အုပ်မှိုင်း၍ရီဝေနေသည့်ကောင်းကင်ပြင်သည် လောကကြီးထဲမှအပြီးတိုင်စွန့်ခွာသွားခဲ့ပြီဖြစ်သည့် ယွန်းဂန်ဟွန်းအတွက်ဝမ်းနည်းပူဆွေးပေးနေသယောင်ထင်မှတ်ရသည်။
စိမ်းဖန့်ဖန့်ရွက်သစ်တို့ဖြင့်ဝေဆာနေသည့်သစ်ပင်၏ ကိုင်းခက်များတွင်ချည်နှောင်ထားသည့် အဖြူရောင်ပုဝါစများသည်တိုက်ခတ်နေသည့် လေပြေညင်းများနှင့်အတူလေဟာနယ်အတွင်း၌ တဖျပ်ဖျပ်ရိုက်ခတ်၍လွှင့်မြောနေကြသည်။တဖြောက်ဖြောက်မြည်ကြွေးနေသည့် ထင်းမီးတောက်များနှင့်အတူလောင်ကျွမ်းနေပြီဖြစ်သည့် ယွန်းဂန်ဟွန်း၏ရုပ်အလောင်းကိုငေးကြည့်ရင်း ဂျယ်ယွန်းကတိတ်တဆိတ်မျက်ရည်ကျနေခဲ့သည်။
နှုတ်ဖျားဆီမှအဖန်တရာထေအောင် တိတ်တဆိတ်ရေရွတ်နေခဲ့မိသည်မှာ "တောင်းပန်ပါတယ် ငါ့အမှားတွေပါဂန်ဟွန်းရယ်"ဆိုသည့်အပြစ်တင်စိတ်များနှင့်ရောယှက်နေသည့် စကားတခွန်းတည်းကိုသာဖြစ်သည်။အရှိန်ပြင်းစွာလောင်ကျွမ်းနေခဲ့သည့် မီးတောက်များသည်
တောက်လောင်ခြင်းများ တဖြေးဖြေးချည်းရပ်တန့်သွားသည့်အချိန်တွင်တငွေ့ငွေ့တက်နေသည့် မီးခိုးငွေ့များကသာကျန်ရစ်ခဲ့တော့သည်။
ငြိမ်သက်သွားပြီဖြစ်သည့်မီးစာပုံအနားမှလူများသည်တဖြေးဖြေးဖြင့်တစ်ဦးချင်းထွက်ခွာသွားကြပြီဖြစ်သည့်တိုင် လက်ဖဝါးလေးနှစ်ဖက်အားခပ်ကျစ်ကျစ်အပြန်အလှန်ဆုပ်ကိုင်၍ မျက်ရည်စများဖြင့်တစ်ယောက်တည်းကျန်ရစ်ခဲ့သည့်ဂျယ်ယွန်းကို ခပ်ဝေးဝေးတနေရာတွင်ရပ်ရင်း ဆောင်းဟွန်းငေးကြည့်နေခဲ့သည်။" သူမရှိတော့ကအဲ့လောက်ဝမ်းနည်းစရာကောင်းတာလား။"
"မင်းတကယ်ရော ကိုယ့်ကိုချစ်ရဲ့လား။ "
တစ်ယောက်တည်းသာ မေးခွန်းထုတ်ရင်းဆောင်းဟွန်းရေရွတ်နေခဲ့သည်။ လောကကြီးထဲတွင်ဘာတစ်ခုမှဂျယ်ယွန်းအတွက် မကျန်တော့သယောင် ဝမ်းနည်းပြနေသည့်ပုံရိပ်ကဆောင်းဟွန်းအတွက် ခံပြင်းစရာကောင်းလွန်းနေပြန်သည်။
" မင်းတကယ်တော့ကိုယ့်ကိုချစ်တာမဟုတ်ဘူးဂျယ်ယွန်း ၊
မင်းကယွန်းဂန်ဟွန်းကိုချစ်တာမဟုတ်လား ။ "