Part...16

8.2K 672 134
                                    

အပိုင်း...၁၆

ညီမဖြစ်သူရဲ့ အခန်းပေါက်ဝမှာ အသံတိတ်ရပ်နေမိတဲ့ နွေး ။ အခန်းတံခါးကို ခေါက်လိုက်ရင် ဘာမြင်ရမလဲဆိုတာ ကြိုသိနေတာကြောင့် မခေါက်ရဲဘဲ အ ခန်းရှေ့မှာသာ ငြိမ်ငြိမ်လေးရပ်နေမိသည် ။ အခန်းထဲက အသံတွေ ကြားရအောင်  နားကိုတော့ အစွမ်းကုန် စွင့်ထားသည် ။ အခန်းထဲက လှုပ်ရှားသံသဲ့သဲ့ကို ကြားနေရသည်။လမ်းလျောက်နေတဲ့ ခြေသံဖွဖွ။  ။ အံဆွဲဖွင့်သံ ။ ပိတ်သံ ။အိတ်ကို ဇစ်ဆွဲသံ ။  အသံတစ်ခုခြင်းကို နွေး အလွတ်ရအောင် ကျက်မှတ်နေသလို နားစိုက်ထောင်နေမိသည် ။

     သိပ်မကြာခင်မှာ ဒီအခန်းလေးက ပိုင်ရှင်မဲ့ တိတ်ဆိတ်သွားတော့မှာ ။ ဒီအခန်းပိုင်ရှင်ရဲ့ အသံက တစ်အိမ်လုံးမှာ ပျောက်ကွယ်သွားတော့မှာ ။ စနောက်ရယ်မောသံတွေ၊ တွန်းထိုးငြင်းခုန်သံတွေ ၊ မေမေရေ အစချီတဲ့ တိုင်တောသံတွေ ။ အားလုံးပျောက်ကွယ်သွားတော့မှာ ။ အဖြစ်အပျက်တွေက ဘာလို့များ ခုလောက်ထိ ရှုပ်ထွေးကုန်သလဲ နွေး မသိ။ အခြေအနေကို လိုက်လို့ကို မမီတော့ ။

   ခေါင်းမာတဲ့ ဗီဇပါတဲ့ သူချင်း ထိပ်တိုက်တွေ့တဲ့ အခါ ကြားလူတွေက ရင်မောရ စမြဲလား ။ ဖေဖေ့သမီး ပီသတဲ့ သွေးက သူမှန်တယ်လို့ ယူဆပြီး မလျော့သလို ဖေဖေကလည်း ရပ်ကွက်ထဲမှာ အရှက်ခွဲရမလားဆိုပြီး မလျော့ ။ ခုတော့ သာယာပျော်ရွှင်ဖွယ်ရာကောင်းတဲ့ မိသားစုလေး တကွဲတပြား ဖြစ်ရပေတော့မည် ။တကယ်တော့ ပြဿနာရဲ့ အရင်းအမြစ်က  ဖေဖေနဲ့သွေးရဲ့ ပဋိပက္ခကြောင့်မဟုတ်တာ နွေးသိပေမဲ့ တကဲ့ပြဿနာရဲ့ မြစ်ဖျားခံရာက ဘယ်နေရာကလဲဆိုတာ နွေးမသိ ။ဝေ က ဒီဇာတ်လမ်းမှာ အဓိက ပါဝင်ပတ်သက်နေသူဆိုတော့ ဝေ ကတော့ အလုံးစုံ သိပေလိမ့်မည် ။  ဝေနဲ့တွေ့ပြီး စကားပြောကြည့်ဖို့ သတိရပေမဲ့ အခုလောလောဆယ်တော့ အသိုက်စွန့်တော့မဲ့ ငှက်ကလေးကိုသာ နွေး အရိပ်ကြည့်နေချင်သေးတာကြောင့် အိမ်ကနေ မခွာဖြစ်သေး။

     "အမလေး လန့်လိုက်တာ မမနွေးရယ်...အသံမပေး ဘာမပေးနဲ့ ဘာရပ်လုပ်နေတာလဲ... "

      အခန်းတံခါးကို ဆွဲဖွင့်လိုက်တာနဲ့ တံခါးရှေ့မှာ ရပ်နေတဲ့ လူရိပ်ကြောင့် သွေး လန့်ပြီး အော်လိုက်မိသည်။ နွေးက ဘာမှပြန်မဖြေဘဲ သွေးလက်ထဲမှာဆွဲထားတဲ့ ခရီးဆောင်အိတ်ကိုသာ တွေတွေကြီး စိုက်ကြည့်နေသည် ။ မမနွေး မျက်နှာကိုကြည့်ပြီး ငိုချင်စိတ်ကြောင့် သွေးရင်ထဲမှာ တလှိုက်လှိုက် ။ တစ်ယောက်တည်းရှိတဲ့ အစ်မအရင်းနဲ့ မိဘနှစ်ပါးကိုပစ်ခွာခဲ့ ရလောက်အောင် သွေး ခံစားချက်ကို ရှေ့တန်းတင်နေမိပြီလားလို့ တွေးလိုက်မိပေမဲ့ ချပြီးသားဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့တော့ စိတ်ကူးမရှိ။ အကြာကြီးမဟုတ်တောင် အခိုက်အတန့်လေးတော့ သွေး ဒီနေရာကနေ ဝေးဝေးပြေးမှ ဖြစ်မည် ။

   ခြံတံခါးပိတ်ပြီး ထွက်သွားတဲ့ ကားနောက်ကို ငေးမောလိုက်ကြည့်နေတဲ့ ပုံရိပ်တစ်ခုကိုပြန်မြင်ယောင်လာပြန်တော့ သွေး ဆုံးဖြတ်ချက်တွေ ပိုမိုခိုင်မာလာသည် ။ ဒီနေရာမှာသွေး ရှိနေသရွေ့ ဒီမြင်ကွင်းတွေကို မြင်နေရမှာပါဘဲ ။ ရှောင်လွှဲလို့မှ မရနိုင်တာလေ ။
    သွေး အံကိုတစ်ချက်ကြိတ်လိုက်ပြီး အသံမတုန်အောင် သတိထားပြီး စကားပြောလိုက်ပေမဲ့ အသံက အဖျားခတ်တုန်ခါသွားသေးသည် ။

    " သွေး ကားနောက်ကျတော့မယ်
မမနွေး ...လမ်းဖယ်ပေးပါဦး..."

      ခေါင်းငိုက်စိုက်နဲ့ ရပ်နေတဲ့ မမနွေးကို ရှောင်ကွင်းပြီး ထွက်ဖို့ ပြင်လိုက်သည်။ နွေးက သွေးရှောင်လိုက်တဲ့ဘက်ကို ခြေလှမ်းရွေ့ကာ ပိတ်ရပ်လိုက်ပြီး သွေး မျက်နှာကို ကြည့်သည် ။

" ပြဿနာဖြစ်တဲ့ အကြောင်းရင်းရှိရင် ဖြေရှင်းရမဲ့ နည်းလမ်းလည်း ရှိပါတယ် သွေးရယ်... ဘာတွေ ဖြစ်ခဲ့တာလဲ မမနွေးကို ပြောပြပါလား...ဘယ်သူမှန်မှန် ဘယ်သူမှားမှား မမနွေးက ကိုယ့်ညီမဘက်ကဘဲ ရပ်တည်ပေးမှာ...ခုလိုဖြေရှင်းတာက နည်းလမ်းကောင်း မဟုတ်ပါဘူး ညီမလေးရယ်..."

"ခုချိန်မှာ မှန်တာတွေ မှားတာတွေ သွေး မစဉ်းစားချင်ဘူး မမနွေး...ဒီနေရာမှာ ဆက်နေဖို့ သွေး စိတ်က ဘယ်လိုမှ အဆင်မပြေတော့လို့ပါ...သွေးကို မတားပါနဲ့တော့... တစ်နေ့နေ့တော့ သွေး အိမ်ပြန်လာမှာပါ..."

"ဘယ်သွားမလဲဆိုတာတော့ မမနွေးကို အသိပေးမယ်မလား ညီမလေး... "

" ဟုတ်ကဲ့ မမနွေး...သွေး ရန်ကုန်ကို သွားမှာပါ...ရန်ကုန်မှာ သွေးတို့သူငယ်ချင်းတွေ အိမ်ခန်း

ငှားပြီး စုနေကြတာရှိတယ်...အဲ့ဒီမှာနေပြီး သွေး သင်တန်းတွေ တက်မယ်...သူငယ်ချင်းတွေနဲ့အတူ အလုပ်တစ်ခုခုလုပ်ဖို့လည်း တိုင်ပင်ထားပြီးသားပါ... သွေး နေမဲ့လိပ်စာကို ပေးခဲ့မှာပါ ...ပြီးတော့ ဖုန်းနံပါတ်လည်း မပြောင်းဘူး ...fb အကောင့်လည်း မပြောင်းဘူး...အိမ်မှာ လောလောဆယ် မနေတော့တာကလွဲလို့ သွေး အရင်အတိုင်းဘဲ ရှိနေမှာပါ..."

       ဆက်တားနေလည်း မထူးတော့မှန်း သိတာမို့ နွေး လမ်းဖယ်ပေးလိုက်သည် ။လှေကားကနေ လေးပင်စွာနဲ့ တလှမ်းခြင်း ဆင်းသွားတဲ့ သွေး ကိုလိုက်ကြည့်နေရာက  လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ ဖုန်းကိုဖွင့်ပြီး ဝေ လို့ မှတ်ထားတဲ့ နံပါတ်တစ်ခုကို ဖုန်းခေါ်လိုက်သည် ။

•••°°°•••°°°•••°°°•••°°°•••°°°•••°°°•••°°°

    ဝေ လက်ထဲကဖုန်းကို အိပ်ရာပေါ် ပစ်တင်ခဲ့ပြီး အိမ်အောက်ထပ်သို့ ကမန်းကတန်း ပြေးဆင်းလာခဲ့သည် ။ ထွက်သွားတော့မယ် ။ ထွက်သွားတော့မယ်တဲ့လား ။ ကလေးကလေ ။ မမ နဲ့ အဝေးဆုံးကိုလေ ။ မမကို မုန်းလို့ ၊ မမြင်ချင်တော့လို့ ထွက်သွားတော့မယ်ပေါ့ ။ လှေကားကနေ ပြေးဆင်းနေတဲ့ တလျောက်လုံး ဘာကိုမှ မမြင်နိုင်အောင် ဝေ့  အမြင်အာရုံကို မျက်ရည်တွေက ဖုံးကာထားသည် ။ ကျင့်သားရနေတဲ့ ခြေလှမ်းတွေရဲ့ ခေါ်ဆောင်မှုကြောင့်သာ ဝေ အိမ်ရှေ့ကို ရောက်လာခဲ့တာ ။

    ခြံတံခါးကို တွန်းဖွင့်လိုက်တာနဲ့ ဝေဝါးနေတဲ့ အမြင်အာရုံထဲကို ဝင်လာတာက ကားတစ်စီး ။ ပြီးတော့ ကားနောက်မှာရပ်ပြီး ပစ္စည်းတွေကို ကားနောက်ခန်းထဲ ထည့်နေတဲ့ လူတစ်ယောက် ။ အဲ့ဒီလူဘေးမှာ ရပ်နေတဲ့ ပုံရိပ်လေးကို ထင်ထင်ရှားရှားမြင်သာအောင် ဝေ့ မြင်ကွင်းကို ဖုံးကွယ်နေတဲ့ မျက်ရည်တွေကို လက်ဖမိုးနှစ်ဖက်နဲ့ ဖိပွတ်ဖယ်ရှားလိုက်မိသည် ။

       ဟူဒီအနက် ဂျင်းဘောင်းဘီအနက်နဲ့ ပုသေးသေးကောင်မလေးက ဝေ ရပ်နေရာဘက်ကို ကျောခိုင်းထားသည် ။ အဲ့ဒီကားကြီးက ဝေ နဲ့ ဝေးရာကို ကလေးကို ခေါ်ဆောင်သွားတော့မှာပေါ့ ။ ဟင့်အင်း မဟုတ်ဘူး ။ ကိုယ့်အတွေးကိုယ် ချက်ခြင်းပင် ငြင်းဆန်ပစ်လိုက်မိသည် ။ ကားကြီးက ကလေးကို ဝေ နဲ့ဝေးအောင် ဖန်တီးတာမဟုတ် ။ ဝေ တို့တကယ်ဝေးကြရမယ်ဆိုရင် အဓိက တရားခံက ဝေ့ကလေးရဲ့ အထင်လွဲနေတဲ့ စိတ်ကြောင့်သာ ဖြစ်မည် ။ အလွဲတွေဆိုတာ ပြန်တည့်လို့ ရပါတယ်ကလေးရေ ။ လွဲနေတာတွေ ပြန်တည့်ဖို့ အမှန်မြင်ဖို့တော့ လိုတာပေါ့ ။

" ကလေး...ဝါရွှေသွေး..."

      ခရီးဆောင်အိတ်ကို ကားထဲထည့်နေတာ ရပ်ကြည့်နေစဉ် သွေး နဲ့ ခပ်လှမ်းလှမ်းက ထွက်

လာတဲ့ခေါ်သံ ။ အသံက  တိုးတိမ်အက်ကွဲနေပေမဲ့ သွေး သေသေချာချာကို ကြားရပါသည် ။

     အရမ်းချစ်မိသွားလို့ သေလောက်အောင်မုန်းရတဲ့ မိန်းမ ။

    သွေး နောက်လှည့်ကြည့်ချင်စိတ်ကို အတင်းထိန်းလိုက်ရသည် ။ မဖြစ်ဘူး ။ လှည့်မကြည့်နဲ့ ။ ခုချိန်မှာ ဘယ်သူတားတား သွေးရဲ့ ဆုံးဖြတ်ချက်ကို မပြင်နိုင်တော့ပေမဲ့ မိန်းမတစ်ယောက်ရဲ့မျက်ရည်စို မျက်ဝန်းတွေကို မြင်လိုက်ရရင် သွေးရဲ့ဆုံးဖြတ်ချက်တွေ ပြောင်းပြန်ဖြစ်ကုန်လိမ့်မယ် ။ လှည့်မကြည့်နဲ့ ။ ကိုယ့်ကိုယ်ကိုယ် သတိပေးနေရင်း သွေး လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး စိတ်တင်းထားရလို့ တစ်ကိုယ်လုံး တုန်ရီလာသည် ။

    အိမ်ထဲကထွက်မလာခင် ဧည့်ခန်းမှာ ထိုင်နေတဲ့ ဖေဖေနဲ့မေမေကို သွေး ကန်တော့တော့ မေမေက မျက်ရည်တွေ ကျနေတာကလွဲလို့ ဘာမှမပြော။ ဖေဖေကတော့ သွေးကိုမကြည့်ဘဲ မျက်နှာကို တဖက်လွဲပြီး လေသံမာမာနဲ့
"မင်းအမှား မင်းသိတဲ့တစ်နေ့ ကိုယ့်အမှားကို ဝန်ချတောင်းပန်ချင်စိတ်ပေါ်လာတဲ့တစ်နေ့ကျ
ရင် ပြန်လာပေါ့ကွာ....မိဘရင်ခွင်ဆိုတာ သားသမီးတွေအတွက် ဘယ်တော့မှ ပိတ်မထားတဲ့ တံခါးပေါက်ဘဲဆိုတာ အမြဲအမှတ်ရပါ သွေး..." လို့ပြောပြီးတာနဲ့ ထထွက်သွားသည်။

     ဆုံးဖြတ်ချက်ကို ပြန်မပြင်တော့ဘူး ဆိုပေမဲ့ သွေး နောင်တတော့ ရချင်ချင် ။ သွေးပူတုန်း ဝုန်းဒိုင်းနဲ့ ဆုံးဖြတ်ပစ်လိုက်ပေမဲ့ သွေး နည်းနည်းအေးလာတော့ မိသားစုကို ခွဲချန်ထားရစ်ခဲ့ရမှာ ဝန်လေးလာသလိုလို ။ တစ်သက်လုံး မိဘအရိပ်အောက်မှာ အေးချမ်းစွာနေခဲ့ပြီးမှ လူနှစ်ယောက်ကြောင့် အေးချမ်းမှုတွေ အားလုံးကို စွန့်ခဲ့ရတော့မှာ။ အဲ့ဒီတွေဝေမှု အားလုံးကို မြင်ကွင်းထဲက ဖျောက်မရတဲ့ ပုံရိပ်တွေက ရိုက်ချိုးပစ်လိုက်သည် ။

     သိပ်ချစ်ခဲ့ဖူးတဲ့ အချစ်ဦးနဲ့ ထပ်ချစ်မိတဲ့ ချစ်သူ ။ အဲ့ဒီအတွေးပေါ်လာတိုင်း သွေး ရဲ့ စိတ်တွေ ကယောက်ကယက် ။ ဆုံးဖြတ်ချက်တွေ ကပြောင်းကပြန် ။ခုချိန်မှာ အချစ်ဦးကို တမ်းတနေသေးတာလားလို့ မေးရင် ထိုသူက သွေး ဖြတ်သန်းခဲ့တဲ့ လမ်းခရီးက မိုင်တိုင်လေးတစ်တိုင်အဖြစ်နဲ့ လမ်းခုလပ်မှာ ကျန်ခဲ့ပါပြီ ။ခုချိန်မှာ သွေးအတွက် အချစ်ဦးဆိုတာ ဘယ်တော့မှ ပြန်မရောက်ဖြစ်တော့မဲ့ အတိတ်လမ်းဟောင်းပေါ်က အမှတ်တရ ဖြတ်သန်းခဲ့ဖူးတဲ့  မိုင်တိုင်လေးတစ်တိုင်မျှသာ ။  သွေးရဲ့ဘဝ ခရီးလမ်းမှာ ပန်းတိုင်က မမ ဆရာမ ။သွေး ပန်းတိုင်ကို ရောက်အောင် သွားနိုင်မှသာ ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုရမည် ။ ကိုယ့်ရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူနိုင်မည် ။ ကိုယ့်ရဲ့ အောင်မြင်မှုရလဒ်အတွက် ရရှိလာမဲ့ ဆုလဒ်ဖြစ်တဲ့ မမ ဆရာမရဲ့ အချစ်ကို သွေး နှလုံးသားရဲ့အိမ်ဦးခန်းမှာ တသက်လုံး အမြတ်တနိုးထားမည် ။ခုတော့ တွေးဖူးခဲ့သမျှက အိပ်မက်များသာ ။ အိပ်မက်က နိုးထခဲ့ရတော့   သွေး ပန်းတိုင်ပျောက်သွားခဲ့ပါပြီ ။

     ကားတံခါးပိတ်လိုက်တဲ့ အသံကြောင့် သွေး မတ်မတ်ရပ်ပြီး စိတ်လွင့်နေရာက ပစ္စုပ္ပါန်ကို ပြန်သတိရလာသည် ။ခုတော့ စိတ်ကူးပန်းတိုင်နဲ့ဝေးရာကို ပြေးရပေတော့မည် ။  သွေး ခြေလှမ်းတွေကို ရွေ့လိုက်သည် ။

     လူက ရှေ့ကို ရွေ့နေပေမဲ့ စိတ်ကတော့ နောက်နားမှာ ရပ်နေတဲ့ လူတစ်ယောက်ဆီကို အပြေးသွားနေသည် ။ ရင်ခွင်ထဲ အတင်းတိုးဝင်ဖက်တွယ်ပြီး ဘာလို့ဒီလိုလုပ်ရတာလဲ ။
ဘာလို့ ရက်စက်ရတာလဲ ။ ဘာလို့နောက်ကျောကို ဓားနဲ့ထိုးရတာလဲ ။ ဘာလို့ အနီးကပ် အချစ်ကို မမြင်ရတာလဲ ။ ဘာလို့ သွေးရဲ့စိတ်ထဲ ဟိုးအနက်ရှိုင်းဆုံးထိ ဝင်လာရတာလဲ ။ ဘာလို့ ပန်းတ်ိုင်ဖြစ်မပေးနိုင်ဘဲနဲ့  ဆုကိုပြရတာလဲ ။  ဘာလို့ အမြဲသီးခံ အလိုလိုက်ပြီး ဆိုးသမျှ ခံနေရတာလဲ ။ ဘာလို့လဲ ။ ဘာလို့ခုလို အသံတိတ်ရက်စက်ရတာလဲလို့ မေးမေးပြီး လက်လှမ်းမီသမျှ ထုရိုက်ပစ်ပြီး အစွမ်းကုန်ပေါက်ကွဲငိုကြွေးပြီး တသားတည်းဖြစ်အောင် ဖက်ထားပြီး ရင်ဖွင့်ပစ်လိုက်ချင်သည် ။ ပေါက်ကွဲပစ်လိုက်ချင်သည် ။ ပြီးရင်တော့ ဘာမှမဖြစ်ခဲ့ကြသလို အရင်လိုလေးဘဲ ပြန်နေကြမယ်လေ ။

     စိတ်ကူးထဲမှာ စကားလုံးတွေ ရာထောင်မကပေမဲ့ တကဲ့လက်တွေ့မှာတော့ နုတ်ခမ်းကို တင်းတင်းစေ့ပြီး ကားထဲဝင်ထိုင်ဖို့ ခြေလှမ်းပြင်လိုက်သည် ။

" ကလေး...မြန်မြန်ပြန်လာပါနော်...."

    ရှိုက်သံစွက်နေတဲ့ အသံလေး ။ ခရီးယာယီထွက်မဲ့သူကို ကြိုလွမ်းနေတဲ့ ပူဆာသံလိုမျိုးလေး ။ ဒါဘဲလား ။ မသွားပါနဲ့လို့ မတားဘူးလား ။ ခင်ဗျားတားကြည့်ခဲ့ရင် ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ သွေး တကယ်ဘဲ သိချင်ပါရဲ့ မမ ဆရာမရယ် ။ ခုတော့ ။ သွေး ကားပေါ်ရောက်တာနဲ့ ကားတံခါးပိတ်သံ ဂျိန်းခနဲက သွေးတို့ ဝေးသွားကြပြီလို့ အသ်ိပေးလိုက်သံလိုလို ။ နေရစ်ခဲ့တော့ မမ ဆရာမ ရေ ။ နောက်လှည့်ကြည့်ချင်စိတ်ကို အတင်းထိန်းလိုက်ပေမဲ့  မမနွေးက မမဆရာမဆီကို ပြေးသွားပြီး မမ ဆရာမက မမနွေးကို လှမ်းဖက်လိုက်တာ ကားနောက်ကြည့်မှန်ထဲကနေ  မြင်နေရသည် ။ သွေး မျက်ဝန်းကို တစ်အားမှိတ်ပစ်ပြီး ဟူဒီခေါင်းဆောင်းကို မျက်နှာတစ်ဝက်ထိအုပ်အောင် ဆွဲဆောင်းပစ်လိုက်သည် ။အတိတ်ကို ပြည်ဖုံးကား ချခဲ့ချင်ပါရဲ့ ။  အားလုံးကို မေ့နိုင်တဲ့ တစ်နေ့ကျ ပြန်တွေ့ကြတာပေါ့ ။ ကားလေးက တငြိမ့်ငြိမ့်ထွက်ခွာလာခဲ့ပေမဲ့ ကားပေါ်ပါလာသူတစ်ယောက်ရင်ထဲမှာတော့ လှိုင်းထန်နေသည် ။

     မတော်တဆများ နောက်လှည့်ကြည့်မိရင် ဝရန်တာမှာ ရပ်ပြီး ထွက်သွားတဲ့ကားကို လှမ်းမျော်ကြည့်နေတဲ့ မျက်ဝန်းနှစ်စုံနဲ့ လမ်းမပေါ်မှာရပ်ပြီး ကားလေးပျောက်ကွယ်သွားတဲ့အထိ ရပ်ငေးနေတဲ့ မျက်ဝန်းနှစ်စုံကို တွေ့ရပေလိမ့်မည် ။

•••°°°•••°°°•••°°°•••°°°•••°°°•••°°°•••°°°

      "အိမ်ထဲဝင်ကြရအောင်ဝေ...နွေး လိုက်ပို့ပေးမယ်...လာ... "

     အစ်မအရင်း ဖြစ်သူထက် ကိုယ်က ပိုကဲသလို ဖြစ်နေပြီလားလို့ ဆင်ခြင်မိပေမဲ့ ဝေ့ ခန္ဓာကိုယ်ထဲမှာ အားအင်တွေကုန်ဆုံးနေပြီ ။ ကားနောက်မီးနီနီလေး ပျောက်ကွယ်သွားတာနဲ့ ဝေ လမ်းပေါ်ကို တအိအိညွှတ်ခွေ ကျသွားသည် ။ နွေး တွဲထူခေါ်ဆောင်ရာသို့ အားတင်းလိုက်ပါလာရင်း ဘယ်တော့ခမ်းခြောက်မလဲမသိနိုင်တဲ့ မျက်ရည်တွေက ပါးပြင်မှတဆင့် အင်္ကျီရင်ဘတ်ပေါ်ကို သည်းကြီးမဲကြီး ခုန်ဆင်းကျနေသည် ။

"တော်ပါတော့ သမီးရယ်...နေ့နေ့ညည ငိုနေတာပင်ပန်းလှပါပြီကွယ်...
ဘာဖြစ်ခဲ့ကြတာလဲမေး
တော့လည်း မဖြေဘူး..."

    ဝေ့ မေမေက အိမ်ထဲကနေ ဝေ့ကို ဆီးကြိုတွဲကူရင်း ခပ်တိုးတိုး ရေရွတ်သည် ။ နွေးက သားအမိနှစ်ယောက်ကို ကြည့်ပြီး အားနာနေမိသလို အံ့လည်းအံ့သြရသည် ။ဒီလောက်ထိ အိမ်ထဲဝင်ပြီး သောင်းကျန်းဖျက်ဆီးသွားတာ ခံရတာတောင် စိတ်ဆိုးဟန်မပြ။  တစ်ခုခုအမှားလုပ်ထားမိလို့  ဝေက သွေးကို အပြစ်မဆိုချင်ရင်တောင် ဝေ့ မေမေကတော့ သူ့အိမ်ပိုင်နက်ထဲ ကျူးကျော်စော်ကားလာသူကို စိတ်ဆိုးသင့်သည် မဟုတ်လား ။ ခုတော့ သွေးကို တစ်စက်လေးမှ အပြစ်မဆိုတဲ့ ဝေ့မေမေပါ ။ နွေးရှေ့မှာမို့ မဟုတ်ဘဲ ကွယ်ရာမှာပါ ဘာမှပြောဆိုပုံမရ ။

  အိပ်ခန်းထဲထိ ဝေ့ကို တွဲပို့ပြီးတော့ ဝေ့မေမေပြန်ဆင်းသွားသည် ။ ဝေ က အရုပ်ကြိုးပြတ်သလို အိပ်ယာပေါ်မှာ ပုံပုံလေးလဲနေသည် ။ အဖြစ်သည်းလိုက်တာလို့ နွေး အပြစ်မဆိုချင် ။ သွေးနဲ့ ဝေ့ကြားက နက်ရှိုင်းတဲ့ သံယောဇဉ်ကို နွေး မြင်တွေ့ကြားသိနေရတာကြောင့် ဝေ့ကို နှစ်သိမ့်စရာ စကားစတို့လည်း ပျောက်ဆုံးနေသည် ။  အခန်းထဲမှာ ဝေ့ဆီက ရှိုက်သံတိုးတိုးလေးသာ ပျံ့လွင့်နေသည် ။ သူ့ကိုကြည့်ပြီး နွေးပါ ရင်ဘတ်တွေ အောင့်လာတဲ့ အထိပင် ။

   " မငိုပါနဲ့တော့ဝေရယ်...ဝေ့ကိုကြည့်ပြီး နွေးပါပင်ပန်းလာပြီ...တိတ်တော့နော်...ဘာတွေ
ဖြစ်ခဲ့..."

"အထင်လွဲတာပါ...နွေးညီမလေးက ဝေ့ကို အထင်လွဲသွားတာ... "

     နွေး စကားမဆုံးခင် ဖြတ်ပြောလိုက်တဲ့ လေသံတိုးဖွဖွ ။ ရှိုက်သံတစ်ဝက်နဲ့ ပြောတာကြောင့်

ဝေ့ စကားကို အဓိပ္ပါယ်ပေါက်အောင် မနည်း နားစိုက်ထောင်ရသည် ။ နွေး မေးခွန်းမေးဖို့ နုတ်ခမ်းဟလိုက်စဉ်မှာပင် ဝေ့ ဆီက အသံထပ်ထွက်လာသည် ။

"သူသေချာမကြည့်လို့သာ မမြင်တာပါ...သူက တစ်ခြားတစ်ယောက်ဆီ ရောက်နေတယ်လို့ ထင်တဲ့ ဝေ့ အချစ်တွေက သူ့တစ်ယောက်တည်းကို အပိုင်ပေးထားတာ သူ မသိဘူး ...သူမသိလို့သာ... သူ ဝေ့စိတ်ကို မမြင်လို့သာ အခြေအနေတွေက ခုလိုရှုပ်ထွေးကုန်တာ...သူ မသိတာပါ..သူ့ကို ဝေက... ဝေက သိပ်ချစ်တာ သူမသ်ိလို့ပါ... "

    စကားသံ ခပ်တိုးတိုးကို နားစိုက်ထောင်နေရင်း နွေး အံ့သြကာ စိတ်လှုပ်ရှားလာသည် ။ ဘာလဲ ။ ဘာတွေလဲ ။ နွေး က သွေးကို အမှတ်တမဲ့ စခဲ့ဖူးသလို တကယ်ဖြစ်လာပြီလား ။ သမီးချည်း နှစ်ယောက် မွေးထားတဲ့ နွေး တို့ မိဘတွေက ချွေးမရတော့မှာလား ။ ယောက်ျားဆန်ဆန်နေတတ်တဲ့ သွေး နုတ်ကနေ ခုလိုစကားမျိုး ကြားရရင် နွေး အံ့သြမိမှာ မဟုတ်ပေမဲ့ အင်မတန်မှ အနေအေး တည်ကြည်ပြီး မိန်းမပီသတဲ့ နူးညံ့သိမ်မွေ့တဲ့ ဝေ့ နုတ်ဖျားကနေ ခုလိုစကားမျိုး ကြားရတော့ နွေး ရှော့ခ်ရကာ ကြက်သေသေနေမိသည် ။ အချစ်ဆိုတာကြီးကဘဲ ဆန်းကျယ်တာလား ။ လူ့စိတ်တွေကဘဲ ထူးခြားဆန်းပြားနေတာလား နွေး လိုက်မမီတော့ ။

" အဲ့ဒါဆို သွေးထွက်သွားတာကို ဘာလို့...ဘာလို့ မတားတာလဲ...ပြီးတော့ ဝေ့ ဝေ့ အချစ်ကို ဘာလို့ အသိမပေးလိုက်တာလဲ.  ..ဝေ ကရော သူ့ကို ဘယ်လိုအချစ်မျိုးနဲ့ ချစ်တာလဲ..."

   နွေးရဲ့ ထိတ်လန့်အံ့သြနေတဲ့ အသံကို ကြားရမှ ဝေ လည်း သတိလက်လွတ် ရေရွတ်နေခဲ့မိသမျှကို လွန်သွားပြီဟု တွေးလိုက်မိသည် ။ သူ့ကို ဝေ ချစ်နေတာ၊ ညီအစ်မလို မဟုတ်တဲ့ မေတ္တာတွေနဲ့ သူ့အပေါ် နှောင်တွယ်နေတာ သူကလွဲလို့ အားလုံးသိကုန်ကြတော့မှာပါလား ။ ကလေးရယ် ။ မမ ရင်ထဲကို မြင်စေချင်လိုက်တာကွယ်။

"ဟင်လို့ ဝေ ...ဝေ့ ကလေးကို ထွက်မသွားဖို့ ဘာလို့မတားလိုက်တာလဲလို့...ဝေ သာတားခဲ့ရင်... "

" ဟင့်အင်း နွေး...ဝေ သူ့ကို မတားပါဘူး... မတားရက်ပါဘူး နွေးရယ်...သူ လုပ်ချင်တာ သူဖြစ်ချင်တာ ဘာမဆို လိုက်လျောပေးဖို့ ဝေ့ ဘက်က အဆင်သင့်ပါ...ဝေ သူ့ကိုချစ်တာ ပုံစံခွက်ထဲ သွန်းလောင်းပြီး လိုသလိုပုံသွင်းပြီး သိမ်းထားချင်တဲ့ ချစ်ခြင်းမျိုးနဲ့ ချစ်တာမဟုတ်ဘူး...သူ့လမ်းသူဖောက်ပြီး ငြိမ့်ငြိမ့်လေး စီးဆင်းသွားတဲ့ စမ်းချောင်းကို ငေးကြည့်နေရသလို သူ့လွတ်လပ်မှုလေးကို  ငေးနေချင်တာ...ဝေ တို့က နီးစပ်ဖို့ မဖြစ်နိုင်တဲ့ ဘဝ တွေပါ နွေးရယ်...သူ့ကိုချစ်နေရတယ်ဆိုတဲ့ အသိလေးနဲ့တင် ဝေ့ စိတ်ထဲ သူနဲ့နီးနေပြီးသားမို့  သူ အနီးမှာရှိရှိ အဝေးမှာရှိရှိ အရေးမကြီးပါဘူး...သူက အချိန်တိုင်း ဝေ့ စိတ်ထဲမှာ ရှိနေလို့ သူနဲ့ ဝေ ဘယ်တော့မှ မဝေးပါဘူး နွေးရယ်...ပြီးတော့ အတူရှိနေရရင်လည်း ပေါင်းစပ်ဖို့ ဖြစ်နိုင်တဲ့ ဘဝတွေမှ မဟုတ်တာ..."


     ချစ်နေပါလျက်နဲ့ အချစ်ကို ထုတ်မပြဘဲ အထင်လွဲပြီး ဝေးဝေးပြေးသူနဲ့ အချစ်ကို ချစ်တယ်လို့ ဝန်မခံဘဲ မြိုသိပ်ပြီး ငေးနေတဲ့သူ ။
ပြီးတော့ ပိုင်ဆိုင်ဖို့ ကြိုးစားခဲ့ကြရင်တောင် တစ်ယောက်ဘဝထဲ တစ်ယောက် ဝင်နေဖို့ မလွယ်တဲ့ ချစ်ခြင်း ။ အခုလို အနေဝေးသွားတာဘဲ ကောင်းပါတယ် ။ မျက်ကွယ်မှာဆိုတော့ အချိန်ကြာရင် သွေးအေးသွားကြမှာလို့တွေးပြီး နွေး စိတ်ထဲ လေးလံကာ ငေးမှိုင်နေမိသည် ။ 

*•°*•°*•°*•°*•°*•°*•°*•°*•°*•°*•°*•°*•°

အခ်စ္ဦးကသူ... အခ်စ္ဆံုးက မင္း...( အချစ်ဦးကသူ... အချစ်ဆုံးက မင်း... )Where stories live. Discover now