အမှောင်ရိပ်အနည်းငယ်ကျချင်နေသည့်အခန်းကျယ်အတွင်းတွင် မျက်နှာချင်းဆိုင်ရပ်ကာ ကိုယ်ဆီတိတ်ဆိတ်နေကြသည့် ဆောင်းဟွန်းနှင့်ဂျယ်ယွန်းကြောင့် အခန်းတွင်းရှိလေထုသည် ညနက်ချိန်၏လေအေးများထက်ပင် ပို၍အေးစက်နေသယောင်။ မျက်ဝန်းအိမ်များသည် ညဉ့်နက်ချိန်၏ရောင်ပြန်ဟပ်နေသည့် မှိန်ဖျော့ဖျော့လရောင်အောက်၌ နာကျင်မူများပျော်ဝင်၍အက်ကွဲနေကြောင်းကို ရှင်းလင်းစွာမြင်နေရသည်။
ထွန်းညှိထားသည့်ဝါကျင်ကျင်မီးအလင်းရောင်အောက်တွင်မြင်နေရသည့်ဆောင်းဟွန်း၏ မျက်နှာထက်၌သွေးဆို့နေသည့်ဒဏ်ရာတချိူ့ရှိနေခြင်းသည် ရေခဲရိုက်ထားသယောင်အေးစက်စက်မျက်နှာထား၏ ခက်ထန်ခြင်းနှင့်ပို၍လိုက်ဖက်လွန်းနေသည်။
" မင်းမလို့ ငါ့ရဲ့မိသားစုအပေါ်ကို ဒီလိုလုပ်ရက်တယ်။ "
တိတ်ဆိတ်နေသည့်လေထုအားဖြိုခွင်းလိုက်သည့် ခပ်တိုးတိုးစကားသံလေးထဲတွင် နာကျည်းမူနှင့်အတူမယုံကြည်နိုင်ခြင်းများစွာကကိန်းအောင်းနေသည်အား ဆောင်းဟွန်းကရိပ်မိသည်မို့ မျက်ခုံးတချက်ပင့်လိုက်မိသည်။
" ရှင်းဂျယ်ယွန်းလိုလူက အစ်ကို့ကိုအခြားသူစိမ်းတွေလောက်တောင် ဘယ်တော့မှယုံကြည်ပေးလာမယ့်သူမျိူးမဟုတ်ခဲ့ဘူး "ဆိုသည့် နီခီပြောခဲ့သည့်စကားသံကပါ အကြားအာရုံထဲ၌ပြန်လည်ရိုက်ခတ်လာသည့်အခါ သွေးစအနည်းငယ်ဆို့နေသည့် အောက်နှုတ်ခမ်းပါးကို ဆောင်းဟွန်းခပ်ကြိတ်ကြိတ်ကိုက်ခဲ၍ ခေါင်းကိုငုံ့ချလိုက်မိသည်။
အကဲခတ်တော်လွန်းသည့်နီခီ့ဆီမှာ ဂျယ်ယွန်းနှင့်ကြားမှ ဖြစ်ပျက်နေသည့် ပြသနာများကိုရင်ဖွင့်လိုက်မိသည့်အချိန်တုန်းက ဒီလိုမျိူးစကားပြောထွက်ခဲ့သည့် နီခီ့ကိုဆောင်းဟွန်းစိတ်ဆိုး၍ ခရီးမြန်မြန်ပြန်ထွက်ရန်ပင်အမိန့်ပေးကာနှင်လွှတ်ခဲ့မိသည်။ နီခီ့စကားများကအမှန်တကယ်ဖြစ်နေသည်ကို မျက်နှာခြင်းဆိုင်တွင် ရပ်နေသည့်ရှင်းဂျယ်ယွန်းကြောင့် ဆောင်းဟွန်းရင်နာနာဖြင့် လက်ခံလိုက်ရတော့မလိုပင်ဖြစ်နေသည်။
ဆောင်းဟွန်းကိုကျွန်တော်ယုံကြည်ပါတယ်ဆိုပြီး ရှင်းဂျယ်ယွန်းပါးစပ်က တတွတ်တွတ်ပြောခဲ့သည့်စကားလုံးတွေသည် အမှန်တကယ်သာဖြစ်ခဲ့မယ်ဆိုရင် ဘယ်ကရောက်လာမှန်းမသိ ဘယ်သူပို့လိုက်မှန်းမသိပဲ ရောက်ရောက်လာတတ်သည့်စာစောင်တွေအတွက်နဲ့တော့ သူ့အပေါ်မမေးမမြန်းပဲ ဒီလိုတွေစွပ်စွဲနေမှာတော့မဟုတ်ဘူးမလား။