Part...1

19.2K 828 40
                                    

အပိုင်း..၁

''အစ်ကို...´´
ဒီနာမည်လေးကို ရေရွတ်မိယုံနဲ့ သွေးစိတ်ထဲမှာ ပြီးပြည့်စုံသွားသည် ။ အစ်ကို ဆိုတာ သွေး ကိုးကွယ်မိတဲ့ သွေးနှလုံးသားရဲ့ အရှင်သခင် ။

''အစ်ကို´´ဆိုတဲ့နာမည်ကို နုတ်ခမ်းလှုပ်ပြီး အသံတိတ်ရေရွတ်ရင်း  သွေး လက်ထဲက ဖုန်းလေးကို ငုံ့ငေးကြည့်ပြီး ကြည်နူးစွာ ပြုံးလိုက်မိပြန်သည်။ သွေး ရဲ့ အစ်ကိုနဲ့ တွေ့ရတောာ့မယ်တဲ့ ။

သွေးငုံ့ကြည့်နေမိတဲ့ ဖုန်း contact list ထဲက အစ်ကိုလို့ မှတ်ထားတဲ့ နံပါတ်လေးက သွေးအဖြစ်ကို ဖုန်းထဲကနေ မော့ကြည့်နေသယောင် ။  sms လေး တစ်စောင်အတွက်နဲ့တောင် သွေး မျက်နှာပေါ်မှာ အပြုံးရိပ်တွေပြည့်သိပ်နေတာ ။အစ်ကိုနဲ့အပြင်မှာသာ မျက်နှာခြင်း ဆိုင်ရရင် သွေး မျက်နှာက ဘယ်လောက်ထိကို အပျော်ရိပ်တွေ ဖုံးနေလိမ့်မလဲ။သိပ်များ သိသာနေမလား ။ သွေးရဲ့ အတွင်းစိတ်က မျက်နှာပေါ်မှာ အထင်းသားပေါ်နေမှာ ရှက်စရာ ကောင်းနေမလား ။  အို သိသာပါစေပေါ့ ။ ဘာဖြစ်သေးလဲ ။ချစ်သူတွေပဲဟာကို ။ အတွေးကို ဖြတ်ချပြီး sms ကိုဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ပြန်ဖတ်မိပြန်သည် ။

''မတွေ့တာကြာပြီ...ဆုံနေကြ ဆိုင်မှာ စောင့်နေမယ် ...မနက်ဖြန်ညနေ ...´´

     နာမည်လေးတောင် မပါတဲ့ အဲ့ဒီ တုံးတိတိ စာသားတွေက သွေးစိတ်ကို ဆွဲဆောင်နိုင်လွန်းသည်။ ။နာမည်မခေါ်ချင်လည်း လွမ်းတယ်လို့ တစ်ခွန်းလေး ထည့်ရေးရင် ဘာဖြစ်သွားမှာမို့လဲ ။ အဲ့လိုဘဲ ။ အစ်ကို တည်ကြည်အေးဆေးလွန်းတယ် ။ Tourist guide အစ်ကိုက သိပ်ကို စကားပြောချိုသာပြေပြစ်တာ ။ ယဉ်ကျေးနူးညံ့တာ။ အစ်ကိုများ တစ်ယောက်ယောက်နဲ့စကားပြောနေရင် သွေး က ဘေးကနေ ငေးနေမိတာဘဲ ။


အဲ့ဒီလိုအစ်ကိုက အပြင်မှာ စကားပြောချို သလောက် စာပို့ရင်တုံးတိတိ။ ရေးတဲ့ စာသားတွေက တုံးတိတိနိုင်သလို စတစ်ကော်လံ အင်္ကျီအဖြူလေးတွေနဲ့ ပုဆိုးကွက်စိပ် အရောင်ရင့်ရင့်မှိုင်းမှိုင်းတွေ ဝတ်တတ်ပြီး ဆံပင်ကို ခပ်တိုတိုညှပ်ထားတတ်တဲ့ အစ်ကို့ အသွင်အပြင်ကလည်း ရှိရင်းစွဲအသက်ထက် ရင့်ကျက်တည်ငြိမ်နေတာပါဘဲ ။ သွေးရဲ့ သူငယ်ချင်းတွေက ကွယ်ရာမှာ အဖိုးကြီးလို့ ခေါ်ကြတဲ့  အစ်ကို့ကိုမှ သွေး က တဖြုတ်ဖြုတ်ကြွေနေမိတာ ။

  သွေးက လူငယ်ဆန်ဆန် သွက်လက်ပေါ့ပါး သလောက် သွေးထက် အသက်ငါးနှစ်လောက်သာကြီးတဲ့ အစ်ကိုက သွေး နဲ့ ဆန့်ကျင်စွာ ။ ဖုန်း စကရင်ပေါ်က အစ်ကိုဆိုတဲ့ နာမည်လေးကိုသွေး စိတ်ထဲကနေ ထပ်ပြီး ရေရွတ်ကြည့်လိုက်မိပြန်သည် ။ အဲ့ဒီနာမ်စားလေးကို ရေရွတ်မိတိုင်း သွေးရဲ့ ဘယ်ဘက်ရင်ဘတ်ထဲက နွေးခနဲ ။ အစ်ကို့ကို သွေး ချစ်လိုက်တာ ။ပြီးတော့ အရမ်းလည်း လွမ်းနေပြီ ။

ခရီးတွေထွက်တိုင်း အစ်ကိုက ပြန်ရောက်မှသာ သွေးကို ဆက်သွယ်တတ်တာ။ သွေး အစ်ကိုနဲ့မတွေ့ရတာ တစ်လပြည့်တော့မယ် ။အစ်ကိုနဲ့ချိန်းထားတဲ့ မနက်ဖြန်ညနေ ဆိုတာကြီးကို သွေးချက်ခြင်းဘဲ ရောက်ချင်နေပါပြီ ။
အဲ့ဒီ မနက်ဖြန်ညနေဆိုတာရောက်ဖို့ ဒီနေ့ရဲ့ နာရီလက်တံတွေကို ဆွဲလှည့်ပစ်လို့ရရင် သိပ်ကောင်းမှာဘဲ ။သွေး လေ အစ်ကို့ကို အရမ်းတွေ့ချင်နေပြီ ။

   မနက်ဖြန်ဆိုတဲ့ အနာဂတ်က အစ်ကို့ကို သွေး ချက်ခြင်းပြေးတွေ့လို့ မရပေမဲ့ အတိတ်က အစ်ကိုကတော့ သွေးသတိရတိုင်း ဘေးနားကို ရောက်ရောက် လာတတ်သည် ။ ခုလည်း အစ်ကိုက သွေး ရဲ့ ဘေးနားကို ရောက်လာပြီး သွေးကို ပြုံးငေးစိုက်ကြည့်နေသလို ။
... ..... .... .....
အစ်ကိုဆိုတဲ့ နာမ်စားလေးကိုသွေး ခေါ်ခွင့်မရသေးခင်က အစ်ကိုက သွေး တပည့်မလေးရဲ့ အစ်ကိုငယ်ပေါ့ ။

    study guide သွေး နဲ့ tourist guide အစ်ကိုရဲ့ တွေ့ဆုံမှုက သိပ်မဆန်းကြယ်ပါ။ သွေးတို့ စတွေ့တဲ့နေ့က အစ်ကိုက တီရှပ်ခဲရောင်လေးကို ပုဆိုးအနက်ကွက်စိပ်နဲ့ တွဲဝတ်ထားသည် ။ ညိုညိုစိုစို အသားအရည်၊ ဆံပင်ညှပ်ပြီးစ ၊မုတ်ဆိတ်နုတ်ခမ်းမွှေး ရိတ်သင်ပြီးခါစ အစ်ကို့ရဲ့ ကြည်လင်အေးချမ်းတဲ့ ပုံရိပ်ဟာ စတွေ့တွေ့ခြင်းမှာဘဲ သွေး ရင်ထဲကို တမဟုတ်ချင်း ဝင်ရောက် နေရာယူသွားတော့သည် ။ ကြည်လင်နက်ရှိုင်းပြီး တစ်ချက်စိုက်ကြည့်လိုက်တာနဲ့ တစ်ဖက်သားရဲ့ စိတ်နှလုံးသားကို အတွင်းထဲထိ ထိုးဖောက်မြင်တော့မလို အကြည့်နက်နက် နဲ့ မျက်ဝန်းနက်နက်တွေကို သွေး အိပ်မက်ထဲ အလည်ခေါ်မိတဲ့အထိ  အစ်ကိုက စတွေ့တွေ့ချင်းမှာဘဲ သွေးရဲ့ စိတ်ဝိညာဉ်ကို အပိုင်သိမ်းပစ်လိုက်တော့တာ ။

''ကျွန်တော့် ညီမလေးက အိမ်မှာ အငယ်ဆုံးဆိုတော့ ဆိုးတယ်ဗျ...မနိုင်စိန်လေး...ဆရာမ သူ့ကို အလိုမလိုက်နဲ့နော်...ခပ်တင်းတင်းသာ ကိုင်...သူ ဆယ်တန်းကို နှစ်ခြင်းပေါက်အောင်မှ ဖြစ်မယ်... ´´

  လူက တည်ကြည်အေးချမ်းရုံမက အသံသြဇာနဲ့လည်း ပြည့်စုံတဲ့ အစ်ကို့ရဲ့ စကားသံတွေကြား သွေး အသက်ရှုတွေ မှားခဲ့ရတာပေါ့ ။ အစ်ကို့အကြည့်တွေထဲ ကျဆုံးနေတဲ့သွေးက အဲ့ဒီအချိန်က ဘာပြောလိုက်သလဲ အဓိပ္ပါယ်မသဲကွဲပေမဲ့ သံလိုက်လို ဆွဲငင်နိုင်တဲ့ အစ်ကို့ရဲ့ အသံသြဇာထဲမှာ သွေးရဲ့ စိတ်က ထပ်မံကျဆုံးပြီး ခေါင်းတဆတ်ဆတ် ငြိမ့်ပစ်လိုက်တာ ။

   အဲ့ဒီနေ့ကစပြီး အစ်ကိုက သွေး စိတ်ကူးထဲမှာ အချိန်ပြည့် စိုးမိုးထားပြီး သွေး အိပ်မက်တွေရဲ့ အရှင်သခင် ဖြစ်လာခဲ့သည် ။
--- --- --- ---
''ကျွန်တော် ... မဝါရွှေသွေး ကို ချစ်တယ်...ကျွန်တော့်ဘဝရဲ့ လက်တွဲဖော် ဖြစ်ပေးနိုင်မလား...´´

      သွေးတို့ စတွေ့ပြီး ခြောက်လအကြာမှာ အစ်ကိုက သွေးကို လက်ကမ်းခဲ့တာ

။ သွေး အချိန်အကြာကြီး မစဉ်စားခဲ့ပါ။ မဆွတ်ခင်က ညွှတ်ချင်နေတဲ့ ပန်းမို့ လက်လှမ်းတာနဲ့ကို သွေးက အစ်ကို့ လက်ထဲ ကြွေဆင်းပစ်လိုက်တာပါဘဲ ။

     အစ်ကိုက သိပ်ကိုပါးနပ်ထက်မြက်တဲ့သူဆိုတော့ သွေးရဲ့ အတွင်းစိတ်ကို မြင်မှာပါ ၊ ဒါပေမဲ့ အစ်ကိုက သွေး အပေါ်မှာ လိုအပ်တာထက်ပိုပြီး ဘယ်တုန်းကမှ အခွင့်အရေး မယူဖူးခဲ့ ။ အတူယှဉ်ပြီး လမ်းလျောက်သွားကြရင် သွေးရဲ့ လက်တစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားတတ်ပြီး ဘေးချင်းယှဉ်ထိုင်ကြရင် သွေးရဲ့ပခုံးကို ခပ်ဖွဖွလေး ဖက်ထားတတ်တယ် ။ အဲ့ဒီထက် မပိုခဲ့ဖူး ။

   အတူရှိတဲ့အချိန်တိုင်း သွေး က အစ်ကို့ရဲ့ ချိုအီအီ ကိုယ်သင်းနံ့ထဲမှာ နစ်မျောနေတတ်ခဲ့သည် ။

     အနေအထိုင် ယောက်ျားဆန်ပြီး သွက်လက်ထက်မြက်တဲ့ အရာရာကို ဦးဆောင်နိုင်စွမ်းရှိတဲ့သွေး ကို သူငယ်ချင်းတွေက နင်ကြီးလာရင် ယောက်ျားယူမှာလား မိန်းမယူမှာလားလို့ အမြဲစနောက်ကြသည် ။ အပေါင်းအသင်းများပြီးပျော်ပျော်နေတတ်တဲ့သွေးက ကျောင်းနေစဉ် တလျောက်လုံးမှာ ရည်းစားထားဖို့ စိတ်မကူးခဲ့ဖူးသလို ဘယ်သူ့ကိုမှ စိတ်မဝင်စားဖူးခဲ့ ။

     အစ်ကိုနဲ့ တွေ့မှ အစ်ကိုက သွေးရဲ့ နှလုံးသား အရှင်သခင် ဖြစ်ခဲ့သလို သွေးရဲ့ အချစ်ဦးလည်း ဖြစ်ပါသည် ။ အစ်ကို့အတွက်တော့ သွေးက သူစိတ်ဝင်စား ချစ်ရေးဆိုဖူးတဲ့ တတိယမြောက် မ်ိန်းကလေးပါလို့ အစ်ကိုက ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပါသည် ။

   ကိစ္စမရှိပါ ။သွေး ကအစ်ကို့ရဲ့ ပထမဦးဆုံး ဖြစ်ခွင့်မရပေမဲ့ နောက်ဆုံးတော့ ဖြစ်ခွင့်ပေးမယ်မလားလို့ အစ်ကို့အရပ်အရှည်ကြီးကို ဇက်ညောင်းအောင် မော့ကြည့်မေးမိတိုင်း အစ်ကိုက သွေးရဲ့ တိုကပ်ကပ် ဆံပင်တွေကို လက်နဲ့ ဖွပစ်ပြီး သွေးကို ငုံ့ကြည့်ကာ ဒါပေါ့ကွ လို့ ရယ်မောပြီး ဖြေတတ်သည် ။


     အစ်ကို့ရဲ့ ဒါပေါ့ကွ ဆိုတဲ့ အဖြေကို သွေး ဘယ်တော့မှ မနှစ်သက်ပါ ။ ဖြစ်ရမှာပေါ့ လို့ တိတိကျကျဖြေပေးသံကို သွေးက လိုချင်ခဲ့တာ ။ ဒါပေမဲ့ သွေး ကျေနပ်ပါတယ် ။ ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင်ကိုမှ သွေးက လက်ဝယ်ပိုင်ပိုင် ရထားတာ မဟုတ်လား ။ တစ်နေ့ကျရင် အဲ့ဒီနှင်းဆီခိုင်က သွေး ရဲ့ ဆံကေသာဦးထက်မှာ အတိအကျ နေရာယူတော့မှာလေ ။

     ကိုယ့် အတွေးကိုယ် သဘောကျပြီး သွေး ခစ်ကနဲ ရယ်မိချိန်နဲ့ တထပ်တည်း သွေး ရဲ့ပခုံးပေါ်ကို ကျရောက်လာတဲ့ ခပ်ဆတ်ဆတ်ရိုက်ချက်ကြောင့် သွေး လန့်သွားရသည် ။ ကြည့်လိုက်တော့ မေမေ ။

''ကောင်မလေး ဘာတွေစိတ်ကူးယဉ်နေတာလဲ....မေမေကြည့်
နေတာ ကြာပြီ...ဖုန်းကိုစိုက်ကြည့်ပြီး ပြုံးနေလိုက်တာများ...''

''လန့်လိုက်တာ မေမေရယ် ...အသံမပေး ဘာမပေး...''

မေမေကသွေးကို ကြည့်ရင်း ပြုံးပြီး သွေးပါးကို  ခပ်ဖွဖွဆွဲလိမ်သည် ။

''မေမေ့သမီး ချစ်သူတွေဘာတွေ ရနေပြီလား ....ရနေရင်လည်း ပြောနော်...မေမေတို့က သမီးတွေရဲ့ အိမ်ထောင်ရေးကို ဝင်စွက်ဖက်မဲ့သူတွေ မဟုတ်ဘူးဆိုတာသမီးသိတယ်မလား....
သင့်မသင့် တော်မတော်ဆိုတာ မေမေတို့အကဲဖြတ်ပေးမယ်...ကျန်တာက
တော့ သမီးတို့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်နော် ...မေမေ ခဏခဏ ပြောဖူးတာ မမေ့ပါနဲ့... ´´

  သွေး မေမေ့ကို ကြည့်ပြီး တွေဝေနေမိသည် ။ သွေးဘက်ကတော့ ထိန်ကျန်သိုဝှက်ထားစရာမရှိပေမဲ့ အစ်ကို့ဘက်က သွေးကို လက်ထပ်ဖို့ စကားမစသေးတာကြောင့် သွေး မယုတ်မလွန်သာ ဖြေလိုက်ရသည် ။


''ဟုတ်ကဲ့ပါမေမေ...တစ်ခုခုထူးခြားတာရှိရင် မေမေ့ကို အရင်ဆုံး အသိပေးမှာပါ ... ခုကဘာမှမရှိသေးပါဘူး... သွေး ပျင်းလို့ ဖုန်းကသိုဏ်းရှုနေတာပါ မေမေရဲ့ ...ခုတော့ ရေသွားချိုးလိုက်ဦးမယ်နော်...ဖေဖေနဲ့ မမပြန်လာရင် ထမင်းစားရအောင်...´´

      ပြောပြီး သွေး မေမေ့ပါးကို ရွှတ်နဲနမ်းပြီး အိမ်ပေါ်ထပ်သို့ ပြေးတက်လာခဲ့သည် ။

''ဒီကောင်မလေး...အမေကို ရွှတ်နောက်နောက်နဲ့...´´

    မေမေ့လှမ်းအော်သံက သွေး ရဲ့ နောက်မှာ ကျန်ခဲ့လေသည် ။ မေမေ့ရယ်သံနဲ့ လှေကားတလျောက်ပြေးတက်ရင်း ရယ်မောလိုက်တဲ့ သွေးရဲ့ ရယ်သံတွေက အိမ်ကလေးထဲမှာ ဝေစည်နေသည် ။

သောကတွေဝင်ရောက် စွက်ဖက်ခွင့်မရသေးတဲ့ အချိန်တွေတုန်းကတော့ ရယ်သံတွေဟာ သိပ်ကို ပေါ့ပါးလွတ်လပ်ခဲ့သည် ။

~~_~~  ~~_~~ ~~_~~ ~~_~~

    နိုးစက်သံ ဆူညံသံ အော်ဟစ်နိုးသံ စတဲ့ အသံဗလံ တစ်ခုခုကြောင့် နိုးထရတဲ့ မနက်ခင်းတွေကို သွေး သိပ်မုန်းတာဘဲ ။ အဲ့လို အနှောင့်အယှက် တစ်ခုခုကြောင့် နိုးထလာခဲ့ရရင် သွေး တနေကုန် မကြည်လင်တော့ ။ ခေါင်းမူးရီဝေပြီး မြင်မြင်သမျှကို စိတ်တိုင်းမကျ ဖြစ်နေတတ်သည် ။ အစ်ကိုနဲ့ တွေ့ဖို့ ချိန်းထားတဲ့ နေ့တစ်နေ့ရဲ့ အစကို ကြည်လင်ပျော်ရွှင်စွာ အစပြုချင်ပေမဲ့ ခုတော့ သွေးရဲ့ ဆန္ဒတို့မပြည့်ဝခဲ့ ။

     သွေးတို့ မျက်နှာချင်းဆိုင် အိမ်ခြံဝိုင်းထဲက ထွက်ပေါ်နေတဲ့ ဝုန်းဝုန်းဒိုင်းဒိုင်း

အသံတွေရယ် စကားသံ ခပ်ကျယ်ကျယ်တွေရယ်က သွေး ရဲ့ မနက်ခင်းလေးကို လှပစွာ ဖျက်ဆီးပြီး သွေး ကို အိပ်ရာမှ အထိတ်တလန့် နိုးထစေခဲ့သည် ။

    အားယူဖွင့်ထားရတဲ့ မပွင့်တပွင့်မျက်ဝန်း၊ စိတ်ထဲ တရိပ်ရိပ်တက်လာတဲ့ ဒေါသတွေ နဲ့အတူ ပြတင်းခန်းဆီးကိုဘေးသို့ဆွဲဖယ်ပြီး အိပ်ခန်းပြတင်းပေါက် တံခါးရွက်ကို ကြမ်းကြမ်းတမ်းတမ်း တွန်းဖွင့်ပစ်လိုက်မိသည် ။

    အိပ်ခန်းထဲသို့ အမောတကောပြေးဝင်လာတဲ့ နေရောင်နွေးနွေးနဲ့အတူ အသံတွေထွက်နေတဲ့ မျက်နှာခြင်းဆိုင်အိမ်က မြင်ကွင်းတွေက သွေးရဲ့ အမြင်အာရုံထဲကို အပြေးလေးဝင်ရောက်လာသည် ။

    အမြဲတံခါးပိတ်ထားတတ်သည့် အိမ်က ခုတော့တံခါးတွေ ပြတင်းပေါက်တွေ အကုန်ဖွင့်ထားသည်။  အိမ်ခြံဝန်းထဲမှာ ကားအကြီးကြီးတစ်စီး ရပ်ထားပြီး ကားပေါ်ကနေ ပစ္စည်းတွေ သယ်ချနေကြသည့် လူတစ်စုဆီက အသံပေါင်းစုံ ထွက်ပေါ်နေခြင်းပင် ။ လူသစ်တွေပြောင်းလာကြပြီပေါ့ ။

    ဆောက်လုပ်ထားပြီး တစ်နှစ်ကျော်ကြာတဲ့အထိ တံခါးပိတ်ထားတတ်တဲ့ ခရမ်းရောင်ဖျော့ဖျော့ နှစ်ထပ်အိမ်ကြီးကို သွေး အမြဲတမ်းငေးမောခဲ့ရတာ ။

    သွေးရဲ့အိပ်ခန်းနဲ့ မျက်နှာခြင်းဆိုင်က အခန်းထဲမှာ အရိပ်တစ်ရိပ်ကို ဖျတ်ခနဲ လှမ်းမြင်ရသည် ။ အားကစားဘောင်းဘီ ဘေးစင်းနဲ့ ဟူဒီတစ်ထည်ကို ခေါင်းစွပ်စွပ်ပြီး ဝတ်ထားတဲ့ ပုံရိပ် ။ အမျိုးသားတစ်ယောက် မဖြစ်ပါစေနဲ့လို့သာ သွေးဆုတောင်းရတော့မည် ။သွေးအခန်းနဲ့ တဖက်အိမ်က အခန်းက  လှမ်းကြည့်တာနဲ့ တစ်ယောက်လှုပ်ရှားမှုကို တစ်ယောက်က ထင်ထင်ရှားရှားမြင်နေရမဲ့ အနေအထားဖြစ်လို့ ယောက်ျားလေးတစ်ယောက်သာဆိုရင် အနေကြုံ့ရမည်မဟုတ်လား ။

     အတွေးပေါင်းစုံနဲ့အတူ တစ်ဖက်အခန်းရဲ့ ပြတင်းဆီကို ငေးစိုက်ကြည့်နေမိ

တဲ့ သွေးရဲ့မြင်ကွင်းထဲကို လက်ဖြူဖြူလေးတစ်ဖက် ဝင်လာသည် ။ ပြီးတော့ ပြတင်းတံခါးရွက်ကို  ခပ်ဆောင့်ဆောင့် ပိတ်ပစ်သံ ။

   ခရမ်းရောင်မှန်ချပ်ကြီးရဲ့ နောက်ကွယ်မှာ ရုတ်ခြည်းပျောက်ကွယ်သွားတဲ့ ပုံရိပ်ကို ခပ်ကြောင်ကြောင်လေး လိုက်ကြည့်မိနေရာက အရိပ်ပျောက်သွားချိန်မှာ သွေး ဦးခေါင်းက ဆံပင်တိုတိုတွေကို လက်နှစ်ဖက်နဲ့ ဖွပစ်ရင်း ခေါင်းမော့ကာ အော်ရယ်လိုက်မိသည် ။

     အရပ်ငါးပေတစ်လက်မ ၊ဆံပင်တိုတို၊ ပိန်ပိန်ပါးပါး ၊အသားအရည်ဝါဖျော့ဖျော့နဲ့ သွေး ကို စမြင်ဖူးတဲ့သူတိုင်းက များသောအားဖြင့်  ခပ်ညက်ညက် ကောင်လေးတစ်ယောက်လို့သာ ထင်တတ်ကြသည် ။

     ခုလည်း ရုတ်ခြည်းမြင်လိုက်ရတဲ့ လက်ဖြူဖြူလေးက သွေးကို အငမ်းလွန်တဲ့ ကောင်လေးလို့များ ထင်သွားလေပြီလား ။
လူပုံစံကို မမြင်ဖူးသေးပေမဲ့ လက်ဖြူဖြူလေးတစ်ဖက်ကတော့ သွေးကို သဘောကျခြင်းနဲ့ စိတ်အနှောင့်အယှက် ဖြစ်စေခြင်းကို စတွေ့တွေ့ခြင်းမှာပင် ဖန်တီးပေးခဲ့လေပြီ ။

     ရေချိုးခန်းထဲ ပြေးဝင်ပြီး သီချင်းတပိုင်းတစကို အော်ဆိုရင်းရေပန်းအောက်မှာ အကြာကြီးရပ်နေမိတဲ့ သွေး ။ထူးထူးဆန်းဆန်းပင် ရုတ်ခြည်းမြင်လိုက်ရတဲ့ လက်ဖြူဖြူသွယ်သွယ်လေးတွေကို မကြာခဏမြင်ယောင်နေမိတာ တနေကုန်နီးပါးပင်။

အိမ်ရှေ့အိမ်က လူသစ်တွေရဲ့ အသံဗလံတွေက်ို နားစွင့်နေရင်း၊ တခါတရံ သွေးအခန်းပြတင်းနောက် ခန်းဆီးအကွယ်ကနေ ဟူဒီနက်ပြာဝတ် ပုံရိပ်လေးကို တစေ့တစောင်း ရှာဖွေနေမိရင်း မနေ့က အရမ်းကို စိတ်စောပြီး ဒီနေ့ကျတော့ မေ့နေမိတဲ့ အစ်ကိုနဲ့ ချိန်ထားတဲ့အချိန်က အလျင်အမြန် ရောက်လာသလိုပင် ။

   သွေး အမြဲဝတ်နေကျ တီရှပ်ရောင်စုံ ဂျင်းဘောင်းဘီ တွေထဲက သင့်တော်ရာကို ဆွဲထုတ်ဝတ်ပြီး ခါတိုင်းနေ့တွေလို ထူးမခြားနားပုံစံနဲ့ပင် အစ်ကို့ရှေ့မှာ လှချင်နေတဲ့သွေးက မှန်ရှေ့က တော်တော်နဲ့ မခွာနိုင် ။ နေ့စဉ်မြင်နေကြ မှန်ထဲက ဂျစ်ကန်ကန် ပုံရိပ်တစ်ခုက သွေးကို စူးစိုက်ကြည့်နေသည် ။

    သွေး ရဲ့ သူငယ်ချင်းတွေ ရေရွတ်ကြတဲ့ နင့်အစ်ကိုက နင့်လို ပေတိပေစုတ် ကြွက်စုတ်ရုပ်ကို ဘာကြည့်ကြိုက်လဲ မသိဘူးဆိုတဲ့ စကားကို ပြန်ကြားယောင်တော့မှ သွေး မှန်ရှေ့က ခွာမိတော့သည် ။ ဆက်ကြည့်နေလဲ ထူးပြီးလှလာမှာမှ မဟုတ်တာ ။

    အစ်ကိုနဲ့ ချိန်းထားတဲ့ သွေးတို့ဆုံနေကြ လဖက်ရည်ဆိုင်ရှေ့မှာ ရပ်ပြီး ဆိုင်ထဲလှမ်းကြည့်တော့ လူအခ်ျို့သာ ရှိနေတဲ့ ဆိုင်ထဲမှာ သွေးရဲ့ နှလုံးသားသခင်ကို လှမ်းမြင်နေရပြီ ။ ဆိုင်အပြင်ကို ကြည့်နေတဲ့ အစ်ကိုက သွေးကိုမြင်တာနဲ့ လက်မြောက်ပြီး ပြုံးပြသည် ။ အစ်ကို့ အပြုံး အစ်ကို့ အပြုအမူတွေထံမှာ သံလိုက်တုန်းက ဆွဲငင်ခံရတဲ့ သံစတစ်စလို သွေး ကိုယ်ခန္ဓလေးကတရွေ့ရွေ့ ။

    ''လာ ညီမလေး....နောက်ငါးမိနှစ်နေလို့မှ ရောက်မလာရင် အစ်ကို ဖုန်းဆက်တော့မလို့....´´

    အရင်တွေ့နေကြတဲ့ မတူ ။ စတိုင်ပင်န် ကာကီရောင်နဲ့ ရှပ်မီးခိုးစင်းလေး ဝတ်ထားတဲ့ အစ်ကို့ အသံက သွေးရင်းနှီးနေကြ နွေးထွေးလှိုက်လှဲနေတဲ့ လေသံကလေးပါဘဲ ။ တစ်ခုဘဲ ။ သွေး စိတ်ထဲ ထင့်သွားရတာ ။ အစ်ကိုရဲ့ သွေးကိုကြည့်တဲ့ မျက်ဝန်းတွေကဟိုအရင်လိုနူးညံ့ပြီး အရောင်စိုလက်မနေ ။ ခပ်စိမ်းစိမ်း အကြည့်နဲ့ အတန်ငယ် နေရခက်နေသယောင် ကိုယ်နေဟန်ထားကြောင့် သွေးတို့ ဒီနေ့တွေ့တွေ့ဆုံခြင်းက  မတွေ့တာကြာလို့ လွမ်းလို့ တွေ့ချင်ခြင်းထက် ပိုသော တစုံတရာကို သယ်ဆောင်လာလိမ့်မည်ဆိုတာ ခန့်မှန်းမိပြီး သွေးစိတ်ထဲ လေးကျသွားရသည် ။

**** ~~~~ **** ~~~~ **** ~~~~

အခ်စ္ဦးကသူ... အခ်စ္ဆံုးက မင္း...( အချစ်ဦးကသူ... အချစ်ဆုံးက မင်း... )Where stories live. Discover now