4

48 5 0
                                    

ဆံပင်စတွေ တတိတိဖြတ်ချရာကနေ
သံယောဇဉ်တွေကို တတိတိဖြတ်။
နှုတ်ခမ်းအရောင်တွေတင်ချင်လာတယ်။
တနင်္ဂနွေနေ့တွေ ရောက်ချင်လာတယ်။

လိပ်ပြာတွေ ဟောတစ်ကောင် ဟောတစ်ကောင်
ဖန်ပုလင်းထဲထည့်တော့
မျက်ဝန်းပြာလေးက ရယ်တယ်။
ငါ့လိပ်ပြာလေး ဖမ်းမိရင်
မင်းပိုပျော်ရမှာ။
ယုံသလား။

သံသရာမြစ်ကို ဖြတ်ကြစို့ကွယ်။
ဒီကမ်းကိုလွန်တော့
နောက်ကမ်းကိုရောက်မှာပေါ့။
ကပ်စရာကမ်းမတွေ့ခဲ့ရင်လည်း
ဒီမြစ်ထဲ ရွက်လွှင့်မှာပေါ့။

ဘဝက သိပ်ခက်ခဲတယ်လည်းမဟုတ်ပါဘူး။
ပြန်စရာအိမ်ကလေး ရှိဖို့နဲ့
တွဲလက်ကလေး မြဲဖို့။

အဲ့ဒီအချိန်ကိုပြန်ရောက်ရင်
တောင်နေကြာတွေက လေတိုက်တိုင်းယိမ်းနေမှာပေါ့။
ပြန်မရောက်တော့တဲ့မွေးရပ်မြေနဲ့
ခေါင်းပေါ်ကြွေမကျတော့တဲ့ ကျွန်းပွင့်တွေ။

ဒဏ်ရာဟောင်းတွေပြန်ပွင့်လာတဲ့ညက
စိန်ပန်းနီနီတွေနဲ့အတူ မြိုင်မြိုင်ဆိုင်ဆိုင်ပေါ့။

မလိုသူတွေဝေးပါစေ။
မင်းအပြုံးလေးနွေးပါစေ။
တောင်းသမျှဆုတွေ
မင်းအတွက်သာ ပြည့်ပါစေ။

Grace's DiaryWhere stories live. Discover now