"ကျောင်းဆရာလေး လာပြီလားဗျ?"
ကျောင်းဝန်းထဲဝင်ဝင်ခြင်း သူကြီးဦးဘငိုကဆိုလာတော့ နောင် ပြုံးလို့ ခေါင်းငြိမ့်ပြရင်း ပြန်ဖြေဖြစ်လိုက်သည်။
ကျောင်းဝန်းထဲ သူကြီးအပါအဝင် ကိုချက်ဖောင်း၊ကျေးလက်ဆေးပေးခန်းမှ ဆေးမှူး ကိုသူရိန်နှင့် နောင် အပါအဝင် စုစုပေါင်းလေးယောက်ဖြစ်၏။
"နွေလတွေထဲကပိတ်ထားတော့ ကျောင်းကပြုပြင်စရာများမယ်ထင်တယ် စိတ်တိုင်းမကျတာ ပြုပြင်ချင်တာရှိရင် အားမနာနဲ့ကျောင်းဆရာလေးရေ"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ"
သူကြီးပြောသလိုပင် ကျောင်းက အမှန်တစ်ကယ် ပြုပြင်ဖို့လိုနေတာဖြစ်၏။ကျောင်းဝန်းအတွင်းပိုင်းကတော့ ရှင်းလင်းထားဟန်ပင်။ခြုံနွယ်တို့ကင်းရှင်း၍ ပြောင်ပြောင်လင်လင်ဖြစ်သည်။
ခပ်ကျယ်ကျယ် ပြန့်ပြန့်ပြူးပြူး မြေတလင်းပြောင်ကိုကြည့်ရင်း ကျောင်းကစားကွင်းအဖြစ် ပြုလုပ်ရန် နောင် တွေးထားလိုက်သည်။
"သူကြီးတို့က ရောက်နေကြပြီလားဗျ?"
အသံနှင့်အတူ နောက်ထပ်ဝင်လာသည့် လူငယ်တစ်စု။နောင့်ထက်ငယ်မည့်ပုံရသော ကောင်လေးနှင့် ကောင်မလေးနှစ်ယောက်ဖြစ်၏။တစ်ဦးကတော့ နောင်သိနှင့်ပြီးသားသူပင်။ရွာရောက်တုန်းက ဆုံဖူးသည့် ထွေးရီဟုခေါ်သော ညိုချောလေးပင်။
"လာကြပြီလားဟ လာလာ"
သူကြီးမှ အခေါ်ပြုတော့ ကလေးတွေက နောင်တို့ရပ်နေရာ မြေပြန့်ကျယ်ဆီ အလျှိုလျှိုလျှောက်လို့လာကြ၏။။
"ကျောင်းဆရာရေ ဒါ ကျောင်းဆရာကို ကူမယ့် အကူကလေးတွေ သူက မိုးစွေ"
"မိုးစွေပါခင်ဗျ"
"ကူညီပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ"
သူကြီးကမိတ်ဆက်ပေးတော့ ကောင်လေးက နောင့်အား ရိုရိုကျိုးကျိုးနှုတ်ဆက်သည်။နောင်မှပြန်နှုတ်ဆက်တော့ သူကြီးက နောက်တစ်ယောက်ကို ထပ်မံမိတ်ဆက်၏။
"သူက မြသီတာ သူကထွေးရီ"
"ကျွန်တော့်ကို ကူညီပေးကြပါဦးခင်ဗျ"
YOU ARE READING
နေမလား မောင့်ရင်ထဲဝယ်
FantasyThis is My First Own Creation ✨ Started Date :9/March/2022