တိတ်ဆိတ်မူကြီးစိုးနေသည့် နယ်မြို့လေးထဲရှိဆေးရုံဝင်း၏ညနက်ချိန်သည် သာမန်ထက်ပို၍လှုပ်ရှားသံကင်းမဲ့ကာငြိမ်သက်နေသည်။
ဂျယ်ယွန်းလှဲလှောင်းနေသည့်ဆေးရုံခန်းထဲတွင်လည်း ဆေးအဖြူရောင်သုတ်ခြယ်ထားသည့်နံရံပေါ်မှနာရီလက်တံသံ တဂျောက်ဂျောက်နှင့် လေတိုးဝှေ့ခြင်းကြောင့်ရိုက်ခတ်နေသည့် အဖြူရောင်ခန်းစီးလိုက်ကာစများ၏ရိုက်ခတ်သံများကသာ ကြီးစိုးလို့နေသည်။တချက်ချက်ကြားနေရသည့် ပြတင်းတံခါးခပ်လှမ်းလှမ်းဆီမှပျံ့လွင့်လာတတ်သည့် တကျွီကျွီမြည်နေသည့်ဒန်းလွှဲသံသည် စိတ်ခြောက်ခြားဖွယ်ကောင်းလွန်းသည့် ညနက်ချိန်ကိုပို၍လေးနက်စေသယောင်။
လော့ချထားခြင်းမရှိသည့် သစ်သားတံခါးချပ်လေးသည် တစ်စုံတစ်ယောက်၏တွန်းဖွင့်ခြင်းကိုခံလိုက်ရပြီးနောက်တွင်
သံချေးတက်ချင်နေသည့်ပက်တားများကြောင့်တဂျီဂျီမြည်သံနှင့်အတူ ဆေးညိုရောင်ခြယ်သထားသည့်သစ်သားတံခါးလေးသည်ခပ်ဖြေးဖြေးပွင့်ဟသွားခဲ့ပြီး အေးစိမ့်စိမ့်လေထုသည်အခန်းတွင်းသို့ သိသိသာသာဝေ့ဝဲလို့ တိုက်ခတ်လာခဲ့သည်။တံခါးဝနားမှတဆင့်တရွေ့ရွေ့ဖြင့်ချဉ်းကပ်လာသည့်ခြေသံများသည် ကုတင်ထက်၌ငြိမ်သက်စွာလှဲလှောင်းနေသည့်ဂျယ်ယွန်း၏အနားသို့အရောက်တွင်ရပ်တန့်သွားခဲ့သည်။
"ဂျယ်ယွန်း...."
ခပ်ဝေးဝေးမှခေါ်သံတစ်ခုလိုပဲ ဝေဝါးလွန်းသည့်အမည်နာမအားခေါ်ဆိုသံတစ်ခုသည် တိုးလျသော်လည်းမျက်လွှာများဖိမှိတ်ကာ လှဲလှောင်းနေသည့်ဂျယ်ယွန်း၏နားထဲသို့အထပ်ထပ်ပဲ့တင်ရိုက်နေခဲ့သည်။
"ဂျယ်ယွန်း ထပါဦး "
ဖြူလွှလွှကုတင်ထက်၌လှဲလှောင်းနေသည့်ဂျယ်ယွန်း၏ အသာယာဖိမှိတ်ထားမျက်လွှာလေးများသည် ခပ်ဖြေးဖြေးဖွင့်ဟလာခဲ့ပြီးနောက် ကုတင်ဘေးမှအသံလာရာဆီသို့မှန်းဆ၍ငဲ့ကြည့်မိသည့်အခါ ဂျယ်ယွန်း၏မျက်ဝန်းရိပ်များ၌ပုံရိပ်ထင်ဟပ်လာသူသည် ဆောင်းဟွန်း၏ဘေးတွင်အမြဲမြင်ရတတ်သည့် အယုံကြည်ရဆုံးသောသူဖြစ်သည့်ဂန်ဟွန်းပင်ဖြစ်သည်။