[UNICODE]
အိပ်ရာခင်းအဖြူပေါ်တွင် စောင်ပါးပါးလေးခြုံကာ အသက်ရှူသံမှန်မှန်ဖြင့် အိပ်ပျော်နေသော Kim Seokjinရဲ့ပူပူနွေးနွေးအမျိုးသားလေး။ အပြင်ကရှုခင်းတွေကို လျစ်လျူရှုကာ ထိုအမျိုးသားလေးအိပ်နေတဲ့မြင်ကွင်းကိုပဲ သူအာရုံစိုက်နေမိသည်။ ဆံပင်အနက်ရောင်နဲ့ခေါင်းလုံးလုံးလေး၊ နဖူးပြေပြေပေါ်မှာ ထင်းနေတဲ့မျက်ခုံးနက်နက်တစ်စုံ၊ အိပ်မောကျနေသဖြင့် မြင်ရသော မျက်ခွံမို့မို့လေးတွေ၊ နမ်းလိုက်ရင် အိဝင်သွားသော ဖြူဖြူအုအုပါးလေးနှစ်ဖက်အပြင် သူခုနကလေးတင် အသဲယားလို့ကိုက်ဆွဲထားတဲ့ ယုန်နှာခေါင်းလုံးလုံးလေး၊ အဲ့နောက်တော့ သူအမြတ်နိုးရဆုံးသော နှုတ်ခမ်းပါးပါးရဲရဲအောက်က မှည့်နက်လေး။ ကလေးငယ်ရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီက Kim Seokjinအတွက်တော့ အဖိုးမဖြတ်နိုင်သော ရတနာတစ်မျိုးစီလိုပင်။
ကြည့်နေရင်းကပင် တအင်းအင်းတအဲအဲဖြင့် မျက်လုံးကိုအကြမ်းပရမ်းပွတ်ကာ နိုးလာတဲ့ ကလေးငယ်။ အကောင်ပေါက်ရဲ့လက်တွေကို သူအမြန်ဆွဲကိုင်လိုက်ပြီး-
"ကုကု အဲ့လိုမပွတ်နဲ့လေ မျက်လုံးတွေနီကုန်ပြီ"
"ဟီးဟီး..."
သွားညီညီလေးတွေကိုဖြီးပြီး သူ့ကိုပြုံးပြပေမဲ့ လူကတော့ ကောင်းကောင်းနိုးသေးပုံမပေါ်။
"ဗိုက်ဆာပြီလား ကုကု ဘာစားချင်လဲ ကိုယ်ဒီကနေလှမ်းမှာလိုက်မယ်"
"ကုကုတို့က 'မြန်မာ'ရောက်နေတာဆိုတော့ 'မြန်မာ'အစားအစာမှာစားကြည့်ရအောင် အစ်ကို"
"local foodက နက်ဖြန် Hoseokနဲ့လျှောက်လည်တော့မှ စားရင်ကောင်းမလားလို့ ကိုယ်တို့ကဘယ်ဟာဘယ်လိုဆိုတာသိတာမဟုတ်ဘူးလေ တော်ကြာမှာပြီးမှ မစားတတ်ရင် နှမြောစရာ"
"အင်းနော် အဲ့တာလည်း ဟုတ်တာပဲ အာ့ဆို ကုကုကို ပေါင်မုန့်မီးကင်နဲ့ နို့ပဲမှာပေးတော့ အာ...ဒီမှာ banana milkရလားမသိဘူး အစ်ကိုမေးကြည့်ပေးပါလားဟင်"
"အင်း ကိုယ်မေးထားပေးမှာမို့လို့ ခုတော့အရင် သွားတိုက်လိုက်အုံး အာပုတ်လေး"