ညနေဆည်းဆာသည် သူများအတွက်တော့ လှချင်လှနေလောက်ပေမယ့် သူ့အတွက်တော့ ထင်သလောက်မဟုတ်လှ။ တစ်နေ့တစ်နေ့ ပျင်းစရာကောင်းလှစွာ ဘဝကိုတစ်ယောက်ထဲဖြတ်သန်းနေသော Doyoung လေးသည် စာကြည့်တိုက်မှအပြန် အိမ်သို့သာတစ်ချိုးတည်း ပြန်လာခဲ့ပါသည်။ လက်ထဲမှာလဲ ညဘက်ထမင်းစားပြီး အချိုတည်းဖို့အတွက် ငါးလုံးခြောက်လုံးသာပါသော မက်မွန်သီးထုပ်လေးကို ကိုင်ထားရင်းပေါ့။
ဇိုးကနဲ ဇက်ကနဲ ထထလုပ်တတ်ပြီး တစ်ခါတလေ ဘယ်သူနဲ့မှ အစီးမကပ်သောကြောင့် သူငယ်ချင်းဟူ၍လည်း များများစားစားမရှိလှ။ သူသည် သူများတွေနားလည်ဖို့ရာခက်ခဲသည့် လူတစ်ဦးသာဖြစ်သည်။ ခပ်တည်တည်သာနေတတ်ပြီး သူများနှင့်အရောတဝင်သိပ်မရှိသော သူ့အားမည်သူကမှလဲ ခင်ချင်ပုံမပေါ်ပါ။ သူငယ်ချင်းမပြောနှင့် အိမ်ကမိဘနှစ်ပါးကတောင် ကိုယ့်အားကိုယ်ကိုးဆိုသော တစ်ချက်လွှတ်အမိန့်ဖြင့် တစ်ယောက်ထဲနေဖို့ ကွန်ဒိုဝယ်ပေးပြီး အိမ်ကနေကလော်ထုတ်လိုက်ခြင်းကို ခံခဲ့ရပေသည်။
"မင်းရဲ့ပေါင်းသင်းဆက်ဆံရေးနဲ့ ငါ့ကုမ္ပဏီကို ဘယ်လိုဆက်ခံမှာလဲ..." ဒါဟာ ဖေဖေ့စကား။
"ငါ့သားလေးရဲ့ ပေါင်းသင်းဆက်ဆံရေး Level က 0 ပဲနော်..." ဒါဟာ မေမေ့စကား။
တစ်ယောက်ထဲနေခြင်းအားဖြင့် သူငယ်ချင်းတွေ အိမ်ခေါ်လာပြီး ပျော်မယ် စားမယ် သောက်မယ်လို့ မိဘနှစ်ပါးက ထင်ပုံရသည်။ သို့သော် သူကထိုသို့သောအရာများကို စိတ်မပါပါ။ တစ်ယောက်ထဲသာ အေးအေးချမ်းချမ်းနေချင်သော သူဖြစ်ပါသည်။
အမြဲတစေ တည်တင်းနေသောမျက်နှာထားနှင့် ပြောသမျှ ဘုကလန့်တွေထွက်လာခြင်းကိုသာ သူဟာနှစ်သက်ပါသည်။ သူများအမြင်ကိုလိုက်ပြီး သူ့ရဲ့မူရင်းပုံစံကို ပြောင်းလဲပစ်ဖို့ သူမကြိုးစားချင်ပါ။ ကိုယ့်ဘက်က အကောင်းဆုံးဖြစ်အောင်နေပြီး သူများအပေါ် မယုတ်မာလျှင်ပြီးရော ဟုသာ သူခံယူထားချင်ပါသည်။ သူသံယောဇဉ်အပိုတွေမရှာချင်ပါ။
"Aigoo... Aigoo..."
အိမ်သို့ တစ်ယောက်ထဲတွေးရင်း ငေးရင်းလမ်းလျှောက်လာစဉ် ခပ်လှမ်းလှမ်းမှ ညည်းသံကိုကြားရတော့ ခြေလှမ်းတွေဟာတန့်ခနဲ။ အသံကြားရာအရပ်မှာတော့ မောပန်းနေဟန်ရှိသော အဘွားအိုတစ်ဦး။ အဘွားအို၏ဘေးနားတွင်တော့ အထုပ်အပိုးတွေမြောက်များစွာရှိနေသည်။ ထိုမြင်ကွင်းမျိုးကို ကျော်သွားလျှင်တော့ သူဟာ မေမေတို့ပြောသလို အမှန်တကယ်ကို လူမှုရေးနယ်ပယ်တွင် ချို့ယွင်းနေတာဖြစ်ပါလိမ့်မည်။
