မနက်စောစောအချိန်တွင် မြူနှင်းမှုန်များအစား ခပ်နွေးနွေးနေရောင်ခြည်က လောကတစ်ခွင်ကိုဖုံးလွှမ်းထားသည်။
လမ်းဘေးဝဲယာတစ်လျှောက်တွင်လည်း တဖြုတ်ဖြုတ်ကြွေကျနေတဲ့သစ်ရွက်ခြောက်များနှင့် ပြည့်နှက်နေ၏။
ရာသီစက်ဝန်းသည် နွေးထွေးပြီး လွမ်းမောဖွယ်ကောင်းသည့် နွေဦးသို့ ကူးပြောင်းလာပြီဖြစ်သည်။မနက်စောစောကျောင်းသွားဖို့ အိမ်မက်တောင်မမက်ဖူးတဲ့Jenoက ဒီနေ့မနက်တော့ အိပ်ရာစောစောနိုးနေတာကြောင့် တစ်အိမ်လုံးကမျောက်ပွဲကြည့်သလိုဝိုင်းကြည့်ခြင်းကို ခံလိုက်ရသေးသည်။
ဒီနေ့ ကျောင်းမသွားခင် သူငယ်ချင်းတစ်ယောက်ကိုဝင်ခေါ်ဖို့ ကတိပေးထားတာကြောင့်ဟု ခပ်မြန်မြန်ပဲ ပြန်ဖြေလိုက်ရသည်။ပုံမှန်ဆို Donghyuckက အိမ်ချင်းသိပ်မဝေးတဲ့Renjunနဲ့အတူ ကျောင်းကိုလမ်းလျှောက်လာနေကျဖြစ်သည်။ မနေ့က Renjunကနေမကောင်းတာကြောင့် နေ့တစ်ဝက်နဲ့အိမ်ပြန်သွားရပြီး မနက်ဖြန်တစ်ရက်လည်း ကျောင်းလာဖို့မသေချာကြောင်းကိုပါပြောသွားသည်။
အရာအားလုံးက Jenoကို Donghyuckနဲ့အတူ ကျောင်းသွားခွင့်ရဖို့ ဖန်တီးပေးထားသလိုပင်။ Donghyuckက သူ့ကိုတကူးတကဝင်ခေါ် ရမယ့် သူငယ်ချင်းကို အားနာပေမယ့် စိတ်ပါလက်ပါကူညီချင်နေတဲ့Jenoရဲ့စေတနာကို မငြင်းနိုင်ခဲ့ပေ။
ချက်ချင်းလက်ငင်းဖျားသွားတဲ့ချစ်သူငယ်ချင်းကို Jenoကျေးဇူးတင်လို့မဆုံးပါ။ ရာသီဥတုကလည်း ဒီနေ့မှ ပိုလို့တောင် သာယာနေသယောင်။Donghyuckနေတဲ့ လမ်းထိပ်နားကိုရောက်လာတော့ ကားရပ်ခဲ့ပြီး လမ်းဆင်းလျှောက်ခဲ့လိုက်သည်။ တဖြုတ်ဖြုတ်ကြွေကျနေသည့် သစ်ရွက်များဖုံးလွှမ်းထားသောလမ်းသွယ်တစ်လျှောက်က သူမြင်ဖူးနေကျရုပ်ရှင်ဇာတ်ဝင်ခန်းတွေနဲ့တောင် ဆင်တူနေသည်။
တစ်ခုတည်းသောကွာခြားချက်ကတော့ Jenoက တစ်ယောက်ထဲဖြစ်နေခြင်းပင်။ ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာတော့ အဓိကဇာတ်ကောင်နှစ်ယောက်က လက်တွဲပြီးအတူလမ်းလျှောက်လေ့ရှိကြသည်မဟုတ်လား။Jenoက လေအဝှေ့မှာကြွေကျလာသည့် အနီရောင်သစ်ရွက်ခြောက်တစ်ချို့ကိုဖမ်းမိဖို့ အပီအပြင်ကြိုးစားလျက်ရှိသည်။
မျက်စိရှေ့မှာ ဖြတ်ခနဲမြင်လိုက်ရသည့် သစ်ရွက်ခြောက်ဆီကိုလက်လှမ်းပေမယ့် အနည်းငယ်နောက်ကျသွားတာကြောင့် ထိုသစ်ရွက်ခြောက်ကမြေပြင်ပေါ်ကိုပဲ တန်းတန်းမတ်မတ်ကျဆင်းသွားသည်။