Extra

6K 305 6
                                    

Extra

        သင်္ကြန်အချိန်မို့ လမ်းတလျောက်မှာ ရေပက်သူတွေ ၊ ရေပက်ခံကားတွေနဲ့ စည်ကားနေသည် ။ ကြည့်လေရာရာ မြင်ကွင်းဟူသမျှက ပျော်စရာတွေချည်း ။ အပျော်တွေကြားမှာ စိတ်လှုပ်ရှားနေသူတစ်ယောက်ရှိပါသည် ။

       ''မမဆရာမရေ...ရောက်ခါနီးပြီ...´´

      ကိုယ်တိုင်လည်း သိနေပါလျက်နဲ့ ရောက်ခါနီးပြီလည်းဆိုရော ဝေ့ရင်ခုန်သံတွေ မြန်လာသည် ။ မြင်ကွင်းက ရှင်းနေပေမဲ့ လည်ဆန့်ပြီး ရှေ့ကို မျော်ကြည့်မိပြန်သည် ။

        ရှေ့က လမ်းကလေးကို ချိုးကွေ့လိုက်ပြီးရင် ။ ဝေ့အတွေးမဆုံးသေး ။ လမ်းကွေ့ထိပ်မှာ ကားလေး ထိုးရပ်လိုက်ရသည် ။

       ''ဦးလေး ကားပြတင်းမဖွင့်ပေးနဲ့နော်...တစ်လမ်းလုံးရှောင်လို့လွတ်လာတာ အိမ်ရောက်ခါနီးမှ စိုနေမယ်...´´

     ကားဆရာက တဟားဟားရယ်သည် ။ ရွာမှာလည်း စိတ်ကြိုက်ရေလောင်းခဲ့ပြီးပေမဲ့ အိမ်ပြန်ရောက်ရင် သူ့မမဆရာမကို ပထမဆုံး ရေလောင်းသူက သူဖြစ်ရမှဆိုတဲ့ သွေး ။

      ကားရှေ့ခန်းမှန်ကို တဒေါက်ဒေါက်လာခေါက်နေသမျှ မသိသလိုနေရင်း ဝေ ရယ်လို့ နေရတော့သည် ။

    ''မောင်းတော့ဦးလေးရေ...´´

      ကလေးတွေ ရှင်းသွားခိုက် ဦးလေးက ကားကို ခပ်သွက်သွက်မောင်းထွက်သည် ။

      ''ဟိုးထား ဦးလေး ဟိုးထား...ရှေ့က သံပန်းအစိမ်းရောင်နဲ့ အိမ်ရှေ့မှာ ရပ်လိုက်ရပြီ...´´

      သွေးက သူ့အိမ်ရှေ့မှာ ရပ်ခိုင်းလိုက်ပေမဲ့ ဝေ့အကြည့်တွေက မျက်နှာခြင်းဆိုင်က ခရမ်းဖျော့ဖျော့ အိမ်ကြီးဆီမှာ ။

      ပြင်ပမြင်ကွင်းက ဘာမှမပြောင်းလဲသေး ။ အိမ်ဘေးကွက်လပ်ကို အကြည့်ရောက်တော့ ဝေဝေဆာဆာပွင့်ဖူးနေတဲ့ နှင်းဆီဖြူတွေကို တွေ့လိုက်ရသည် ။ နေပူပူမှာ နှင်းဆီဖြုခင်းကြီးကို မြင်လိုက်ရတာ ရင်ထဲအေးချမ်းသွားသည် ။

      မေမေတို့နဲ့ နေ့တိုင်း ဖုန်းအဆက်အသွယ်ရှိပေမဲ့ ပြန်လာမဲ့အကြောင်းကြိုမပြောထား ။ ပြန်လာမယ်ဆိုပြီးမှ အလုပ်ပေါ်လာရင် မိဘတွေ မျော်နေရမှာစိုး၊ ရောက်မလာမခြင်း စိတ်ပူနေရမှာစိုးလို့ပါ ။

      ''မမဆရာမ...မမဆရာမရေ...အိမ်ကိုထိုင်ကြည့်ပြီး အိပ်ပျော်နေတာလား...လာ ဆင်းလို့ရပြီလေ...´´

     သူ့အသံကြားမှ ဝေ သူ့ကိုကြည့်လိုက်မိသည် ။ ဝေ့ ဘေးမှာသူမရှိတော့ ။ ကားဆရာ ဘက်ခြမ်းက တံခါးပွင့်ပြီး ကားဆရာက ကားဘေးမှာ ပြုံးပြုံးကြီး ရပ်နေသည်။

      ''မမဆရာမ...သွေးကဒီမှာ...´´

      ရယ်သံနဲ့အတူ လက်ကိုလာကိုင်လိုက်တဲ့ အထိအတွေ့ကြောင့် ကားတံခါးဘက်ငဲ့ကြည့်တော့မှ ဝေ့ဘက်ခြမ်းက တံခါးကို ဖွင့်ထားပေးပြီး လက်ကမ်းပေးနေတဲ့ သူ့ကို သတိထားမိရသည် ။ဝေ ရှက်ရွံ့စွာ ရယ်မောရင်း သူ့လက်ကို လှမ်းကိုင်လိုက်ရသည် ။

     ဝေတို့ ကားအောက်လည်းရောက်ရော ကားဆရာက ဟွန်းကို သုံးလေးချက်ဆင့်တီးလိုက်သည် ။ ဝေ သည် မိဘအိမ်ကို ဘယ်လိုမျက်နှာမျိုးနဲ့ ပြန်ဝင်ရမလဲ၊ မေမေ့ကို ဘယ်လိုများ လှမ်းခေါ်ရပါ့မလဲလို့ စဥ်းစားရကြပ်နေတုန်း ကားဆရာရဲ့ အပြုအမူကြောင့် ကျေးဇူးတင်စွာ ဖြင့် ကားဆရာကို ပြုံးပြလိုက်သည် ။

    မျက်နှာခြင်းဆိုင်ပြီး  ငြိမ်သက်နေတဲ့ အိမ်နှစ်အိမ်လုံးမှာ လူရိပ်စတွေ့ရပြီ ။ ဝေတို့အိမ်ဘက်က ကလေးတစ်ယောက်ရဲ့အရိပ်ရယ် သူတို့အိမ်ဘက်က သူ့မေမေရဲ့အရိပ်ရယ် ။ ပြီးတော့ သူ့မေမေရဲ့ ဝမ်းသာအားရအသံ ။

      ''အဖေကြီးရေ...နွေးနွေး...သွေးလေးပြန်လာပြီ...ထွက်ကြိုကြပါဦး...´´

      ''ဖွားဖွားကြီးရေ တီဝေပြန်လာတယ်ဗျ...´´

      အသံနှစ်သံက တပြိုင်တည်းလိုလိုထွက်လာသည်။ ဝေတို့ တစ်
ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည် ။

      ''လာ မမဆရာမ...မမဆရာမအိမ်ကို အရင်လိုက်ပို့ပေးမယ်...´´

       ''အေး နင်တို့အိမ်ထဲဝင်နှင့်အေး...ငါ အထုပ်အပိုးတွေ ယူလာပေးမယ်...´´

     ကားဆရာက ကားနောက်ခန်းက ပစ္စည်းထုပ်တွေကို ဆွဲချနေရင်း ပြောသည်။ ။ ဝေတို့အိမ်အပြန်မှာ ရွာက ထည့်ပေးလိုက်တဲ့ လက်ဆောင်တွေက မနည်းမနော ။ ထွက်သွားတုန်းက တိတ်တဆိတ် ခြောက်ကပ်ကပ်ပေမဲ့ အိမ်ပြန်လမ်းကတော့ သာယာစိုပြေနေသည်။

      ''ဟော...သမီးရေ...ဝေ... သွေးတို့ တိတ်တိတ် လေး ပြန်လာကြတာပေါ့...လာကြ လာကြ အပြင်မှာ နေအရမ်းပူတယ်...မနေ့ညက ပြန်လာမလား မေးသေးတာကို မဖြေဘူး..."

သွေးက  အန်တီ့ရှေ့ရောက်တော့ မမဆရာမလက်ကို အသာအယာ လွှတ်လိုက်သည်။ လူကြီးတွေ အမြင်မတင့်တယ်အောင် မနေပါဘူးလို့ ကတိပေးထားတယ် မဟုတ်လား။

     ''အန်တီမေမေလက်ထဲ မမကို အပ်ခဲ့ပြီနော်... ´´

''သမီးရောအိမ်ထဲဝင်ပါဦး သွေးရဲ့...သမီးကြိုက်တဲ့ ပဲအချဥ်ဟင်းချက်ထားတယ်...ထမင်းစားပြီးမှပြန်...လာ ...´´

   ''ဟုတ် အန်တီမေမေ...အဲ့ဒါဆို သွေး ခဏနေမှ အိမ်ပြန်မယ်...နော မမနွေးရေ ခဏနေပြန်လာမယ်နော...´´

   ''အေး အေး...အိမ်တော့ပြန်လာဦးနော သွေး...´´

    သွေးကိုထွက်ကြိုတဲ့ မမနွေးက ကားဆရာပေးတဲ့ အထုပ်တွေကို ဆီးကြိုသယ်ရင်း လမ်းတစ်ဘက်ခြမ်းကနေ လှမ်းအော်သည် ။ သွေးတို့ ရယ်မောပြီး မမတို့ခြံထဲ ဝင်လာကြသည် ။

     ''နှင်းဆီတွေ...တစ်ခင်းလုံး နှင်းဆီဖြူတွေ...ဒါတွေကလေးစိုက်ထားပေးတာလား...´´

    တအံ့တသြရေရွတ်ရင်း ဝေ့ခြေလှမ်းတွေကို  ခြံထဲက နှင်းဆီပင်တွေဆီ ဦးတည်လိုက်သည် ။
ဖူးငုံစ အပင်တွေ၊ပွင့်အာစ ပန်းလေးတွေ၊ စွင့်ကားနေအောင် ပွင့်နေတဲ့ အပွင့်တွေဆီက ပန်းရနံ့တွေက လေပြည်ထဲမှာ မျောလွင့်နေကြသည် ။

     ''တစ်ပင်မှ မကျန်အောင် ဖျက်ဆီးမိခဲ့လို့ အရင်ထက်နှစ်ဆများတဲ့ ပန်းတွေကို ပြန်စိုက်ပေးထားတာ မမဆရာမရဲ့...´´
      
     မမဆရာမက သွေးကို မျက်ခုံးပင့်ပြပြီး ပြုံးသည်။

''ပျက်ဆီးသွားတာကိုမေ့လိုက်ပြီး အခု နှစ်ဆများတဲ့ ပန်းခင်းကြီးအတွက်  ကျေးဇူးတင်မယ်နော်...´´

     ''အဲ့ဒါဆို မမဆရာမ အခု ပန်းပန်မလားဟင်...ပန်းနဲ့ဝေးနေတဲ့ ဆရာမဆံထုံးထက်မှာ ပန်းကလေးတွေ ဝေနေအောင် ပန်ထားတာ ပြန်မြင်ချင်နေပြီ မမဆရာမရဲ့...´´

    ''ရွာရောက်ရင် ပန်မယ်လေ ကလေး...အခုက ဆံထုံးမှ ထုံးမထားတာ...´´

     ''ဆံထုံးမထုံးထားလည်း ပန်းက ပန်လို့ရပါတယ် မမဆရာမရဲ့...ရွာရောက်တော့ ရွာပန်းပန်ပေါ့..အခုတော့ သွေးပျိုးထားပေးတဲ့ ပန်းလေး အရင်ပန်လေ နော်...´´

   ''ဟုတ်ကဲ့ပါရှင်...´´

      ဝေ ပန်းတစ်ပွင့်ဆီ လက်လှမ်းလိုက်သည် ။

      'ဝေ ရွေးခူးလိုက်တဲ့ ပွင့်အာစ ပန်းကလေးကို သူကလှမ်းယူတော့ ဝေ အလိုက်တသိပင် သူ့ရှေ့မှာ ခါးလေးကိုင်းပေးလိုက်သည် ။

     နားကြားမှာ ညှပ်ပေးလိုက်တဲ့ ပန်းကလေးရဲ့ရနံ့က ရွှေရင်ကို အေးမြပြီး စိတ်ကို ရွှင်လန်းစေသည် ။

     ''မမဆရာမ လို့ စဥ်းစားလိုက်တာနဲ့ ဆံထုံးထက်က ပန်းလေးရယ် ပါးမို့ထက်က စံပယ်တင်မှဲ့လေးရယ်က သွေးအာရုံထဲမှာ အရင်ဆုံးပေါ်လာတာ သိလား မမဆရာမ...ရွာမှာတုန်းက ပန်းမပန်တဲ့ ဆရာမလေးက ကလေးတွေရဲ့ဆရာမ...အခု နှင်းဆီဖြူလေးပန်ထားတဲ့ ဆရာမက သွေးရဲ့ တစ်ဦးတည်းသောနဲ့ ချစ်ရပါသော ဆရာမ...မမဆရာမရေ သိပ်ကိုချစ်ရပါတယ်ကွယ်...´´

    ဝေ ပြုံးပြီး သူ့ပါးကို ခပ်ဖွဖွဆွဲလိုက်သည် ။ နူးညံ့ရီဝေနေတဲ့ အကြည့်နှစ်စုံက ချစ်ရိပ်ချစ်ရည်တွေ လျှမ်းပြည့်နေသည် ။

     ''တီဝေကို လိုက်ရှာနေတာ ရေလောင်းမလို့ဗျ...ဒီမှာတွေ့ပြီ တွေ့ပြီ...´´

     အသံနဲ့အတူ ဝေတို့ကိုယ်ပေါ်ကို  ကျရောက်လာတဲ့ ရေစက်တွေ ။

     ''ဟာ ဟျောင့်တွေ...မလောင်းနဲ့ဦး မမဆရာမကို ငါ အရင်ရေလောင်းမလို့ပါဆို မမတူတွေ တူမတွေကို ပြောဦး...´´

      စူပုတ်ပုတ်နဲ့ ခုန်ဆွပြီး အော်နေတဲ့ ပုသေးသေးကောင်မလေးကိုကြည့်ပြီး ဝေတို့ ရယ်လို့မဆုံး ။ သောကကင်းတဲ့ ရယ်သံတွေက နှင်းဆီရနံ့နဲ့အတူ  နွေလေပြည်ထဲမှာ မျောလွင့်နေသည် ။
********
     လရောင်မလင်းတစ်လင်းအောက်မှာ အိမ်ရှေ့က ဒန်းလေးပေါ်ထိုင်ပြီး မီးမှိန်မှိန်လေးထွန်းထားတဲ့ အခန်းကို ငေးကြည့်နေမိသည်။ခန်းဆီးစလေးလွင့်နေတဲ့ အခန်းထဲမှာ မမဆရာမ ဘာများလုပ်နေမှာပါလိမ့် ။ ပြတင်းမပိတ်သေးဘူးဆိုတော့ မအိပ်သေးတာလား ။ ပြတင်းပိတ်ဖို့မေ့ပြီး အိပ်ပျော်နေတာများလား ။ ဒါမှမဟုတ် သွေးကိုများ လွမ်းနေလေမလား ။  ဟိုအရင်ကတော့ ပိုင်ရှင်မဲ့ အခန်းကိုငေးရင်း လွမ်းရတာ ။ အခုက ပိုင်ရှင်ရှိနေပါလျက်နဲ့ မြင်သာမြင် မကြင်ရ။ ကိုယ့်အတွေးကိုယ် ခေါင်းခါပြီး သွေး ပြုံးလိုက်မိသည် ။

      နာရီကိုကြည့်တော့ ည ဆယ့်တစ်နာရီထိုးခါနီး ။ အိပ်သင့်နေမှန်း သိနေပါလျက်နဲ့ မအိပ်ချင်သေး ။ ဟော ။ ပြတင်းမှာ အရိပ် ။ ပြီးတော့  သွေးဘေးက ဖုန်းလေးက အသံမြည်လာသည် ။ သွေး ဖုန်းကို ကောက်ကိုင်လိုက်တော့ ဖုန်းထဲက မမဆရာမရဲ့ပုံရိပ်က  သွေးကိုပြုံးပြီးကြည့်နေသည် ။

      ''မမဆရာမရေ...မအိပ်သေးဘူးလား...´´

      ''ကလေးကို မေးရမှာလေ...ညနက်နေပြီကို အဲ့မှာ ဘာထိုင်လုပ်နေတာလဲ ကလေးရဲ့...´´

     ''အိပ်မပျော်လို့...´´

      ''အခန်းထဲမှာ ပူလို့လားကလေး...´´

     ''ဟုတ်တယ် မမဆရာမရဲ့...အခန်းထဲမှာ ပူလို့...ဒါပေမဲ့ ရာသီဥတု ပူတာမဟုတ်ဘူး...´´

    ''ဟင်...ရာသီဥတုမဟုတ်ရင် ဘာပူတာလဲ ကလေး...´´

      ''ရင်ပူတာ မမဆရာမရဲ့...´´

      ''ရင်ပူတာ...´´

       ''သွေးနဲ့အတူရှိမနေရင် မမဆရာမ အိပ်မှပျော်ပါ့မလား...အိပ်မက်ဆိုးတွေများ မက်နေမလား...သွေးကို လွမ်းလို့များ ငိုနေမလားဆိုပြီး အတွေးတွေများပြီးရင်တွေပူနေရတာ ...´´

      ရယ်သံလွင်လွင်ကို ခပ်တိုးတိုးကြားရသည် ။

       ''အပိုတွေနော် ကလေး...ကဲ ထ သွားအိပ်တော့နော်...အိပ်ရေးမဝရင် နေမကောင်းဖြစ်နေမယ်...´´

     ''တကယ် မအိပ်ချင်ဘူး မမဆရာမရယ်...´´

      ပြောနေရင်း သွေးနုတ်ခမ်းတို့ စူထွက်လာပြီ။ မီးရောင်မှိန်မှိန်ကို နောက်ခံပြုထားတဲ့ မမဆရာမမျက်နှာကို အားစိုက်လှမ်းကြည့်ပေမဲ့ ပီပီပြင်ပြင်မမြင်ရ။

     ''တကယ်ပါ မမရယ်...သွေး အပိုမပြောဘူး...သွေးလေ မမဆရာမနဲ့  တမိုးတည်းအောက်မှာ ရှိမနေရင် ညတွေ စိတ်ချလက်ချ မအိပ်နိုင်ဘူး...´´

     '' အခုလည်း တစ်မိုးတည်းအောက် မဟုတ်ဘူးလား ကလေးရဲ့...´´

     ''မိုးကောင်းကင် တစ်မိုးတည်းအောက်ကို ပြောတာ မဟုတ်ဘူး မမဆရာမရဲ့...အိမ်အမိုး တစ်မိုးတည်းအောက်ကို ပြောတာ ...အကြာကြီး ဝေးနေရပြီးပြန်ဆုံရကတည်းက သွေးလေ မမဆရာမနားမှာ တစ်ဖဝါးမှ မခွာပဲ ကပ်နေချင်တာ...ဘဝရဲ့ လက်ကျန်အချိန်တွေကို မမဆရာမ မရှိပဲ ဖြတ်သန်းရမှာကို တွေးမိလိုက်တိုင်း သွေး အသက်ရှုကြပ်လာတယ် သိလား...အတူရှိနေချိန်တွေမှာ မအိပ် မစားပဲ မမဆရာမရဲ့ အရိပ်ကလေးကိုပဲ ထိုင်ငေးနေချင်တော့တာ...´´

     ''ကလေးရယ်...´´

      ခပ်တိုးတိုးညည်းသံ ။ ပြီးတော့ သက်ပြင်းချသံ ။ မမဆရာမ သွေးကြောင့် စိတ်ညစ်သွားပြီထင်ပါရဲ့ ။

     ''ကလေးလိုပဲ မမလည်း ထပ်တူခံစားနေရပါတယ်ဆိုတာ သိထားနော်...ခုတော့ လူကြီးတွေ ရှေ့မှာဆိုတော့ လူကြီးတွေ စိတ်ထဲ တစ်မျိုးမဖြစ်အောင် ခဏလေး ခွဲနေရတာပါ ကလေးရယ်...သီးခံနော်...ရွာပြန်ရောက်ရင် အတူပြန်နေကြရမှာပဲကို...´´

    ''အဲ့လိုပဲ လူကြီးတွေရှေ့ရောက်တိုင်း ပတ်ဝန်းကျင်က အမြင်မတော်မှာ စိုးတိုင်း သွေးတို့က ခုလိုမျိုး ခဏ ခဏ ခွဲနေရမှာပေါ့ ဟုတ်လား မမဆရာမ...´´

     စကားသံ တိတ်သွားသည် ။ သက်ပြင်းချသံ ခပ်တိုးတိုးကို ကြားရသည် ။ ပြီးတော့ အတန်ကြာတော့ ဖုန်းအဆက်အသွယ် ပြတ်တောက်သွားသည် ။ ခန်းဆီးစလေး လွင့်နေတဲ့ ပြတင်းပေါက်လေးသာ သွေးနဲ့အတူ ကျန်ရစ်ခဲ့သည် ။
~~~~~~~~~~~~~~~
''သွေးရေ....ဝါရွှေသွေး...´´

      လှေကားထိပ်ကနေ အသံပေးပြီး သူ့အခန်းရှေ့မှာ ဝေ ရပ်လိုက်သည် ။

      ''လာပြီ ...လာပြီ...´´

      အိပ်ချင်မူးတူးအသံ ။ ပြီးတော့ ဝုန်းခနဲ ပွင့်သွားတဲ့တံခါး ။ မျက်စိမဖွင့်ပဲ ဆံပင်စုတ်ဖွားနဲ့ ရပ်နေတဲ့သူ ။ ဝေ မနေနိုင်စွာ ရယ်မောမိရတော့သည် ။

     ''အယ် မမဆရာမ...သွေးက မမနွေးထင်လို့...စ မလို့ ပြေးလာတာ...´´

   ဝေ့ ရယ်သံကြားတော့မှ မျက်စိကို အတင်းပြူးကြည့်ပြီး စုတ်ဖွားနေတဲ့ ဆံပင်တွေကို လက်နဲ့အတင်းဖိချနေသည် ။ တကယ်ချစ်စရာလေး ။

     ''သုံးလေးရက်လောက် ခွဲနေလိုက်တာနဲ့ ကလေးက မမအသံကို မေ့သွားတာပေါ့လေ...´´

      ''အာ မမဆရာမကလည်း... အဲ့လိုမဟုတ်ပါဘူး...မမက ခေါ်နေကျအတိုင်း ကလေးလို့မှ မခေါ်တာ...ပြီးတော့သွေးက အိပ်ချင်မူးတူးဖြစ်နေလို့ပါ...´´

      '' ဟုတ်ပါပြီ ကလေးရေ...မမက စတာပါ...ကဲ မျက်နှာသစ်...ရေပါ ချိုးချင်ချိုးလိုက် ...မမစောင့်နေမယ်...´´

      ''ဟုတ် မမ...ရေချိုးလိုက်မယ်...ခဏလေးစောင့်နော်..သွေးရေချိုးတာ မြန်ပါတယ်...´´

     ပြောပြီးတာနဲ့ တဘက်တစ်ထည်ဆွဲယူပြီး ရေချိုးခန်းထဲ ပြေးဝင်သွားသည် ။ဝေ သူ့အိပ်ရာကို သိမ်းပေးပြီး ခုတင်စွန်းမှာ ထိုင်နေလိုက်သည် ။ မကြာခင်မှာ ကြုံတွေ့ရတော့မဲ့ အဖြစ်အပျက်တို့ အဆင်ပြေပါစေဟု အထပ်ထပ် ဆုတောင်းရင်း ။

      '' မမဆရာမရေ...ပြီးပါပြီ...´´

     ရေချိုးခန်းထဲကနေ ထွက်လာတဲ့သူ့ကို မျက်လွှာပင့်မကြည့်ဖြစ်။

     ''အဝတ်လဲကလေး...လှလှလေး ဝတ်နော်...´´

     သူက ဝေ့ရှေ့လာရပ်သည် ။

     ''အာ ခုမှကြည့်မိတယ်...မမဆရာမက ပန်းရောင်ဝမ်းဆက်လေးနဲ့ သိပ်လှနေတာ...ဘယ်သွားမလို့လဲ မမဆရာမ...သွေးလည်း မမဆရာမလို ပန်းရောင်လေး လိုက်ဝတ်ရမလား...´´

    ''ကြိုက်တာဝတ်ကလေး...´´

    ''မမဆရာမ ရွေးပေးလေ
...´´

    အဝတ်ဗီရိုရှေ့ ရပ်လိုက်တဲ့ဝေ့ကို သူက နောက်ကနေ ဖက်ထားသည် ။ ရေချိုးပြီးစမို့ သူ့အထိအတွေ့တွေက အေးနေပေမဲ့ ဝေ့ရင်ထဲမှာတော့ ဖိုလှိုက်နွေးထွေးနေသည် ။

     ''မမနဲ့ဆင်တူ ဝတ်မယ်ဆိုပြီး ကလေးမှာ အပန်းရောင်လည်း မရှိပါလား...´´

     သူရယ်လိုက်တာ ဝေ သိသည် ။ ဘာမှမဖြေ။ ဖက်ထားတာကိုလည်းမလွှတ်။ ဝေ ခပ်မြန်မြန်ပင် အဝတ်တစ်စုံကို ဆွဲထုတ်လိုက်ရသည် ။

     ''ရော့ကလေး ဒါဝတ် မြန်မြန်လုပ်...´´

       အပြာပေါ်မှာ ပန်းရောင်ချိတ်လိုင်းလေးတွေ ပါတဲ့ ဝမ်းဆက်ကိုကြည့်ပြီး သူခေါင်းကုတ်သည် ။

    ''ဟင် မြန်မာဝတ်စုံတွေက အသက်ရှုရကြပ်တယ် မမဆရာမရဲ့...မဖြစ်မနေဆိုရင်တော့ ဝတ်ပါ့မယ်...နေပါဦး ဒါတွေဝတ်ပြီး ဘယ်...သြ ဘုရားသွားမို့လား...´´

      ''သစ်ပင်စိုက်မို့...မြန်မြန်ဝတ်ပြီးလာခဲ့...´´

     ဝေ သူ့ကို ထားခဲ့ပြီး  သူ့အခန်းထဲကနေ ခပ်သွက်သွက် ထွက်ခဲ့လိုက်သည် ။

     ''ဒါကြီးတွေ ဝတ်ပြီး သစ်ပင်စိုက်ရမယ်...ကလေးကို မနောက်ပါနဲ့ မမဆရာမရေ...´´

   သူ့အသံက နောက်ကကပ်ပါလာပေမဲ့ ဝေ လှည့်မကြည့်ဖြစ်တော့ ။
~~~~~~~~~~~~~~~~

      ''မမဆရာမလေး တစ်ယောက်ဟာလေ...ဘာတွေ လုပ်နေမှန်းမသိဘူး...လှတပတတွေဝတ်ပြီး သစ်ပင်စိုက်ရမယ်လို့...မသိရင် တီဗွီထဲပါမဲ့ သစ်ပင်စိုက်ပွဲကြီး ကျနေတာပဲ...´´

      သူ့အပြောကို ဝေ သဘောတကျရယ်တော့ သူလည်း လိုက်ရယ်သည်။ ပန်းရောင်ပေါ်မှာ အပြာရောင် ချိတ်လိုင်းလေးတွေတဲ့ ပါတဲ့ မြန်မာဝတ်စုံကို ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ရယ်၊ အပြာရောင်ပေါ်မှာ ပန်းရောင်ချိတ်လိုင်းလေးတွေ ဖောက်ထားတဲ့ ဝမ်းဆက်ကို ဝတ်ထားတဲ့ ပုသေးသေးကောင်မလေးရယ် အိမ်ရှေ့မှာ   လက်တွဲပြီး အတူရပ်နေကြသည် ။

     ''တစ်နိုင်ငံလုံးကိုလွှင့်မဲ့ တီဗွီထဲ မပါပေမဲ့ ငါ့ရဲ့ ဗီဒီယို ကင်မရာထဲမှာတော့ အမှတ်တရပုံရိပ်တွေ ရှိနေမှာ...လှလှလေးနေနော် သွေး...နင် ကို့ရို့ကားရားတွေ လျောက်မလုပ်နဲ့...´´

    အသံလာရာကို လှမ်းကြည့်ပြီး သူက အံ့သြသွားပေမဲ့ ဝေ ကတော့ ပြုံးရုံသာပြုံးပြလိုက်သည် ။

     ''ဟာ...ခတ္တာ...နင်က ကင်မရာ တကားကားနဲ့ ဘာလုပ်ဖို့လဲ...´´

      ''မှတ်တမ်းတင်ဖို့လေ...ဘာအတွက်လဲဆိုတာတော့ နင်ခု သိရမှာပေါ့ဟ...စကားကိုများတယ်...´´

     ခတ္တာကို မျက်စောင်းထိုးပြီး ရန်စွာဟန် ပြင်လိုက်တဲ့ သူ့လက်ကို ဝေ လှမ်းဆွဲပြီး ဟန့်တားလိုက်ရသည် ။

       ''ကလေး...မမတို့ တကယ် သစ်ပင်စိုက်ကြမလို့ပါ...ခတ္တာနဲ့ ခဏမှ ရန်ဖြစ်တော့...ခု မမနဲ့ လိုက်ခဲ့ဦး လာ...´´

     သူတို့အိမ်ရှေ့က အုတ်တံတိုင်းနားသို့ သူ့လက်ကို ဆွဲခေါ်တော့ ဇဝေဇဝါ မျက်နှာနဲ့ ပါလာသည်။

    အုတ်တံတိုင်းနားမှာ တူးထားတဲ့ တွင်းရှေ့ ဝေ အသာအယာဒူးထောက်ထိုင်ချလိုက်သည်။

     ''ဟာ မိုက်တယ်...တွင်းကတူးထားပြီးသားဟ...´´

      တွင်းဘေးမှာ အသင့်ထားထားတဲ့ ပျိုးထုပ်ကို ဝေ လှမ်းယူလိုက်သည် ။

     ''တစ်သက်လုံး ပျော်ချင်ရင် ဘာလုပ်ရမယ်ဆိုတာကလေးသိလား...´´

     ''ဟုတ် မမ သိပါတယ်...သစ်ပင်စိုက်ရမယ်လေ...´´

      သဘောကျဟန်နဲ့ ပြုံးကျသွားတဲ့ သူ့မျက်နှာလေးကိုမော့ကြည့်ပြီး တစ်ညလုံးစီထားတဲ့ စကားလုံးတွေကို ခပ်ဖြည်းဖြည်းရွတ်ရသည်။

    ''မမကလေ  နောက်ဆုံးထွက်သက်အထိ ကလေးနဲ့ မခွဲမခွာ အတူရှိချင်တယ်...တစ်သက်လုံးလည်း ပျော်ချင်တယ်...အဲ့ဒါကြောင့် သစ်ပင်ကလေးစိုက်ဖို့ စဥ်းစားမိတာ...´´

       ပြုံးစစ သူ့မျက်နှာက တည်ငြိမ်သွားပြီး ဝေ့စကားကို အာရုံစိုက် နားထောင်ရင်းဝေနဲ့ မျက်နှာခြင်းဆိုင်မှာ ထိုင်ချလိုက်သည် ။

       ''မခွဲအတူဆိုတာကို စဥ်းစားမိတော့ မမက စွယ်တော်ရွက်ကလေးကို သတိရသွားရော...အဲ့ဒါကြောင့် ကလေးနဲ့အတူတူ စွယ်တော်ပင်ကလေးတစ်ပင်စိုက်ဖို့ စိတ်ကူးရသွားတယ်...´´

ပြောပြီးတော့ အပင်ကို ပျိုးထုပ်ထဲကနေ အသာအယာ ထုတ်ယူလိုက်သည် ။

      ''နောက်တစ်ခု ပြောစရာ ရှိသေးတယ်ကလေးရဲ့...´´

      ပျိုးပင်လေးကို မြေတွင်းထဲ ထည့်ဖို့ပြင်နေတဲ့ သူ့လက်တွေ ရပ်တန့်သွားသည် ။

     ''ဘာလဲဟင် မမဆရာမ...´´

      ''ကလေး တစ်နေ့ကပြောတာ...လူကြီးတွေရှေ့ရောက်တိုင်း ...ပတ်ဝန်းကျင်မှာအမြင်မတင့်တယ်မှာစိုးတိုင်း သွေးတို့က ခွဲနေကြရမှာလား ဆိုတာလေ...´´

      သူက ပျာပျာသလဲ ရှင်းပြဖို့ပြင်ပေမဲ့ ဝေ သူ့ကို လက်ကာပြလိုက်သည် ။

      ''ကလေး ပြောပြီးကတည်းက အဲ့ဒီကိစ္စကို မမ စဥ်းစားတယ်...နောက်ဆုံးထွက်လာတဲ့ အဖြေက ဘယ်နေရာရောက်ရောက် မမတို့ ချစ်သူနှစ်ဦး မခွဲမခွာ အတူနေနိုင်ဖို့ဆိုရင် လက်ထပ်ကြဖို့လိုတာပေါ့လို့...´´

      သူ့မျက်နှာ ရဲတက်သွားပြီး အနေရခက်သွားတာ တွေ့ရသည် ။ ဝေ့ ပါးပြင်နှစ်ဖက်လည်း ပူထူနေပြီ။

     '' ဒါပေမဲ့ လက်ထပ်ပွဲ လုပ်ဖို့အထိကျ မမ မရဲဘူး ကလေးရယ်...´´

     သူ ခေါင်းညိတ်သည် ။

     ''အဲ့ဒါနဲ့ လက်ထပ်ထားတဲ့ စုံတွဲတွေကို လေ့လာကြည့်တော့ တော်တော်များများမှာ ဘာတွေ့ရလဲဆိုရင်...´´

     ပြောနေရင်း ဝေ ပျိုးပင်ထုတ်ထားပြီးတဲ့  အိတ်အခွံကို မှောက်ပြီး ခါချလိုက်သည် ။

      ''ဘာတွေ့လဲဟင် မမဆရာမ...´´

     ''ဆင်တူ လက်ထပ်လက်စွပ်လေးတွေ ဝတ်ထားကြတာ ကလေးရဲ့...´´

    ပျိုးထုပ်ထဲက မြေကြီးတွေကို ခါချလိုက်တော့ ပလတ်စတစ်အိတ်လေးနဲ့ သေချာပတ်ထားတဲ့ အထုပ်ကလေးတစ်ထုပ် ထွက်ကျလာသည် ။

      ''ဖွင့်ကြည့်လိုက်ကလေး...´´

     သူက ဝေ့ကို နားမလည်သလိုကြည့်ပြီး အထုပ်ကို ဖြည်လိုက်သည် ။ ပလတ်စတစ်ထုတ်လေးထဲမှာ ကတ္တိီပါဗူးလေးတစ်ဗူး ။ သူက တအံ့တသြနဲ့ သူ့လက်က မြေကြီးတွေ ပြောင်အောင်သုတ်ပြီး ဘူးလေးကို ဖွင့်လိုက်သည် ။

      ''ဟာ မမဆရာမ...´´

     ဘူးထဲမှာ ဆင်တူလက်စွပ်လေးနှစ်ကွင်း။ ပြောင်ကွင်းလေးပေါ်မှာ စွယ်တော်ရွက် ပုံလေးတွေ ထွင်းထားသည်။

        ''အာ မမဆရာမရာ...´´

     ''လက်ထပ်လက်စွပ် ဝတ်ထားတာက လူနှစ်ဦး ထိမ်းမြားလက်ထပ်ပြီးကြပြီဆိုတဲ့ အဓိပ္ပါယ်ပေါ့ကလေး...အဲ့ဒါကြောင့် မမတို့ လက်ထပ်လက်စွပ်ဝတ်ကြမယ်လေ...လက်ထပ်ကြမယ်ဆိုရင် သက်သေလိုတယ်မဟုတ်လား...´´

    ဝေ သူ့အိမ်ပေါ်ထပ် ဝရန်တာသို့ လှမ်းကြည့်ပြီး လက်ပြလိုက်သည် ။ ခတ္တာက ကင်မရာကို အိမ်ဘက်သို့ လှည့်လိုက်သည် ။ အိမ်ပေါ်မှာ ဝေ တို့ကို လက်ပြနေတဲ့ နှစ်ဖက်မိဘတွေ ။ မမနွေးတို့စုံတွဲ ။ ဝေ့ ကိုကိုကြီးတို့ ။ မိသားစုနှစ်စုကိုအစုံအလင်တွေ့ရသည် ။

     ''သက်သေတွေက ဒီလောက်ဆိုရင် လုံလောက်ပါတယ်နော်ကလေး...´´

     သူက မျက်ရည်တွေတွေကျရင်း ပြုံးပြီး ခေါင်းညိတ်ပြသည် ။

      လက်စွပ်တစ်ကွင်းကို ထုတ်ယူပြီး သူ့ဘယ်ဘက်လက်သူကြွယ်မှာ စွပ်ပေးလိုက်သည် ။ သူက ကျန်တဲ့ တကွင်းကို ဝေ့ လက်မှာ ပြန်ဝတ်ပေးသည် ။ ဝရန်တာပေါ်က လက်ခုပ်သံတွေ ကြားရပေမဲ့ ဝေ တို့လှည့်မကြည့်ရဲကြ။

      ''နောက်ဆုံးထွက်သက်အထိ ချစ်သောကလေးနဲ့ မခွဲအတူ ရှိခွင့်ရပါစေ...´´

     ဝေ စွယ်တော်ပင်လေးကို မြေတွင်းထဲထည့်တော့ သူ့လက်တွေက ဝေ့လက်ပေါ်ကို အသာအယာ အုပ်ကိုင်လာသည် ။

     ''သွေးရဲ့ နောက်ဆုံး အချိန်အထိ မမဆရာမ တစ်ယောက်တည်းကိုသာ သစ္စာရှိရှိ ချစ်သွားပါ့မယ်...ဘယ်လိုအခက်တွေပဲ ကြုံလာပါစေ မမအနားမှာ မခွဲမခွာ အမြဲရှိနေပါ့မယ်...´´

      လက်နှစ်ဖက် အုပ်ကိုင်ထားလျက်သားလေး မြေကြီးတွေ ဖို့သည် ။ ပြီးတော့ အသင့်ရှိနေတဲ့ ရေပန်းကရားထဲက ရေတွေကို ပျိုးပင်လေးပေါ်သို့  လောင်းလိုက်ကြသည် ။

     ''အခန်းအနား အစီအစဥ် နှစ်အရ နေ့လည်စာ သုံးဆောင်ကြပါမယ်ခင်ဗျာ... မင်္ဂလာ စုံတွဲ အိမ်ထဲသို့ ကြွပါခင်ဗျ...´´

     ကိုကိုကြီးအသံက ဝရန်တာပေါ်ကနေ အောင်မြင်စွာ ထွက်ပေါ်လာသည် ။

     ဝေတို့ တစ်ယောက်လက် တစ်ယောက်တွဲပြီး ထရပ်လိုက်ကြသည် ။ ဝရန်တာက လူအုပ်ကြီးက အိမ်ထဲ ဝင်နေကြပြီ။

     ''ခဏလေး မင်္ဂလာ စုံတွဲရေ ခဏလေး...´´

     ခတ္တာက ကင်မရာ တကားကားကိုင်ပြီး ဝေ တို့ရှိရာကို ပြေးလာသည် ။

     ''ဘာကျန်သေးလို့လဲ ခတ္တာရ...´´

      ''အရေးကြီးတာ ကျန်သေးတယ်လေ...လက်ထက်လက်စွပ်လဲပြီးရင် အာဘွားမွမွ လုပ်ရဦးမယ်လေ...´´

      ''ဟယ် ခတ္တာရဲ့...´´

     ဝေ ဘာဆက်ပြောရမည်မသိ ။

     ''ငါ့မမရှက်သွားပြီ ခတ္တာရယ် နင်က ဇွတ်...သွားသွား ထမင်းသွားစား...ကျန်တာ ငါဆက်တာဝန်ယူလိုက်မယ်...´´

    ခတ္တာကို အိမ်ထဲအတင်းတွန်းလွှတ်နေတဲ့ သွေးကိုကြည့်ပြီး ဝေ ရယ်လို့မဆုံး ။  ပုသေးသေးသွေးက ဝေ့ ပခုံးပေါ် လက်နှစ်ဖက်တင်ပြီး ခြေဖျားထောက်လိုက်သည် ။

    ဝေ မျက်နှာကို လက်နှစ်ဖက်နဲ့အုပ်ပြီး ဦးခေါင်းကို အတင်းမော့ထားလိုက်ရသည် ။

     ''မှီရင် နမ်းလေး သွေးရဲ့...နေဦး နေဦး ငါခုံယူပေးရမလား...´´

     ''ခတ္တာမ အစုတ်ပလုတ်...´´

     ရှက်ရမ်းရမ်းပြီးအော်သံ ရယ်သံတွေက သွေးတို့ အိမ်ရှေ့မှာ ညံစည်ဝေနေသည် ။ စွယ်တော်ပင်ပျိုလေးက နွေ လေအဝှေ့မှာ ပျော်ရွှင်စွာ ယိမ်းကလို့နေလေပြီ။

    ~~~~~~~~~
ပြီးပါပြီ

အခ်စ္ဦးကသူ... အခ်စ္ဆံုးက မင္း...( အချစ်ဦးကသူ... အချစ်ဆုံးက မင်း... )Where stories live. Discover now