကျ ။ တကယ်က Jaeyun ဖြစ်တည်မှုလေးကကို Heeseung ရဲ့အရာအားလုံးနဲ့ ကိုက်ညီလို့နေခဲ့တာပင် ။
" ဒါပေမယ့် ကံတရားက ကိုကိုတို့ကို မျက်နှာသာမပေးခဲ့ဘူး အခုလိုတွေဖြစ်လာရတာလေ "
အက်ကွဲနေသော Heeseung အသံက ကြားရသူတိုင်း မျက်ရည်ဝဲဖွယ် ။ အားလုံးပြီးစီးသွားတော့ နဖူးပေါ် ဝဲကျနေတဲ့ Jaeyun ဆံပင်ညိုညိုလေးတွေကို သေချာလေး သပ်တင်ပေးကာ နဖူးပြင်လေးထက် အနမ်းခြွေလိုက်သည် ။
" ကိုကိုလေ သိပ်ကိုလွမ်းနေပြီ သည်းငယ် "
မျက်ရည်တစ်စက်သည်လည်း Heeseung ပါးပြင်မှတဆင့် Jaeyun နဖူးပြင်ထက် သက်ဆင်းသွားတော့သည် ။ ဆေးပိုက်တွေနဲ့ပြည့်နေတဲ့ Jaeyun ရဲ့ ညာဘက်လက်မှ လက်ညိုးကလေး ခပ်ဆဆလှုပ်သွားတာကိုတော့ Heeseung သတိမထားမိခဲ့ပေ ။
***
" Park Jayhoon နဲ့ Park Sunghoon !!! ဘာကိစ္စ မဟားတရားတွေသောင်းကျန်းနေကြတာလည်း "