"နွေ အဲ့ရေကန်အလယ်က တံတားလေးပေါ်မှာ လမ်းလျှောက်ချင်လိုက်တာ" နွေမှ ရေပြင်ကြီးကို ငေးပြီး စကားစသည်။"နွေ လျှောက်ချင်ရင်လျှောက်မယ်လေ"
"ရတာလား..." နွေမျက်လုံးအဝိုင်းသားလေးဖြင့်
"အွန်းပေါ့...လာ"နွေ့လက်လေးကိုဆွဲပြီး နွယ်မှဦးဆောင်ပြီး တံတားဘက်သို့ ခေါ်သွားသည်။
လက်ကိုင်ခံရသည့်နွေမှာ လမ်းတစ်လျှောက်လုံး နွေရင်တွေထိန်းမရအောင်ပင်။
တံတားအစပေါ်ရောက်မှ နွေ့လက်ကိုလွှတ်ပေးသည်။
နွေကတော့ တံတားပေါ်တွင် ခြေလှမ်းများကို ဖြည်းညင်းစွာ လှမ်းရင်း ရေပြင်ကျယ်ကြီးကို တံတားလက်ရန်းပေါ်တွင် လက်တင်လျက်ငေးမော မှင်သက်နေမိသည်။
ရေပြင်ကနေ အရှိန်အလျင်နှင့် တိုက်ခတ်လာတဲ့ လေတွေကြောင့် နွေ့ရဲ့ နီညိုရောင်ဆံနွယ်လေးတွေဟာ ဦးတည်ရာမရှိ လေတိုက်ရာအတိုင်း လွင့်ပျံရစ်ဝဲနေတော့သည်။
ဆံနွယ်လေးတွေက လေပေါ်မှာ ပျံလွင့်နေသည့်အပြင် ဆွယ်တာ လည်ဟိုက်ကို ဝတ်ထားသဖြင့် ဖြူဖွေးဥနေပြီး သွေးကြောစိမ်းရောင်များကိုပင် အတိုင်းသားမြင်ရနိုင်သည့် နွေ့လည်တိုင်လေးဟာ အထင်းသား ပေါ်နေသည်။
နွယ် ကိုယ်တိုင်ပင်မသိပေ။ နွေ့ရဲ့ လှုပ်ရှားမှုတိုင်းဟာ ကဗျာဆန်လွန်းပေသည်။ ထိုနီညိုရောင် ဆံနွယ်နဲ့ သူမကို နွယ်
မေးထောက်လျက်ပင် ငေးနေမိတော့သည်။နွယ့်ဘက်ကို လှည့်ကြည့်လိုက်တော့...... ချက်ချင်းဆိုသလို အကြည့်လွှဲသွားလေရဲ့ ။ အန်တီက လာလာခိုးကြည့်နေတာ...နွေမမြင်ဖူးများထင်နေသလား။ သူခိုးလေး ဟွန်း။
နွေက နှုတ်ခမ်းလေး တစ်ခြမ်းသာ ကွေးနေအောင်ပြုံးလျက် ရေပြင်ဘက်သို မျက်နှာပြန်မူပြီး
"ဒီမြို့လေးက..နွေ့ တစ်သက်လုံး မနိုးထလာခဲ့တဲ့ အချစ်စိတ်ကိုလေးကို နိုးကြားစေခဲ့တယ်" တည်ငြိမ့်စွာဖြင့်
နွယ့်ဘက်ကို လှည့်ကြည့်လိုက်တော့ နွယ်က နားမလည်သောပုံစံဖြင့် နွေ့မျက်လုံးတွေကို စိုက်ကြည့်နေလေ၏။ သူမသိတယ်...သေချာတယ်။ မသိချင်ယောင်ဆောင်နိုင်လွန်းလိုက်တာ...ဒေါ်မြသက်နွယ်ရယ်။
YOU ARE READING
ရစ်ပတ်တတ်သော နွယ် (gl) <Complete>
Romanceနွယ်မျှင်တွေလိုဘဲ နွယ်ဟာ ကိုယ့်စိတ်ရဲ့တစ်စုံတရာကို တဒဂ်အတွင်း ရစ်ပတ်ချည်နှောင်သွားစေတယ် ။