part...12

7.3K 637 121
                                    

    
အပိုင်း..၁၂

       မှောင်မည်းတိတ်ဆိတ်နေတဲ့ ညသန်းခေါင်အချိန် ။ လူအများအိပ်စက်နေကြပေမဲ့အိပ်ပျော်ခြင်းကို ဖိတ်ခေါ်မရသူတစ်ဦးကတော့ အိပ်ရာ ထက်မှာဟိုလူးသည်လှိမ့် ။ အတွေးပေါင်းစုံက မှိတ်ကျချင်နေတဲ့ မျက်ခွံတံခါးကို ဆွဲဆွဲဖွင့်သည် ။  မျက်ဝန်းမှိတ်လိုက်တိုင်း အတွေးထဲမှာ 

ပေါ်လာတဲ့ ပုံရိပ်တွေ ။

    မျက်ခွံတစ်ချက် ပိတ်ကျတိုင်း နုတ်ခမ်းရဲရဲလေးက ပြုံးပြလိုက် ၊ စံပယ်တင်မှည့်နက်ကလေးက ပြုစားလိုက်၊ ဆံနွယ်ရှည်တွေက စိတ်ကိုနှောင်ဖွဲ့ထားလိုက်၊ အကြောစိမ်းလေးတွေ ယှက်သန်းနေတဲ့ လည်တိုင်ကလေးက ညှို့ငင်လိုက်၊ ခြေသလုံးဝင်းဝင်းလေးက တစ်လှမ်းချင်း လှမ်းဝင်လာလိုက် ။

” အား…… ”

ခေါင်းအုံးထဲမှာ မျက်နှာကို တအားအပ်ပြီး အသံကုန်အော်ဟစ်ပစ်လိုက်မိသည် ။ သွေး ရူးတော့မယ် မမ ဆရာမရေ ။
စွဲလန်းစိတ်ဆိုတာ လူကိုသိပ်ဒုက္ခပေးတာဘဲ။ အစွဲအလန်းကြီးတဲ့သွေးက လမင်းကို တံချူနဲ့ချူနေတဲ့ ကလေးငယ်လို။ မရနိုင်မှန်းသိရဲ့နဲ့ လိုချင်နေပြီး မဖြစ်နိုင်တဲ့အရာကို ကြိုးစားကြည့်ချင်နေတာ ။

   သွေးက မျက်နှာများတဲ့သူ မဖြစ်ချင်လို့ ချဉ်းကပ်လာတဲ့ သူတိုင်းကို လက်မခံခဲ့ပါ ။ တစ်ယောက်ဆိုတစ်ယောက် စွဲမြဲချင်လို့ ၊ အချစ်ဦးနဲ့လက်ထပ်တဲ့သူက တစ်ယောက်တည်း ဖြစ်ချင်လို့၊ ဒီတစ်ယောက်ကိုဘဲ လက်ကမ်းပြီး ဒီတစ်ယောက်နဲ့ဘဲ ရိုးမြေကျချင်လို့အစ်ကို့ကို သွေးရဲ့ ချစ်ဦးသူ အဖြစ်ကော လက်တွဲဖော်အဖြစ်ပါ သွေး တစ်ဘဝစာ ရည်ရွယ်ခဲ့တာ ။ခုတော့ ။

     သွေး စိတ်ကို သွေး   အံ့သြရသည် ။ လူတယောက်ကို နှစ်နှစ်ကာကာချစ်နေပြီး အချိန်ပြည့် လွမ်းဆွတ်နေတဲ့ နှလုံးသားက ဘာလို့များအပြောင်းအလဲ မြန်ရတာလဲ ။ နှလုံးသားဆိုတာ သာရာကို ယိမ်းတတ်သလား ။သူမချစ်တော့ရင်နေ။ ငါ့ဘက်ကတော့ ဆက်ချစ်နေဦးမှာဆိုတဲ့  စိတ်ကလေးက ဘယ်နေရာမှာ ကျပျောက်သွားပြီလဲ ။  သွေး ကို မချစ်တော့ဘူးဆိုတဲ့ အစ်ကို့စိတ်ကို သွေး နားလည်ပေးနိုင်လာသလိုလို ။ အစ်ကို့ကို သွေး ခွင့်လွှတ်နိုင်လာသလိုလို။

       တကယ်တော့ ဘယ်လောက်ဘဲ မြဲအောင်ချည်ထားတဲ့ကြိုးဖြစ်ပါစေ ချည်တဲ့ပုံစံနဲ့ ချည်ရမဲ့နေရာမမှန်ရင် အလွယ်တကူ ပြန်ပြေတာဘဲ ။ သွေး နဲ့အစ်ကို ချည်ခဲ့တဲ့ ကြိုးကလေးက နေရာမမှန်လို့ မြန်မြန်ပြန်ပြေသွားတာပါလို့ သွေး ဖြေတွေးတွေးတတ်နေပါပြီ ။ အစ်ကို့ကို မေ့ပြီလားလို့မေးလာရင် သွေး မမေ့သေးပါလို့ဖြေပါမည် ။ မချစ်တော့ဘူးလားလို့ မေးလာရင် သွေးမှာ အကောင်းဆုံးအဖြေဆိုတာ မရှိသေး ။

     ဒါပေမဲ့ မမ ဆရာမအနားမှာ နေရတာ ကျေနပ်တဲ့စိတ် ၊ နေပျော်တဲ့စိတ်၊ မမ ဆရာမရဲ့ အယုအယ အကြင်နာတွေ အပေါ်မှာ သာယာတတ်တဲ့စိတ်ကိုတော့ သွေး ဖျောက်ဖျက်လို့မရ။


သွေးကဘာလဲ မမ ဆရာမက ဘာလဲဆိုတာ သိနေရက်နဲ့ သွေး မမ ဆရာမအပေါ်မှာ ပျော်ဝင်နေတဲ့စိတ်ကို ဖျောက်ဖျက်လို့မရ ။ မမ ဆရာမကို ချစ်လားဆိုရင် ခပ်သွက်သွက် ခေါင်းညိတ်မည် ။ အစ်မလိုလားဆိုရင် ခေါင်းခါမည် ။ မမနွေး ဘေးမှာ ရှိနေချိန်နဲ့ မမ ဆရာမနားမှာ ရှိနေချိန် ခံစားချက်တွေက သိပ်ကို ကွားခြားပါသည် ။ ချစ်လားဆိုရင် မမ ဆရာမကို သွေး သိပ်ချစ်တာဘဲ ။

    ခုတော့ သွေး ထပ်ချစ်မိတဲ့သူက လက်တွဲဖော်အဖြစ် ရွေးခြယ်လို့ မရမဲ့သူ။ မိသားစုအသိုင်းအဝိုင်းကို ဂုဏ်ငယ်စေမဲ့ ပတ်သက်မှုမျိုး ။ ဆရာမ တစ်ယောက်ကို၊ ပြီးတော့ ဘဝတူ မိန်းမသား တစ်ယောက်ကိုမှ နှစ်နှစ်ကာကာ ချစ်မြတ်နိုးမိလို့ နောက်ဆက်တွဲ ရလာမဲ့ အကျိုးဆက်ကတော့ မြိုသိပ်ဖုံးဖိထားရခြင်းပါဘဲ ။

    ဘဝပေါင်းများစွာ ကို အလင်းပြပေးနေတဲ့ ဆရာမတစ်ယောက် သူများတံတွေးခွက်မှာ ပက်လက်မျောရမဲ့ အဖြစ်ကို သွေး ရှောင်ကြဉ်ရမည်လေ ။ ပြီးတော့ မမ ဆရာမ ။ ပတ်ဝန်းကျင်ကို ရင်ဆ်ိုင်နိုင်တယ်ဘဲထားဦး မမ ဆရာမက သွေးသူ့အပေါ်ထားတဲ့ သဘောထားကို သိသွားရင် သွေးကို မုန်းသွားတော့မှာ ။ အထင်သေးသွားမှာ  ။ ရွံ့ရှာသွားမှာ ။ ပြီးတော့ ရှောင်ဖယ်သွားတော့မှာ ။ စကားတစ်ခွန်းကို တစ်သက်လုံးမပြောဘဲ မြိုသိပ်ထားရတာ ပင်ပန်းပေမဲ့ ကိုယ့်ချစ်သူမျက်နှာကို တွေ့ခွင့်မရတော့မှာ ပိုပင်ပန်းတယ်မလား။

     မမ ဆရာမနဲ့တွေ့တိုင်း မျက်နှာလေးကို ငေးကြည့်နေရတဲ့ဘဝမှာဘဲ သွေး ပျော်အောင်နေပါတော့မယ်လေ ။  သေချာတာကတော့ သွေး နောက်ထပ် နောက်ထပ် ဘယ်သူ့ကိုမှ ထပ်မချစ်ချင်တော့ပါ ။ မမ ဆရာမ ဆိုတဲ့ အမျိုးသမီး တစ်ယောက်ကိုက လွဲလို့ပေါ့ ။

~~__~~__~~__~~__~~__~~

   "သွေး...ကလေး...နေမကောင်းဘူးလား...
မျက်နှာလေး နွမ်းလိုက်တာ... "

    ပြောပြောဆိုဆိုနဲ့ ဝေ သူ့နဖူးလေးကို အသာအယာ စမ်းကြည့်လိုက်မိသည် ။

"ကောင်းပါတယ် မမ ဆရာမရဲ့ ... ခုတလော သိပ်အိပ်မပျော်လို့...”

    သူ့နဖူးပေါ်က ဝေ့လက်ကို ခပ်ဖွဖွဆုပ်ကိုင်ပြီး ဝေ့မျက်နှာကို မော့ကြည့်ကာ တိုးတိုးလေးဖြေတဲ့ကလေး ။ တကဲ့ကို မျက်ကွင်းတွေညိုပြီး

မျက်နှာလေးကလည်း ပိန်ကျသွားလိုက်တာ ။ နွမ်းလျလျမျက်နှာလေးကို ဝေ ဂရုဏာသက်စွာ ငုံ့မိုးကြည့်နေမိသည် ။

”အိပ်မပျော်ရအောင် ဘာတွေများ စဉ်းစားနေတာလဲ ကလေးရယ်...ဘာမှလျောက်မတွေးနဲ့နော်...အရာရာက ဖြစ်ချိန်တန်ရင်ဖြစ်ပြီး ပျက်ချိန်တန်ရင် ပျက်သွားကြတာဘဲ...ကိုယ်မတတ်နိုင်တဲ့ အရာတွေအတွက် စိတ်ပင်ပန်းမခံပါနဲ့ ကလေးရယ်...”

ဝေ ပြောနေတာကို နားထောင်နေရင်း ခေါင်းတဆတ်ဆတ်ညိတ်ပြနေတဲ့ ကလေး ။ ဝေ့ ကို မော့ကြည့်လိုက်တဲ့ မျက်ဝန်းမှာ မျက်ရည်တွေဝဲလို့ ။  ဝေ့လက်ကို ဆုပ်ကိုင်ထားတာ မေ့လို့လား တမင်လားတော့မသိ ။ သူကလွှတ်မပေး။ ဝေ ကလည်းမရုန်းမိဘဲ သူ့လက်ကို ပြန်လည်ဆုပ်ကိုင်ပြီး လမ်းပေါ်မှာ ခပ်ဖြည်းဖြည်းလျောက်နေမိကြသည် ။ ဒီလက်ကလေးကို ဝေ့တစ်သက် မလွှတ်ချင်တော့ပါ ။

ဒီကလေး ပျော်နေတာကို ဝေက အမြဲကြည့်နေချင်တာ ။ တစ်နေ့က ဝေ့ အိပ်ခန်းထဲမှာ သူ့ အစ်ကိုအကြောင်း ဝေ့ကို ရင်ဖွင့်ပြီးကတည်းက ဒီကလေး မျက်နှာမကောင်းတာ ။ ကလေးကို အရိပ်တကြည့် နေသူဆိုတော့ ဝေသိတာပေါ့ ။ အဲ့ဒီလူကိုသာ ဝေ နုပ်နုပ်စဉ်းပစ်ချင်နေသည် ။ ဘာလို့များ ဒီကလေးကို နှိပ်စက်ရတာလဲ ။ ဒါ ကြွားစရာလည်း မဟုတ်ဘဲနဲ့ ။ ကိုယ့်ကို အချစ်မပြယ်သေးတဲ့ လူတစ်ယောက်ရှေ့မှာ သူ့ရဲ့အတွင်းစိတ်ကိုလည်း မြင်နေပါလျက်နဲ့ အဲ့ဒီလူရှေ့မှာ အချစ်သစ်တွေ့နေကြောင်း ပြောထွက်တဲ့ပါးစပ်ကို တော်တော်အံ့သြပါသည် ။ ဒါဟာ ယောက်ျားပီသတဲ့ လူတစ်ယောက်ရဲ့ စိတ်ဓာတ်တဲ့လား ။ ရုပ်နဲ့မှမလိုက် စိတ်ဓာတ်က အောက်တန်းကျလိုက်တာ ။

ဝေ့ဘေးက ကလေးကို ငဲ့ကြည့်မိပြန်တော့ ဟိုလူကြောင့် ထွက်နေတဲ့ ဒေါသအမျက်တွေက ရေထိမီးလို ဟုတ်ခနဲ ငြိမ်းကျသွားသည် ။  သူ့အစ်ကို ထပ်တွေ့တဲ့ အချစ်သစ်က ဝေ ဆိုတာကိုသိရင် ဒီကလေး ဘယ်လောက်ထိရှက်ပြီး သိမ်ငယ်သွားလိုက်မလဲ ။ အို...။ ဝေ့ ကလေးလေးကိုတော့ စိတ်ဒဏ်ရာ မရစေချင်ပါ ။

မမ ကလေးရဲ့ စိတ်ဒဏ်ရာတွေကို မမက အကောင်းဆုံး ကုသပေးမှာ ။ ကလေးဘဝမှာ ချစ်ခဲ့ဖူးတဲ့ သစ္စာမရှိတဲ့ မျက်နှာများတဲ့ အချစ်ဦးကို မေ့သွားတဲ့အထိ မမရဲ့ အချစ်တွေနဲ့ ခြုံလွှမ်းထားပေးမှာ ။ ကလေးလေးရဲ့ ညှိုးနွမ်းနေတဲ့စိတ်ကို မမအချစ်တွေနဲ့ ပြန်လည်လန်းဆန်းစေမှာ ။

  တစ်ခုဘဲကလေးရေ။  မမကလည်း မိန်းမသားဖြစ်လို့ ကလေးမနှစ်သက်မှာ ။ မမရဲ့ အချစ်ကို ကလေးသိသွားရင် ရှက်ရွံ့ပြီး မမရဲ့ အဝေးကို ထွက်ပြေးသွားမှာတော့  မမကြောက်တယ် ။ မမရဲ့ ကလေးလေးကို မမက  အရိပ်မိုးပြီး တစ်သက်စာ စောင့်ရှောက်ပေးချင်ပေမဲ့ မိုးထားတဲ့ အရိပ်

အောက်ကို ကလေးက ခိုဝင်လာချင်မှလေ  ။

    အတွေးတွေနဲ့ စိတ်ပင်ပန်းရတာ မောလှပါပြီကွယ် ။  စိတ်အေးလက်အေးနဲ့ ပူပင်သောကတွေ မရှိမဲ့ စာမေးပွဲကြီးပြီးချိန်ကို မြန်မြန်ရောက်ချင်နေပါပြီ ။

       လမ်းက ရှည်လျားလွန်းသည်လား ။ ခြေလှမ်းတွေကဘဲ နှေးကွေးလွန်းနေသည်လား ။ ဝေတို့ အတူလျောက်နေတဲ့ ခရီးတိုလေးက  ခုထိလိုရာကို မရောက်သေး ။  ရှေ့တူရူကို တည့်တည့်ကြည့်ပြီး လျောက်နေတဲ့ ကလေးရဲ့လက်ကို ပို၍တင်းကြပ်စွာ ဆုပ်ကိုင်လိုက်တော့  ဝေ့ခြေလှမ်းတွေမှာ အားအင်တွေ ပိုပြည့်လာသလို ခံစားရသည်။

~~~~_____~~~~_____~~~~

   လမ်းမကြီးဘက်ကို ငေးနေတဲ့ သူ့မြင်ကွင်းထဲကို တိုးဝင်လာတဲ့ ပုံရိပ်ကို သူကြည့်နေမိသည် ။ လက်တွဲပြီး ခပ်ဖြည်းဖြည်း လမ်းလျောက်နေတဲ့ မိန်းကလေးနှစ်ယောက် ။ တလောကလုံးမှာ သူတို့နှစ်ယောက်ဘဲ ရှိနေသလို အေးအေးဆေးဆေး သာသာယာယာ။ မသိရင် ခုမှ ချစ်စခင်စ စုံတွဲ အသစ်စက်စက်တွေလို ။ တစ်ယောက်ကိုတစ်ယောက် ခိုးငေးလိုက် စကားတွေ ပြောလိုက် ။ ထိုမြင်ကွင်းကို ကြည့်နေရင်း သူ့ရင်ထဲမှာ စိုးရိမ်စိတ် ဖြစ်ပေါ်လာသည် ။ အဝေးကနေ မြင်နေရတာတောင် ထိုနှစ်ယောက်ရဲ့ မျက်ဝန်းထဲက အရိပ်တွေ။ ဘာရယ်လို့ ဝေခွဲရ ခက်ပေမဲ့ ထိုအမျိုးသမီးနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်နေတဲ့ အကြည့်တွေကို မြင်တော့ သူ ကြောက်လာသည် ။

    လက်လွတ်လိုက်ရမှာ ။ သူ ချစ်တဲ့ အမျိုးသမီးကို လက်လွတ်လိုက်ရမှာ သူကြောက်လာသည် ။ ကောင်မလေးနှစ်ယောက် လက်တွဲလမ်းလျောက်နေတဲ့ မြင်ကွင်းမျိုးက သူ့ ပတ်ဝန်းကျင်မှာ သူသွားလေရာမှာ မြင်ဖူးနေကြ မြင်ကွင်းမျိုးဖြစ်ပေမဲ့ အခုနှစ်ယောက်ကို ကြည့်ရတာ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်တဲ့ အကြည့်တွေကို မြင်နေရတာ သူ့စိတ်ထဲ သက်တောင့်သက်သာ ဖြစ်မနေ ။ ဘာကိုမှန်းမသိ စိတ်ထဲစိုးရိမ်နေမိသည် ။

     မဖြစ်တော့ဘူးမဝေ ။ ကျွန်တော် မဝေကို လက်လွှတ်ဆုံးရှုံးရမှာ ကြောက်တယ် ။ ဒီအတိုင်းငေးကြည့်နေလို့ မဖြစ်တော့ဘူး ။ အနေနီးရင် ချစ်လာမှာဘဲ ။  ကျွန်တော့လက်ထဲ မဝေရောက်လာမှ မဝေ ကျွန်တော့်ကိုချစ်လာအောင် ကျွန်တော့်အချစ်တွေနဲ့ ဖြားယောင်းစည်းရုံးမယ် ။ အခုလောလောဆယ် မဝေက ကျွန်တော့် လူဖြစ်ဖို့ အရေးကြီးနေပြီ။

~~••~~••~~••~~••~~••~~••

     အချိန်အခါမဟုတ် မြူတွေအုံ့ဆိုင်းပြီး ချမ်းအေးတိတ်ဆိတ်နေတဲ့နေ့ ။ ကလေးတွေကတော့ တစ်နှစ်ပတ်လုံး ထမ်းပိုးလာရတဲ့ ဝန်ထုပ်ကြီး ပြုတ်ကျသွားလို့ ပေါ့ပါးလွတ်လပ်သွားပေမဲ့ ဆရာ ဆရာမတွေ အတွက်ကတော့ ဆက်ပြီး ထမ်းဆောင်ရမဲ့ တာဝန်တွေ၊ မပြီးပြတ်သေးတဲ့ အလုပ်တွေက တန်းစီနေလို့ အနားမရသေး ။

"ဝေ...ရာသီဥတုက အရမ်း အေးနေတယ်...အအေးထဲ ရပ်စောင့်မနေနဲ့တော့...လာ..အစ်မနဲ့လိုက်ခဲ့...အစ်မပြန်ပို့ပေးမယ်...."

"ရတယ်အစ်မရေ...သွေး လာကြိုရင် လွဲနေမှာစိုးလို့ မလိုက်တော့ဘူး...ကျေးဇူးပါ...."

    ထိုကဲ့သို့ ငြင်းဆိုမှုကြောင့် သိပ်မကြာခင်မှာ ကိစ္စတွေ ရှုပ်ထွေးသွားမယ်ဆိုတာသာသိခဲ့ရင် ဝေ မငြင်းဘဲ လိုက်သွားမိမှာ ။ကျောင်းရှေ့မှာ နှင်းမြူတွေကြားထဲ အေးအေးချမ်းချမ်းနဲ့ ကုပ်ကုပ်လေးရပ်ပြီး သွေး လာအကြိုက်ို စောင့်နေရာက အချမ်းပြေ အညောင်းပြေအောင် လမ်းလျောက်ရင်း လမ်းထိပ်ထွက်စောင့်ဖို့ စိတ်ကူးလိုက်မိသည် ။ ကုတ်အင်္ကျီရင်ဘတ်ကို ဆွဲစိလိုက်ပြီး ပခုံးလေးကြုံ့ကာ ခပ်သွက်သွက်လျောက်နေတဲ့ ဝေ ။

     ဝေ နဲ့ မလှမ်းမကမ်းကနေ ကားတစ်စီး ဘီးလှိမ့်ရုံမောင်းပြီး နောက်က လိုက်လာတာ သတိမထားမိ ။

   "တီ...တီ...."

    အနီးကပ်ပြီး ရုတ်တရက် ကျယ်လောင်စွာ ထွက်လာတဲ့ ဟွန်းသံကြောင့် ဝေ လန့်ပြီး လမ်းဘေးသို့ ကပ်လိုက်ရာ လမ်းဘေးက ချိုင့်ခွက်ကို နင်းမိကာဟန်ချက်ပျက်ပြီး ဝေ့ကိုယ်လေး မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားရသည် ။ လက်ထဲက ထမင်းဂျိုင့်ခြင်းလေးက ဝေ့လက်ထဲကနေ လွတ်ကျပြီး ခြင်းထဲက ပစ္စည်းတွေ လွင့်စင်ထွက်ကျကုန်သည် ။

"ဟာ...မဝေ...ဘာဖြစ်သွားလဲ...ဘယ်နားနာသွားလဲဗျ....ကျွန်တော့်ကားနဲ့တော့ မတိုက်မိပါဘူးနော်..."

     စိုးရိမ်တကြီး အသံနဲ့အတူ ကားထဲကထွက်လာတဲ့ လူကိုတွေ့လိုက်ရတော့ ဝေ့ ဒေါသတွေ ငယ်ထိပ်တက်သွားလေပြီ ။

"ရှင်နဲ့မဆိုင်ပါဘူး...တိုက်လည်းမတိုက်မိဘူး...
စိတ်ပူမနေပါနဲ့...ရှင်နဲ့အလွတ်ကြီး...ကိုယ့်လမ်းကိုယ်သွားပါ..."


      အနည်းငယ် နာသွားတဲ့ ခြေမျက်စိနားကို လက်နဲ့ဖိရင်း ဝေ့လက်မောင်းကို
လာရောက်ထိကိုင်တော့မဲ့လက်ကို ဝေ ပုတ်ထုတ်ပစ်လိုက်သည် ။

"ဟာ...ကျွန်တော်က စေတနာနဲ့ပါ မဝေရယ်...မြူကျပြီး အစောကြီးမှောင်နေလို့ မဝေကို အိမ်ပြန်ပို့ပေးမလို့ ....မြို့ထဲကနေ အပြေးပြန်လာတာပါ..."

"မလိုပါဘူး...ဝါရွှေသွေး လာကြိုလိမ့်မယ်...ခုချိန်ဆို လာနေလောက်ပြီ..."

"မဟုတ်တာ မဝေရယ်...လေတွေလည်းတိုက်ပြီး ဒီလောက်အေးခဲနေတာ ...ဘယ်အချိန်ထိ သူ့ကိုစောင့်မလို့လဲ...လာမကြိုတော့ဖို့ ဖုန်းဆက်လိုက်ပါ...ကျွန်တော် လိုက်ပို့ပါရစေ..."

    မဝေ ဘယ်လောက်ငြင်းငြင်း ကျွန်တော် မရရအောင်ခေါ်မှာ မဝေ ။ ခုအချိန်ကို ကျွန်တော်အကြာကြီး စောင့်ခဲ့ရတာ ။ မဝေ တစ်ယောက်တည်း အဖော်မရှိမဲ့ အချိန်ကိုလေ ။ ဒီအခွင့်အရေးကို ကျွန်တော် လက်လွတ်မခံဘူး  ။

    "ခြေထောက်နာသွားတာလား မဝေ...မထနိုင်ဘူးလား..."

   သူပြောပြောဆိုဆို  သူမကိုယ်လေးကို ပွေ့ချီဖို့ ကြိုးစားလိုက်သည် ။

    "ကျွန်မကို မထိနဲ့ မင်းအံ့မော်...ဖယ်..."

    သူမကိုယ်ကို ထိတွေ့လိုက်တဲ့ လက်ကို သူမ တွန်းထိုးဖယ်ရှားနေပေမဲ့ အားခြင်းမမျှတာကြောင့် သူမကိုယ်လေး သူ့လက်ထဲ စွေ့ခနဲ ပါသွားရသည် ။

"ရှင် ဘာလုပ်တာလဲ...လွှတ်...လွှတ်စမ်း...ကျွန်မ လမ်းလျောက်နိုင်တယ်...အောက်ချပေး..."

   ရုန်းကန်နေပေမဲ့ အချည်းနှီးသာ။ ဝေ့ ခန္ဓာကိုယ်လေးက သူ့လက်ထဲမှာ အရုပ်လေးတစ်ရုပ်လို ပါသွားရသည် ။

"ကျွန်တော်ဒီလိုအချိန်ကို စောင့်နေတာ ကြာပြီမဝေ...ကျေးဇူးပြုပြီး ငြိမ်ငြိမ်လေး လိုက်ခဲ့ပါ...ကျွန်တော် မဝေကို အိမ်ပြန်မပို့တော့ဘူး... "

"ဟင်...ရှင်...."


ဝေ အတင်းရုန်းကန်ရင်း သူ့လည်ပင်းနဲ့ မျက်နှာကို အားရှိသလောက်နဲ့ ကုတ်ခြစ်ထုရိုက်နေမိသည် ။ သူက မျက်နှာကို ဘေးဘယ်ညာသို့ လွဲကာ ဝေ့ လက်သည်းချက်တွေကို ရှောင်လွှဲရင်း ဝေ့ ကိုယ်လေးကို တံခါးအသင့်ဖွင့်ထားတဲ့ ကားရှေ့ခန်းထဲသို့ ထည့်သည် ။

    သူမကိုယ်လေး ထိုင်ခုံပေါ်သို့ အရောက်မှာ လမ်းထဲသို့ ချိုးကွေ့ဝင်လာတဲ့ ဆိုင်ကယ်တစ်စီးရဲ့ စက်သံနဲ့အတူ ဆိုင်ကယ်မီးရောင်ကို မြင်လိုက်ရသည် ။ မမှောင်သေးပေမဲ့ မြူတွေကြောင့် မှုန်မှိုင်းနေလို့ မီးဖွင့်မောင်းလာတဲ့ ဆိုင်ကယ်ကို ခါးဆန့်ကြည့်ရင် သူပြုံးလိုက်မိသည် ။ သူ့ အာရုံထဲမှာ တွဲချိတ်ထားနဲ့ လက်နှစ်ဖက်နဲ့ နက်ရှိုင်းတဲ့ အကြည့်တွေကို ပြန်မြင်ယောင်လာသည် ။ မင်းရောက်လာတာ အချိန်ကောင်းဘဲ ဝါရွှေသွေးရေ ။ မင်းတို့ကြားက သံယောဇဉ်ကြိုးကို ဖြတ်ချရမှာစိတ်တော့မကောင်းပါဘူး ။

"သွေး....ကလေး... "

    ရင်းနှီးနေတဲ့ ဆိုင်ကယ်စက်သံကြောင့် ဝေ အားကိုးတကြီးနဲ့ သူ့ကလေးကို လှမ်းအော်လိုက်မိသည် ။ သို့သော် ဝေ့အသံက အကျယ်ကြီး ထွက်ခွင့်မရလိုက် ။ ဝေ့ နုတ်ခမ်းနား ထိလာတဲ့ နုတ်ခမ်းတစ်စုံကြောင့် ဝေ ကြောက်လန့်စွာ ဦးခေါင်းကို ခါရမ်းရှောင်လွဲလိုက်မိသည် ။

   "ဘာတွေလဲ....ဒါဘာလုပ်နေတာလဲ...မမ ဆရာမ..."

      ဒေါသတကြီး အော်ဟစ်လိုက်သံက တိတ်ဆိတ်နေတဲ့ လမ်းမတစ်လျောက်ပြန့်လွင့်သွားသည် ။
ဝေ အတင်းရုန်းနေပေမဲ့ ထိုလူသားက ဝေ့ ပခုံးတွေကို အတင်းဖိနှိပ်ထားကာ ခါးဆန့်ပြီး ကားအပြင်ကို လှမ်းကြည့်လိုက်သည် ။

"မြင်နေတာတောင် ဘာလုပ်နေတာလဲလို့ မေးနေရသေးလား ညီမလေးရဲ့...ကိုယ့်ချစ်သူကို ကိုယ် အိမ်တိုင်ရာရောက် လိုက်ပို့မှာမလို့ စိတ်မပူဘဲ ပြန်နှင့်ပါ...သြော်...ကိုယ် တကယ်ချစ်မိသွားတဲ့သူက ဘယ်သူဆိုတာ အခုလောက်ဆို ညီမလေး သိလောက်ပါပြီနော်...ဝေ က ပြောပြဖို့ ရှက်နေတာ..."

"ကလေး...မဟုတ်ဘူးကလေး...သူပြောတာ တစ်ခုမှမဟုတ်ဘူး ...မမကို ကယ်ပါဦး...ဒီကောင် လူယုတ်မာ သူလျောက်ပြောနေတာ..."

     ဝေတို့  ပြောသမျှကို အသိစိတ် လွတ်နေသူလို ပြူးကြောင်ကြည့်နေပြီးမှ  ဆိုင်ကယ်စက်

နိုးပြီး အကြမ်းအရမ်းမောင်းထွက်သွားသည် ။

"သွေး ...သွေးရေ... ကလေး...မဟုတ်ဘူး ...မမကို မထားခဲ့ပါနဲ့...ကလေး ထင်သလို မဟုတ်ပါဘူး..."
 
    သွေးကို အော်ခေါ်နေရင်း ဝေ့အသံလေး တိုးတိမ်သွားရသည် ။ မင်းအံ့မော်ကတော့ အောင်နိုင်သူ အပြုံးနဲ့ တဖြည်းဖြည်းဝေးသွားတဲ့ ဆိုင်ကယ်ကို လိုက်ကြည့်နေသည် ။

     ခုဏက ချိုင့်ခွက်ကို တက်နင်းမိပြီး ဝေ့ကို ဟန်ချက်ပျက် လဲကျစေခဲ့သည့် နှစ်လက်မ ဒေါက်ဖိနပ်လေးက ခုတော့ ဝေ့ ကယ်တင်ရှင် ဖြစ်ရပြန်လေပြီ ။ ကားထဲကနေ ကိုယ်တပိုင်းထွက်နေတဲ့ ဝေ့ကို ပိတ်ရပ်ထားတဲ့ သူ့ ညှို့သကျည်းကို ဝေ အားကုန်သုံးပြီး ကန်ထည့်လိုက်သည် ။ သူ့ ခြေထောက်ကို လက်နဲ့ အုပ်ပြီး ကုန်းကုန်းကွကွ ကျန်ခဲ့တဲ့ သူ့ကို ဝေ လှည့်မကြည့်ဘဲ ထိုနေရာမှ အားကုန်သုံးပြီး ထွက်ပြေးလာခဲ့သည် ။


**••• **••• **••• **••• **••• **•••

အခ်စ္ဦးကသူ... အခ်စ္ဆံုးက မင္း...( အချစ်ဦးကသူ... အချစ်ဆုံးက မင်း... )Where stories live. Discover now