အဖြူရောင်ကိုသာ အသားပေးအလှဆင်ထားထားသည့် Wedding dinner party တစ်ခု။ အဖြူရောင်စားပွဲခင်းတွေ အဖြူရောင်ပုဝါတွေ အဖြူရောင်နှင်းဆီတွေ။အရမ်းကြီးလင်းထိန်တောက်ပြောင်နေတာမဟုတ်ဘဲ ခပ်မှိန်မှိန်မီးရောင်လေးတွေရယ် အခမ်းအနားအပြင်အဆင်ကအစ သိပ်ကိုကဗျာဆန်နေလွန်းခဲ့ပါသည်။
စားပွဲတစ်ခုချင်းစီပေါ်က ဖယောင်းတိုင်အရှည်သုံးချောင်း အရည်အသွေးမြင့်ဝိုင်တွေရယ်မျက်နှာချင်းဆိုင်က လေတွေတဖြူးဖြူးတိုက်နေတဲ့ ပင်လယ်ကြီးရယ်။ အရာအားလုံးဟာ ခမ်းနားပြီးပြည့်စုံခြင်းအတိ။
"ချစ်စရာဇနီးမောင်နှံအတွက် စကားလက်ဆောင်ပြောပေးမယ့်အစီစဉ်..."
Doyoung ရဲ့ရင်ထဲမှာ တစ်ချက်တော့ ငလျင်အသေးစားလေး လှုပ်ခတ်သွားသည်။ မဟုတ်ပါစေနဲ့ မဖြစ်ပါစေနဲ့ဆိုတဲ့ ဆုတောင်းတွေက တည့်တည့်ကြီးဖြစ်လာစေဖို့ ကံကြမ္မာကမှာတမ်းခြွေလိုက်ပုံပင်။
"သတို့သားရဲ့ Seniorဖြစ်သူ Doyoung ကပြောပေးပါလား..."
အစီစဉ်တင်ဆက်သူကို ပြေးထိုးပစ်လိုက်ချင်စိတ်အား ကိုယ့်ဘာသာကိုယ်သာ ချုပ်ထိန်းလိုက်ရသည်။ဘယ့်နှယ်။ ဒီလောက်လူတွေအများကြီးထဲကမှ...။
သို့သော်လည်း ဟန်မပျက်မာန်ကိုတင်းရင်း ပြုံးပြုံးလေးမတ်တတ်ရပ်လိုက်ပြီး ကမ်းပေးလာသောမိုက်ကို မသိမသာလေးတုန်ရီနေသည့်လက်ဖြင့် လှမ်းယူလိုက်ရသည်။
သတို့သားကိုအကြည့်ပို့တော့ ပြုံးရင်းသူ့ကိုကြည့်နေသည့် သတို့သားက ဆက်ပြောလေ ဆိုသည့်ပုံစံဖြင့် ခေါင်းတစ်ချက်ငြိမ့်ပြသည်။
"ပြုံးနေလိုက်တာများ ပါးချိုင့်ကြီးတောင် ပေါက်ထွက်တော့မယ်နော် Jeong Jaehyun..."
ပွဲလာဧည့်သည်တွေအကုန် ရီနေကြပေမယ့် မရီနိုင်တာက သူရယ် သတို့သားရယ်။အဖြူရောင်သတို့သားကတော့ ဒီအရူးက ဘာပြသနာရှာဦးမလို့လဲဆိုပြီး မရီတာဖြစ်နိုင်ပေမယ့် သူကတော့ သူ့စိတ်ထဲရှိနေတဲ့ မနာလိုမှုလေးက ဖျတ်ခနဲပါးစပ်ထဲက တကယ်ထွက်သွားတာမို့လို့။
"အဟင်း... သိပ်လိုက်ဖက်တဲ့ ဇနီးမောင်နှံတွေဆိုတော့ ဘာမှထွေထွေထူးထူးလဲ ပြောစရာမရှိဘူး... အစစအရာရာအဆင်ပြေပါစေပေါ့ကွာ..."