"စာလာတယ်ဗျို့..."
ခြံရှေ့မှ စာပို့သမားလေး၏ အသံကြောင့် မသီတာ ဟင်းချက်နေရာမှနေ၍ အိမ်ရှေ့သို့ အလျင်အမြန်ထွက်လာလိုက်သည်။ကိုသက်နောင်ကား အိမ်တွင်မရှိ။ရုံးတက်ရက်မဟုတ်သော်လည်း ရုံးမှ သူငယ်ချင်းအချို့နှင့် လက်ဘက်ရည်သောက် ချိန်းထားတာကြောင့် မနက်အိပ်ယာနိုးကတည်းက ထွက်လို့သွားတာဖြစ်သည်။
"ကျေးဇူးနော်.."
ခြံရှေ့ရှိ စာပို့သမားလေးထံမှ စာအိတ်ကို လက်ထဲလွှဲပြောင်းယူပြီးပါမှ အိမ်ပေါ်သို့ ပြန်လည်လာခဲ့လိုက်သည်။စာအိတ်အပေါ်၌ ပါရှိသော လက်ရေးလှလှတွေကြောင့် သားဖြစ်သူထံမှစာဆိုတာကို ဖွင့်ဖတ်စရာမလိုပဲ သိနှင့်ပြီးသားဖြစ်၏။
(ဖေဖေနှင့်မေမေ..)
စကားဦးသန်းထားသော ရိုးရှင်းသည့် နှုတ်ဆက်စကားကို မြင်ရတော့ သူမမှာ မပြုံးပါပဲနှင့် မနေနိုင်။သားက ထိုသို့ပင် ဒေါသကြီးသော််ငြား အနေအထိုင် အပြောအဆို ရိုးရှင်းတာကြောင့် သူ့အဖေနှင့်သူ့အား လူရိုးသားအဖဟု သူမ စနောက်ခေါ်တွင်ခဲ့ဖူးတာကို အမှတ်ရလိုက်မိသည်။
(ဒီစာကို ဖေဖေ့လက်ထဲ အရင်ဦးစွာရောက်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်..)
ဒုတိယစာကိုဆက်လို့ဖတ်တော့ သူမစိတ်ထဲဝယ် နေလို့သိပ်မကောင်းချင်။သားထံမှာ သူမအားမသိစေချင်သော လျှို့ဝှက်ချက်သေးသေးလေးတွေ ရှိနေပြီဟူသော အသိက သူမ၏ မိခင်စိတ်အား ခပ်ပါးပါးလေးထိခတ်လို့ ဝမ်းနည်းစိတ်အား ခပ်ဖြည်းဖြည်းလေး လှုံ့ဆော်လာ၏။
တစ်ဆက်ထဲမှာပဲ စာရွက်လေးအား စာအိတ်ထဲပြန်ထည့်လို့ သားသမီးနှင့် မိဘအကြား ထားရှိရမည့် ထားရှိသင့်သည့် အလေးထားမှုကို သူမ ဂရုပြုလိုက်သည်။မည်သို့ပင် မိဘဖြစ်လင့်ကစား သားသမီး၏ ကိုယ်ရေးကိုယ်တာဖြစ်လျှင် သို့တည်းမဟုတ် ထုတ်ပြောရန်အတွက် အဆင်သင့်မဖြစ်သေးသော ကိစ္စရပ်ဆိုလျှင် ကိုယ်ရေးကိုယ်တာအတွက် စည်းတစ်ခု ထားပေးရမည်ဆိုတာကို သူမ ကောင်းစွာသိနေတာကြောင့် ဖတ်လက်စ စာရွက်လေးအား စာအိတ်အတွင်း ပြန်လည် သိမ်းဆည်းလိုက်၏။

YOU ARE READING
နေမလား မောင့်ရင်ထဲဝယ်
FantasyThis is My First Own Creation ✨ Started Date :9/March/2022