အဖိုးတန်ပိုးသား စိမ်းပြာရောင်ခပ်နုနုဝတ်စုံကို သေသပ်စွာဝတ်ဆင်ထားပြီး ဆောင်ကြာမြိုင်အတွင်းသို့ တစ်လှမ်းချင်းလှမ်းလာသူထံသို့ ဆောင်ကြာမြိုင်မှ အလှပဂေးများရဲ့မျက်လုံးအစုံဟာ ရောက်ရှိသွားလေသည်။ ရှည်လျားလှပသောဆံသားနုနုကို ဖဲကြိုးအစိမ်းဖြင့် တစ်ဝက်ချည်နှောင်ထားသူသည် မိုးကောင်းကင်ပေါ်က ပြုတ်ကျလာသော နတ်သားတစ်ပါးအလား။ သို့သော် ထိုသူ့အနားသို့ ဘယ်သူမှသိပ်မကပ်ရဲကြ။
"ချိုရွန်းရယ်... လာစမ်းပါ... နင်သူ့အကြောင်းမသိသေးပါဘူး..."
ဒါကတော့ ခပ်ကြိတ်ကြိတ်နဲ့ နောက်နားမှာငြင်းခုံနေကြသူ မိန်းမလှနှစ်ယောက်။
"ဟဲ့ နင်ကငါ့ကိုရွေးသွားမှာကို မနာလိုနေတာမလား... ငါကတော့ သူနဲ့သာ..."
"တော်ပါတော့... ချိုရွန်းရယ်..."
ချိုရွန်းဆိုသူသည် လွန်ခဲ့သောတစ်ပတ်ကမှ ရောက်ရှိလာသူဖြစ်သဖြင့် ထိုနတ်သား၏အထာကို လုံးဝမသိသေး။ သူတို့ကတော့ ခဏခဏကြုံခဲ့ဖူးလို့ သိနေပြီလေ။ ကင်မ်အိမ်တော်၏သားငယ် ကင်မ်ဒိုယောင်း...။
အနေကြာ၍အထာပေါက်သူ မိန်းမလှကတော့ အရိပ်ပြလို့အကောင်မမြင်ကာ အထာမပေါက်ဘဲဂေါက်နေသူ ချိုရွန်းအား သူမတို့ကြုံခဲ့ရဖူးသမျှအကြောင်းစုံကို သေသေချာချာရှင်းပြရတော့သည်။
"ဟမ်... အဲ့နတ်သားက သူ့ယောကျ်ားချော့တာခံဖို့ ဒီရောက်နေတာ..."
အံ့ဩတကြီး ပြောလာသူချိုရွန်းအား မျက်စမျက်နပစ်ပြသော်လည်းမရ။
"တိုးတိုးပြောပါဟ... ကြားသွားဦးမယ်..."
အံကြိတ်အော်လိုက်သော်လည်း ဟိုစိတ်လက်တစ်ဆစ်နတ်သား ကြားသွားမှာလဲကြောက်ရသေးသည်။ တော်ပါသေးသည်။ ဟိုကသူ့ဘာသာသူ အခန်းငှားတုန်း။
ချိုရွန်းမှာတော့ အကောင်ပြလို့ တစ်ကောင်လုံးမြင်သွားပြီဖြစ်မှ ခြေလှမ်းတို့ကို နောက်ဆုတ်လိုက်ရသည်။ ဘုရင်ကိုယ်တိုင်က အမျိုးသားကိုယ်လုပ်တော် တင်မြှောက်တဲ့ခေတ်မို့လို့ ဒီလိုပေါင်းစပ်မှုမျိုးက အစမ်းမဟုတ်သော်လည်း ယောကျ်ားချော့တာခံဖို့ ဆောင်ကြာမြိုင်လာသည့် ထိုနတ်သားကိုတော့ ထူးဆန်းသည်ဟုထင်သည်။
