20

6.5K 709 54
                                    

အပိုင်း - ၂၀ -

နွေရာသီရောက်လာတာနဲ့အမျှ အစိုးမရပဲရွာချတတ်တဲ့မိုးကြောင့် မြို့ပြနေလူထုမှာပြသနာလေးတွေ ကြုံရတတ်တယ်။

ဒီလိုမိုးအဆက်မပြတ်ရွာနေတဲ့မနက်ခင်းမှာ ရှောင်းကျန့်ကိုပုံမှန်သွားကြိုနေကျအခွင့်အရေးကို ဝမ်ရိပေါ်ပြန်ပြီးဆုံးရှုံးသွားတယ်။

ဝမ်ရိပေါ်အိမ်ကမထွက်ခင်မှာပဲ ကေးဆီကနေစာတိုတစ်စောင်လက်ခံရခဲ့တယ်၊ စာထဲမှာတော့ ကေးကရှောင်းကျန့်ကိုဝင်ကြိုပြီးရုံးကိုခေါ်လာပြီမို့ ဝမ်ရိပေါ်လာမကြိုလည်းဖြစ်တယ်ဆိုတဲ့အကြောင်းရေးထားတာ၊ အကြောင်းအရင်းတစ်စုံတရာမပြောထားပဲ သူ့ကိုမကြိုဖို့ပြောလာတဲ့စာတစ်စောင်ကြောင့် ဝမ်ရိပေါ်စုတ်သပ်လိုက်မိတယ်။

ခုချိန်ရုံးရောက်နေဖို့အတွက် ရှောင်းကျန့်နေရာကဆိုရင် ပုံမှန်ထက်နာရီဝက်လောက်ကြိုထွက်မှရမှာ၊ ရှောင်းကျန့်က သူ့ကိုရှောင်ချင်တာနဲ့ တမင်စောထလိုက်တာပေါ့၊ မိုးရွာနေတာမို့ ကားမယူသွားရင် ဝမ်ရိပေါ်အတွက်ပိုအဆင်ပြေတာဖြစ်ပေမဲ့ ကားယူသွားဖို့ပဲဆုံးဖြတ်လိုက်တယ်၊ သူ့မှာကားပါသွားရင် ညနေလောက်ကျ ရှောင်းကျန့်ကိုအိမ်ပြန်ပို့ပေးလို့ရမယ်ထင်တာပဲ။

ဒါပေမဲ့ မီးပွိုင့်မှာမရွေ့နိုင်ပဲမိနစ်၂၀လောက်ပိတ်မိနေတဲ့ချိန်မှာတော့ ဒီဆုံးဖြတ်ချက်ကို ဝမ်ရိပေါ်တော်တော်လေးနောင်တရသွားတယ်၊ အရှေ့မရောက်နိုင်တဲ့ကားတန်းအရှည်ကြီးရယ်၊ တိတ်ဖို့မမြင်သေးပဲတအိအိရွာနေတဲ့မိုးရယ်၊ တတီတီနဲ့နားဆူစရာကောင်းတဲ့ဟွန်းသံတွေက ကားပေါ်မှာ တစ်ယောက်တည်းဖြစ်နေတဲ့ဝမ်ရိပေါ်ကို ပိုပြီးဝမ်းနည်းစိတ်ပျက်လာစေတယ်။

အလုပ်လုပ်လာရင်း ရက်သတ္တပတ်တစ်ခုရဲ့အစဖြစ်တဲ့တနင်္လာနေ့ကို ပထမဆုံးအကြိမ်အဖြစ် ဝမ်ရိပေါ် တူးတူးခါးခါးမုန်းမိသွားတယ်၊ မိုးကြောင့်ဖရိုဖရဲဖြစ်နေတဲ့မြို့ပြနေလူထုကလည်း လောကကြီးကို သူ့နည်းသူ့ဟန်နဲ့ အပြစ်တင်နေလောက်တယ်၊ ပိတ်မိနေတဲ့အချိန်အတွင်း ဝမ်ရိပေါ်ခေါင်းထဲမှာ Loop လုပ်ထားသလို ရစ်ဝဲနေတာက ရှောင်းကျန့်ပြောခဲ့တဲ့စကားတွေပါပဲ။

Anonymous Planet [ 不具名行星 ] •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now