ဆိုးလ်၏ ဧပြီလက အတော်ပူသည်။ အထူးသဖြင့် အပူချိန်အမြင့်ဆုံးဖြစ်သည့် ယခုလိုမွန်းလွဲချိန်မျိုးမှာ ပိုဆိုးသည်။
အခန်းထဲအောင်းနေလျှင် အိုက်စပ်စပ်နှင့် နေရထိုင်ရခက်သလို အပြင်ထွက်ပြန်လျှင်လည်း ပြင်းထန်သည့်အပူရှိန်ကြောင့် မသက်သာလှပေ။အားလပ်ရက်မဟုတ်တာကြောင့် ပန်းခြံထဲမှာ ပုံမှန်ထက်လူပါးနေသည်။ အပင်အောက်က ခုံတန်းရှည်တွေမှာ လူတစ်ယောက်စနှစ်ယောက်စကိုသာ တွေ့ရ၏။
တိတ်ဆိတ်မှုနှင့် ပူအိုက်သည့်ရာသီဥတု၏ ပေါင်းစပ်ခြင်းက ပတ်ဝန်းပတ်ဝန်းကျင်ကို ခြောက်ကပ်ကပ်နိုင်စေသည်။နေ့လည်စာစားပြီးနောက် ပထမဆုံးအတန်းချိန်မစခင်မှာပဲ Jenoတို့နှစ်ယောက်သား ကျောင်းဝန်းအပြင်ကိုထွက်လာခဲ့ကြသည်။ အတန်းလစ်ပြီးနောက် ဘယ်ကိုသွားကြမည်မှန်းတော့ တိတိကျကျအစီအစဉ်မရှိ။ ပူအိုက်သည့်ရာသီဥတုကြောင့် ဟိုဟိုဒီဒီလည်း လျှောက်မသွားချင်ကြပေ။ နောက်ဆုံးတော့ ရေခဲမုန့်ဝင်ဝယ်ပြီး ပန်းခြံဆီကိုပဲဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ကြ၏။
Donghyuck နှင့် Jenoက အရိပ်ကောင်းကောင်းရသည့် အပင်တစ်ပင်အောက်ကခုံပေါ်မှာထိုင်ဖို့ ရွေးချယ်လိုက်သည်။ လက်ထဲတွင်တော့ ရေခဲမုန့်ကိုယ်စီကိုင်ထားလျက်ပင်။
ရေခဲမုန့်ကိုသာ အားရပါးရစားနေသည့် Donghyuck ကို Jenoတစ်ချက်လှမ်းကြည့်မိ၏။
မသိမသာငေးကြည့်နေကျ မျက်နှာနုနုက နေအပူရှိန်ကြောင့် ချွေးအနည်းငယ်စို့နေသည်။
Donghyuck က သူ့ရဲ့အာရုံတွေကို မကြာခင်အရည်ပျော်သွားလောက်တော့မည့် ရေခဲမုန့်ဆီကိုသာ အပြည့်အဝပေးထားတာကြောင့် Jenoကို သတိထားမိပုံမပေါ်။နွေဦးလေပြည်ဟာ အေးချမ်းမှုကိုသယ်ဆောင်၍ တသွေ့သွေ့ဝေ့ဝဲ၏။ ချွေးစအနည်းငယ်ကပ်ညှိနေသည့် Donghyuckရဲ့အညိုရောင်ဆံပင်တွေက လေအဝှေ့မှာ အသာအယာယိမ်းခါသွားသည်။
လှသည်။ Jenoအတွက် တကယ်ကိုလှပပါသည်။
Donghyuckရဲ့ဖြစ်တည်မှုက ဖရဲသီးစိတ်အေးအေးလေးတွေလို နွေဦးလေပြည်သဲ့သဲ့လေးလို သူ့နှလုံးသားကို အေးချမ်းမှုတွေနှင့် ရစ်သိုင်းစေသည်။