ပန်းမွေ့ယာထက်က နတ်သက်ကြွေတဲ့ ..မင်း🌸

23.7K 535 69
                                    

အမွန်း တို့နေထိုင်ရာသုံးလွှာသို့ရောက်လာပြီးသည်အထိ မိုးကမတိတ်သေးပေ ..။
မောင် သည် တစ်လမ်းလုံးမျက်နှာတည်ကြီး
နှင့်နေခဲ့သလို Bus ပေါ်မှာလည်းနှစ်ယောက်တွဲလျက်ထိုင်ခုံနေရာရခဲ့သည်တောင် စကားတစ်ခွန်းမှမဆိုခဲ့ပေ ..။
အမွန်း ဘက် ကဖြေရှင်းဖို့ကြိုးစား
ပါသော်လည်း " အိမ်ရောက်မှပြော "
ဆိုသည့်စကားတစ်ခွန်းဖြင့်ဆက်ပြောဖို့အားယူလိုက်သည့်စကားတို့အားရပ်တန့်သွားစေခဲ့ပြန်၏ ..။
အမွန်း သည် မောင့် ထံမှ ဒီလောက်အထိတည်တင်းပြတ်သားသည့်ဆက်ဆံမှုမျိုးအားပထမဆုံးကြုံတွေ့ဖူးသောကြောင့်ဆောက်တည်ရာမဲ့သောခံစားချက်များစွာဖြင့်ပူလောင်မွန်းကျပ်နေရလေသည် ..။
မောင် သည် သူ ၏အခန်းရှေ့သို့ရောက်သည်နှင့်လက်ထဲတွင်ကိုင်လာခဲ့သည့် ထီးအား
အမွန်းဘက်သို့ကမ်းပေးလာသည် ..။
ဂျာကင်ခေါင်းစွပ်ကိုလည်းချွတ်လိုက်သဖြင့် ဝါကျင့်ကျင့်မီးအလင်းရောင်အောက်တွင်
စိုကပ်ကပ်ဖြစ်နေသောဆံစတို့အား​တွေ့မြင်လိုက်ရ၏ .. ။ အမွန်း ကိုကြိုဖို့ရန်မိုးထဲ​
လေထဲမှာ​တောင်ချိန်းထားသည့်အချိန်ထက်
နောက်မကျဘဲ ရောက်အောင်လာခဲ့ပေးသည့် မောင့် သည် အမွန်း  ကြောင့်ပဲ သောကဝေဒနာများစွာဖြစ်တည်ခဲ့ရပြီထင်သည် ..။
သို့သော် .. ဖြစ်ပျက်သွားသမျှအားလုံးသည်
လည်းတကယ်ကိုရည်ရွယ်မျှော်လင့်မထားခဲ့သည့်အခြေအနေများသာဖြစ်သည်မို့ မောင်
တစ်ယောက်နားလည်​ပေးနိုင်ဖို့လည်း​
မျှော်လင့်မိပါ၏ ..။

" ​မောင် .. "

ကမ်း​ပေး​နေသည့် ထီးအားလှမ်းယူလိုက်ပြီး​နောက် တမ်းတစွာခေါ်လိုက်မိစဥ် မျက်ခုံး
ခပ်တွန့်တွန့်နှင့်စူးစိုက်ကြည့်လာသည့် မျက်ဝန်းတို့မှာ အနည်းငယ်အေးစက်နေ
သယောင်ပင် .. ။ အပြင်ဘက်တွင်မိုးကလည်းတစိမ့်စိမ့်စွေနေဆဲဖြစ်လျက် မောင် နှင့် အမွန်း ၏အကြားမှလေထုကသိသာစွာပင်နွေးထွေးမှုတို့ကင်းမဲ့နေ၏ ..။
လှေကားရင်းရှိပြတင်းဝတွင်ကာရံထားသည့်သံပန်းတံခါးမှအကြားမှတိုးဝင်လာသည့်လေပြင်းတစ်ရိုက်ကြောင့်ထီးကိုကိုင်လျက်မှလက်ကလေးပိုက်ထားမိကာ မောင့် အနားသို့ပိုမိုတိုးကပ်လျက်နင့်သည်းစွာမော့ငေးလိုက်မိသည် ..။

You 're  My Destiny💌Where stories live. Discover now